Tuesday, March 10, 2015

ရဲတပ်ဖွဲ့ အဆင့်မြှင့်တင်ရေး တရုတ်ထံမှ ကျပ် ၄၄ ဘီလီယံကျော် ချေးမည်

မြန်မာနိုင်ငံရဲတပ်ဖွဲ့များကို အဆင့်မြှင့်တင်ရန်အတွက် တရုတ်နိုင်ငံ တရုတ်ပို့ကုန်သွင်းကုန်ဘဏ် (EXIM Bank of China) ထံမှ ကျပ် ၄၄,၈၀၁ သန်း (ယွမ် ၂၄၆ သန်း) ကို ချေးယူသွားမည် ဖြစ်ကြောင်း ပြည်ထဲရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်မှူးချုပ် ကျော်ဇံမြင့်က ပြောကြားသည်။

တစ်နှစ်လျှင် အတိုးနှုန်း ၄ ဒသမ ၅ ရာခိုင်နှုန်းဖြင့် ဆိုင်းငံ့ကာလ ငါးနှစ်၊ ပြန်ဆပ်ကာလ ၁၅ နှစ်ဖြင့် သက်တမ်း ၂၀ နှစ်ဖြစ်ကြောင်း ယနေ့ပြုလုပ်သည့် ပြည်ထောင်စုလွှတ်တော်၊ (၁၂) ကြိမ်မြောက် ပုံမှန်အစည်းအဝေးတွင် ၎င်းက ရှင်းလင်းတင်ပြခဲ့သည်။



ပြည်သူများ လုံခြုံဘေးကင်းစွာ နေထိုင်နိုင်ရေးနှင့် တရားဥပဒေစိုးမိုးရေး အတွက် မြန်မာနိုင်ငံရဲတပ်ဖွဲ့ကို တိုးချဲ့ခြင်း၊ အသစ်ဖွဲ့စည်းခြင်းများ လုပ်ဆောင်နေကြောင်း၊ ယင်းအတွက် ခေတ်မီလုပ်ငန်းသုံး စက်ကိရိယာများ ဝယ်ယူဖြည့်တင်းရန်နှင့် လေ့ကျင့်သင်ကြားပေးရန်အတွက် ယခုကဲ့သို့ ချေးယူရန် လိုအပ်ခြင်း ဖြစ်ကြောင်း ၎င်းက ရှင်းလင်းပြောဆိုသည်။

ယခုချေးယူသည့် ငွေပမာဏသည် မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ လိုအပ်ချက်အရ ချေးယူခြင်းဖြစ်ပြီး ကူးသန်းရောင်းဝယ်ရေး ချေးငွေအမည်ဖြင့် ချေးယူခြင်းဖြစ်ကြောင်း ဘဏ္ဍာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်က လွှတ်တော်သို့ လာရောက်ဖြေဆိုသည်။

ယင်းသို့ တရုတ်နိုင်ငံထံမှ ချေးယူရေးနှင့် ပတ်သက်၍ ရခိုင်အမျိုးသားပါတီ ဥက္ကဋ္ဌ ဒေါက်တာအေးမောင်က “၅၁ သန်းကို လက်ညှိုးထိုးပြီးမှ နိုင်ငံကြီးကို အပေါင်ထားပြီးမှ ချေးတဲ့လုပ်ငန်းတိုင်းမှာ ဘာကြောင့်သုံးမှာလဲ။ ဘယ်လောက်ထိရောက်မှာလဲ။ တကယ်တမ်းသုံးဖို့ လိုအပ် မလိုအပ် ဒါတွေက ချေးတဲ့လူ၊ ခွင့်ပြုတဲ့ ပုဂ္ဂိုလ်တွေမှာ တာဝန်ရှိတယ်” ဟု The Voice သို့ ပြောကြားသည်။

နိုင်ငံတော် တည်ဆောက်ရေး လုပ်ငန်းများပေါ် ၎င်းအနေနှင့် ထောက်ခံသော်လည်း ရဲတပ်ဖွဲ့ အဆင့်မြှင့်တင်ရေး လုပ်ငန်းများသည် စီးပွားရေးလုပ်ငန်း မဟုတ်သည့်အတွက် အတိုးနှုန်း သက်သာသည့် နေရာများမှသာ ချေးယူသင့်ကြောင်း ၎င်းက ထပ်မံပြောဆိုသည်။
“အတိုးများများကို မချေးစေချင်ဘူး။ ၁ ရာခိုင်နှုန်း၊ ၂ ရာခိုင်နှုန်းလောက် ဆိုရင်တော့ သဘောတူတယ်” ဟု ၎င်းကဆိုသည်။

အဆိုပါ ချေးယူရေးကိစ္စကို ယခုမှ ရုတ်တရက် စီစဉ်ခြင်း မဟုတ်ဘဲ ၂၀၁၄ ခုနှစ် မတ်လအတွင်းက ပြဋ္ဌာန်းခဲ့သည့် ပြည်ထောင်စုလွှတ်တော် ဥပဒေအမှတ် ၁၈ ဖြင့် အတည်ပြုခဲ့ပြီး ဖြစ်ကြောင်း ဒုတိယဝန်ကြီးက ပြောကြားသည်။

ချေးငွေရရှိပါက ရဲတပ်ဖွဲ့အတွက် လုပ်ငန်းသုံး မော်တော်ယာဉ်ငယ်၊ ယာဉ်လတ်၊ ထရပ်ကား၊ ကင်းလှည့်ရေယာဉ်နှင့် ကမ်းတက်ရေယာဉ်ငယ်များ ဝယ်ယူဖြည့်တင်းသွားမည် ဖြစ်ကြောင်း ၎င်းက ဆိုသည်။

မြန်မာနိုင်ငံက တရုတ်နိုင်ငံမှ ၂၀၁၃ ခုနှစ်တွင် ချေးငွေကန်ဒေါ်လာ သန်း ၁၀၀၊ ၂၀၁၅ ခုနှစ်တွင် ချေးငွေ ကန်ဒေါ်လာ သန်း ၃၀၀ ချေးယူခဲ့ပြီး လက်ရှိတွင် ပြည်ပကြွေးမြီ ကန်ဒေါ်လာ ကိုးဘီလီယံကျော် ရှိနေသည်။

The Voice Weekly

No comments:

Post a Comment