Wednesday, March 18, 2015

အစ္စရေး ရွေးကောက်ပွဲတွင် လက်ရှိ ဝန်ကြီးချုပ် နေတန်ညာဟု ဆက်လက် အောင်ပွဲခံ


အကြိတ်အနယ် ရှိခဲ့သည့် အစ္စရေး ရွေးကောက်ပွဲတွင် လက်ရှိ ဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ညာဟု၏ ပါတီကပင် မထင်မှတ်ဘဲ အနိုင်ရရှိသွားကြောင်း အစ္စရေး မီဒီယာများက ဖော်ပြခဲ့သည်။


အစောပိုင်း ခန့်မှန်းချက်များအရ ဗဟိုလက်ဝဲယိမ်း ဇီယွန်နစ် ယူနီယံပါတီက ရွေးကောက်ပွဲတွင် အောင်မြင်မည်ဟု ခန့်မှန်းခဲ့ကြသော်လည်း ယခုအခါ ဝန်ကြီးချုပ်၏ လက်ယာယိမ်း လီကွတ်ပါတီကပင် အောင်ပွဲခံခဲ့ကြောင်း သိရသည်။

မဲအရေအတွက် အားလုံးနီးပါး ရေတွက်ပြီးချိန်တွင် လီကွတ်ပါတီသည် လွှတ်တော် အမတ်နေရာ (၁၂၀)အနက် (၂၉)ခုစာအတွက် အာမခံချက် ရရှိသွားပြီး ဇီယွန်နစ် ယူနီယံက အမတ်နေရာ (၂၄)ခုစာ ပိုင်ဆိုင်ခဲ့သည်။ အဆိုပါ ရလဒ်များကို အတည်ပြု ကြေညာပြီးပါက နေတန်ညာဟု ဦးဆောင်သည့် နောက်ထပ် ညွန့်ပေါင်း အစိုးရသစ် တစ်ရပ်ကို ဖွဲ့စည်းရမည် ဖြစ်သည်။ ယင်းအတွက် နေတန်ညာဟုသည် အခြားပါတီများ လာရောက်ပူးပေါင်းရန် ဖိတ်ခေါ်သွားဖွယ် ရှိသည်။

မတ် ၁၇ ရက်က တဲလ်အဗစ်ဗ် မြို့တော်တွင် မဲဆန္ဒရှင်များနှင့် တွေ့ဆုံရာ၌ နေတန်ညာဟုက မိမိသည် အစိုးရသစ်တစ်ရပ်ကို တစ်စုံတစ်ရာ ဆိုင်းငံ့မှု မရှိဘဲ အမြန်ဆုံး ဖွဲ့စည်းရန် စတင်ဆွေးနွေး ပြောဆိုနေပြီဟု ကြေညာခဲ့သည်။ ထို့အပြင် ယခု ရွေးကောက်ပွဲ ရလဒ်သည် လီကွတ်ပါတီအတွက် ခမ်းနားသော အောင်ပွဲတစ်ရပ် အဖြစ်လည်း ၎င်းက ညွှန်းဆိုခဲ့သည်။

ဇီယွန်နစ် ယူနီယံ၏ ခေါင်းဆောင်ဖြစ်ပြီး ဝန်ကြီးချုပ်ရာထူးအတွက် နေတန်ညာဟုနှင့်အပြိုင် ရွေးချယ်ခံခဲ့သည့် ယစ်ဇ်ဟက်ခ် ဟားဇော့က မိမိအနေဖြင့် အသစ်ဖွဲ့စည်းမည့် ညွန့်ပေါင်း အစိုးရအပေါ် ယုံကြည်မှု ရှိကြောင်း ဆိုသည်။ “ဒီနေ့ ကျွန်တော်တို့ဟာ မယုံနိုင်လောက်စရာ ခမ်းနားတဲ့ မှတ်တိုင်သစ်တစ်ခု စိုက်ထူနိုင်ခဲ့ပါတယ်။ အစ္စရေးမှာ လူတန်းစား အလွှာအသီးသီးက လက်တွေ့ကျကျ လက်ခံတဲ့ အစိုးရသစ်တစ်ရပ် ဖွဲ့စည်းနိုင်ဖို့ ကျွန်တော် အစွမ်းရှိသလောက် လုပ်ဆောင်သွားပါမယ်”ဟု ၎င်းက ပြောကြားခဲ့သည်။

မဲအားလုံး ရေတွက်ပြီးချိန်တွင် အစ္စရေး သမ္မတ ရူဗန်ရစ်ဗ်လင်းသည် အနိုင်ရသည့် ပါတီကို အစိုးရသစ် ဖွဲ့စည်းရန် အခွင့်အာဏ အပ်နှင်းမည် ဖြစ်သည်။ နေတန်ညာဟုသည် စတုတ္ထမြောက် ရွေးကောက်တင်မြှောက်ခံရပါက အစ္စရေးနိုင်ငံ သမိုင်းတွင် သက်တမ်း အရှည်ဆုံး ဝန်ကြီးချုပ်အဖြစ် မှတ်တမ်းဝင်လာမည် ဖြစ်သည်။

အစ္စရေးနိုင်ငံ၏ မဲပေးစနစ်အရ မည်သည့်နိုင်ငံရေး ပါတီကမျှ အပြတ်အသတ် အနိုင်ရရှိသော အခွင့်အရေးမျိုး မရရှိအောင် ထိန်းချုပ်ထားသည်။ မဲရေတွက်မှု အားလုံးနီးပါး ပြီးစီးချိန်တွင် အစ္စရေး-အာရပ် ပါတီများ စုစည်းထားသည့် အာရပ်ညွှန့်ပေါင်း အဖွဲ့ချုပ်က အမတ်နေရာ (၁၃)ခု ရရှိခဲ့သည်။ သို့သော်လည်း အဆိုပါ ပါတီသည် အစိုးရ အဖွဲ့အတွင်းတွင် ပါဝင်မည် မဟုတ်ဟု ဆိုသည်။

နေတန်ညာဟုက ၎င်းသည် စတုတ္ထသက်တမ်း ရွေးကောက်ခံရပါက ပါလက်စတိုင်းနိုင်ငံ လုံးဝ ဖြစ်တည်မလာအောင် လုပ်ဆောင်သွားမည်ဟု ကတိပြုခဲ့ပြီး ဇီယွန်နစ် ယူနီယံကမူ နှစ်နိုင်ငံ ပူးတွဲရပ်တည်သော ဖြေရှင်းမှုမျိုးကို ဦးတည်ပြီး ပါလက်စတိုင်းအပြင် နိုင်ငံတကာ အသိုက်အဝန်းနှင့် ဆက်ဆံရေးကိုပါ မြှင့်တင်မည်ဟု မဲဆွယ်ခဲ့ခြင်း ဖြစ်သည်။

_Ref: BBC

No comments:

Post a Comment