Thursday, March 5, 2015

တံခါးကို ဆွဲမပိတ်မိစေဖို့

၂၀၁၅ အထွေထွေရွေးကောက်ပွဲကို အထွေထွေ သပိတ်တိုက်ပွဲများဖြင့် ကြိုဆိုနေကြပြီလားလို့ မေးယူရလောက်အောင်ပင် ကျောင်းသား သပိတ်၊ လယ်သမားသပိတ်၊ အလုပ်သမား သပိတ်များက နေ့စဉ်မပြတ် ကြားလာနေရသည်။ ကောင်းသည့်လက္ခဏာတော့ မဟုတ်ချေ။

ဆိုလိုသည်မှာ သပိတ်များကို ရည်ညွှန်းလိုခြင်း မဟုတ်ပါ။ သပိတ်များဖြစ်ပေါ်လာရအောင် လမ်းခင်း ပေးသလို ဖြစ်စေသည့် အခြေအနေအရပ်ရပ်ကိုသာ ရည်ညွှန်းလိုခြင်း ဖြစ်ပါသည်။



သပိတ်များဖြစ်ပေါ်လာရအောင် လမ်းခင်းပေးသလိုဖြစ်စေသည့် အခြေခံအကြောင်းအရင်းများ ကိစ္စကတော့ အပြန်အလှန် အငြင်းပွားဖွယ်ဖြစ်ပါသည်။ တချို့ကတော့ လက်ရှိအစိုးရအပေါ် ပုံချကြပြီး တချို့က တော့ လိုလားချက်၊ နစ်နာချက်များတောင်းဆိုကြသူများရဲ့ အလွန်အကျွံလုပ်ရပ်များကို လက်ညှိုးထိုးကြသည်။ မည်သည့်အတွက်ကြောင့်ပင်ဖြစ်စေ ယခုလို ဒီမိုကရေစီအပြောင်းအလဲ ကာလမျိုးတွင် သပိတ်တိုက်ပွဲများ ပေါ်ပေါက်လာရသည်မှာ သဘာဝကျသည့်အပြင် နိုင်ငံရေးအရ ချိန်ခွင်ညှာ ထိန်းညှိနိုင်ရေးနှင့် ပြည်သူများ နိုးကြားစေရေး တွန်းအားဖြစ်စေသည်ကတော့ အသေအချာပင်ဖြစ်သည်။

သပိတ်များသည် အထွေထွေ မကျေနပ်မှုများ၊ နစ်နာမှုများကြောင့် ဖြစ်ပေါ်လာခြင်းဖြစ်သည်။ မိသားစု နစ်နာမှုမှအစ လူတန်းစားအလိုက် နစ်နာမှုများအတွက် နစ်နာသူများ၊ မကြေနပ်သူများသည် အစပထမပိုင်း၌ သက်ဆိုင်ရာဌာနအလိုက် အဆင့်အသီးသီး ဖြတ်သန်းသည့်နည်းကို မသုံးဘူးမဟုတ်။ သုံးခဲ့ကြပါသည်။ ရပ်ကွက်လူကြီးကအစ မြို့နယ်၊ တိုင်း၊ ဗဟိုအထိ တက်ရောက်တင်ပြ တိုင်ကြားခြင်းအထိ မလုပ်မဟုတ် လုပ်ခဲ့ကြပါသည်။

နောက်ဆုံးတွင် ထိုနည်းလမ်းအရ ဆောင်ရွက်သည်ကို လျစ်လျူအရှုခံရသောအခါ သပိတ်မှောက်မှု များ၊ ဆန္ဒဖော်ထုတ်မှုများဖြင့် ထုတ်ဖော်ပြောဆိုရသည်အထိ ဖြစ်လာရတော့သည်။ ထို့ကြောင့် သပိတ်တိုက်ပွဲ များ၊ ဆန္ဒဖော်ထုတ်မှုများသည် တရားအရဆိုလျှင် မှန်ကန်သည့်လုပ်ရပ်ဖြစ်သည်ဟု ယူဆကြပါသည်။

သပိတ်များဖြစ်ပေါ်လာသည့်အခါ တာဝန်ရှိသူများသည် မည်ကဲ့သို့တုန့်ပြန်အရေးယူ ဆောင်ရွက်ဖို့ လိုအပ်သနည်း။ ဖိနှိပ်ဟန့်တား ဖြိုခွင်းသည့်နည်း တစ်နည်းတည်းကိုသာ ကိုင်စွဲထားလျှင်မူ ထိုနည်းမှာ ခါးတောင်းကျိုက်တခြား၊ ဖင်တခြား လုပ်ရပ်သာဖြစ်ပေမည်။

အဘယ်ကြောင့်ဆိုသော် လူ့သမိုင်း၌ ဖိနှိပ်ဖြိုခွင်း သည့်နည်းဖြင့် လူတို့၏ မကျေနပ်မှုနှင့်နစ်နာမှုများ ပပျောက်သွားအောင် မည်သည့်အခါကမျှ ဆောင်ရွက်လို့ မရနိုင်ဆိုသည်မှာ သက်သေအထင်အရှားရှိပြီး ဖြစ်သည်။

အချိန်အကန့်အသတ် တစ်ခုအဖြစ်သာ မြင်ကွင်းမှ ပျောက်ကွယ်သွားခဲ့ရပြီး နောင်တချိန်တွင်မူ သည့်ထက်ပိုမိုကြီးမားသည့် သပိတ်တိုက်ပွဲများ ပေါ်ပေါက် လာရမည်သာ ဖြစ်သည်။ အဆုံးစွန်ဆုံးပြောရလျှင် အစိုးရများသာ ပြောင်းသွားမည်၊ လူပုဂိုလ်များသာ ပြောင်းသွားမည်၊ သပိတ်များက ပြောင်းလဲသွားကြလိမ့်မည် မဟုတ်ချေ။

ဤပြဿနာများ ပြေလည်သွားစေရေး ဆောင်ရွက်ကြရာတွင် အစိုးရဘက်က တာဝန်ရှိသူများ အပေါ်တွင်သာ လုံးလုံးတာဝန်ရှိနေသည်ဟူသော အယူအဆမှာ ပြည့်စုံခြင်းမရှိပါ။ ဆန္ဒပြတောင်းဆိုသူများ ဘက်ကလည်း တံခါးပေါက်တစ်ခု ဖွင့်ပေးထားရန်လိုအပ်သလို တာဝန်ရှိသူများဘက်ကလည်း တံခါးတစ်ပေါက် မလွဲမသွေ ဖွင့်ပေးထားရပေလိမ့်မည်။

ယင်းတံခါးပေါက်မှာ သည်ပြဿနာကို တွေ့ဆုံဆွေးနွေးညှိနှိုင်း အဖြေရှာသည့်နည်းမှတစ်ပါး အခြားမရှိ ဆိုသည့် တံခါးပေါက်ပင်ဖြစ်သည်။ ထိုတံခါးပေါက်မှတစ်ဆင့် နှစ်ဦး နှစ်ဘက် လက်ခံနိုင်ဖွယ်အချက်များ ရအောင်ရှာဖွေကာ ပြဿနာကို နိဂုံးချုပ်စေရမည်သာဖြစ်သည်။

ထို့ကြောင့် အစိုးရတာဝန်ရှိသူများဘက်မှဖြစ်စေ၊ ဆန္ဒဖော်ထုတ်ကြသူများဘက်မှဖြစ်စေ တံခါးကို အသေဆွဲပိတ်လိုက်သည့်အပြုအမူ အပြောအဆို အတွေးအခေါ်များ မပြုမိကြဖို့ လွန်စွာအရေးကြီးကြောင်း တင်ပြလိုက်ရပါသည်။

Mizzima

No comments:

Post a Comment