Monday, March 23, 2015

ဗိုလ်ချုပ် ထားခဲ့တဲ့ မူဝါဒ ဦးသိန်းစိန် ဘီဘီစီအင်တာဗျူး သုံးသပ်ချက်


(ဗိုလ်ချုပ် မူဝါဒ-ပြည်ပသြဇာ အလွှမ်းမခံရဖို့)
မကြာသေးမီက BBC က ထုတ်လွှင့်သွားတဲ့ ဦးသိန်းစိန်နှင့် အင်တာဗျူးတွင် သမ္မတအဖြစ် ရွေးကောက်ခံနိုင်ခွင့် ကန့်သတ်မှုသည် ၁၉၄၇ ဖွဲ့စည်းပုံ အတိုင်းဖြစ်သည်ဟု ဖြေကြားခဲ့မှုအား NLD ထောက်ခံသူများ တညံညံ ဖြစ်နေကြသည်။
၁၉၄၇ ဖွဲ့စည်းပုံတွင် ပြဌာန်းထားသည်မှာ -
၄၉ (က)။ ။ မိမိကိုယ်တိုင်သော်၎င်း၊ မိမိ၏ မိဘ နှစ်ပါးသော်၎င်း၊ ပြည်ထောင်စုနိုင်ငံတော်၏ အာဏာပိုင်နက်အတွင်း၌ မွေးဖွားခဲ့၍ ပြည်ထောင်စုနိုင်ငံသားလည်း ဖြစ်သော၊ ထို့ပြင်
(ခ) ပါလီမန်အမတ်အဖြစ် ရွေးကောက်တင်မြှောက်ခြင်း ခံရသည့် အရည်အချင်းနှင့် ပြည့်စုံသည်လည်း ဖြစ်သော ပုဂ္ဂိုလ်မျိုး မဟုတ်လျင် မည်သူမျှ နိုင်ငံတော်သမ္မတ ရာထူးအတွက် ရွေးကောက်ခြင်း ခံနိုင်ခွင့် မရှိစေရ။

ပါလီမန်အမတ် အဖြစ် ရွေးချယ်မခံနိုင်သူသည် ပုဒ်မ (၇၄) မှာ ဖေါ်ပြထားတာ အကျဉ်းချုံးတင်ပြရရင် (၃) ချက် ရှိပါတယ်၊
(၁) နိုင်ငံခြား အစိုးရ၏ လက်အောက်ခံ (သို့) နိုင်ငံသား မဖြစ်စေရ
(၂) လူမွဲအဖြစ် ကြေငြာခံထားသူ မဖြစ်စေရ
(၃) စိတ်ပေါ့သွတ်သူ မဖြစ်စေရ၊
သမ္မ ဦးသိန်းစိန် အနေဖြင့် ပုဒ်မ (၅၉) (စ) ကို ပယ်ဖျက်ရေးနှင့်ပတ်သက်၍ ဒေါ်အောင်ဆန်းစုကြည်၏ ဖခင် ဗိုလ်ချုပ်ကိုယ်တိုင် ချမှတ်သွားခဲ့သော လမ်းစဉ် ဖြစ်သည် ဟု ပြောကြားသွားခဲ့သည်။
ဦးသိန်းစိန်မှ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အဖြစ် နှစ်ရှည်လများ တာဝန်ထမ်းဆောင်ခဲ့သူ ဟင်နရီ ကစ်ဆင်ဂျားသည် သမ္မတဖြစ်ရန် အလားအလာ များစွာ ရှိသော်လည်း ဂျာမဏီတွင် မွေးဖွားခဲ့ခြင်းကြောင့် ဖြစ်ခွင့် မရှိဟု ထပ်မံ၍ ဥပမာပေး ပြောကြားသွားခဲ့သည်။
ယခုအခါ ၂၀၀၈ တွင် သမ္မတအရည်အချင်းကန့်သတ်ချက်နှင့် ၁၉၄၇ သမ္မတအရည်အချင်း ကန့်သတ်ချက်တို့ကို နှိုင်းယှဉ်၍ လိမ်ညာနေကြောင်း ဝေဖန်နေကြသည်။ ယင်းဝေဖန်မှုများ မှားပါသည်။
ရှင်းပါမည်။ ၁၉၄၇ အခြေခံဥပဒေ ပုဒ်မ ၇၄(၁)(က)တွင် “နိုင်ငံခြားအစိုးရ၏ ကျေးဇူးသစ္စာတော်ကို ခံယူစောင့်ရှောက်ရိုသေသူ၊ သို့တည်းမဟုတ် နိုင်ငံခြားအစိုးရ၏လက်အောက်ခံ ဖြစ်သူ၊ သို့တည်းမဟုတ် ထိုအစိုးရ၏နိုင်ငံသားဖြစ်သူ၊ သို့တည်းမဟုတ် ထိုအစိုးရ၏ လက်အောက်ခံ ဖြစ်သူသော်၎င်း၊ နိုင်ငံသားသော်၎င်း၊ ခံစားရသော အခွင့်အရေးများနှင့် ကျေးဇူးခံစားခွင့်များကို ခံစားနိုင်ခွင့် ရှိသူ ဟူ၍ ဖော်ပြထားသည်။
ထိုပုဒ်မ ပါလာသည့် နောက်ခံအကြောင်းအရာကို လူသိနည်းနေသေးသည်။ ထိုစဉ်က ဗိုလ်ချုပ်အောင်ဆန်းသည် နေ့ရောညပါ လွတ်လပ်ပြီးလျှင် မြန်မာနိုင်ငံ ဘယ်ပုံဘယ်နည်းသွားမည်ကို တိုင်ပင်ဆွေးနွေး နေကြချိန် ဖြစ်သည်။ ထိုစဉ်က ပင်ပန်းလှသဖြင့် ရေသာခိုပြီး အင်္ဂလိပ်အစိုးရထံမှ ငွေကြေးများ ရယူ၍ အင်္ဂလိပ်အကျိုးအတွက် ဆောင်ရွက် ကြိုးပမ်းနေကြသူများကြောင့် ဒေါသ ချောင်းချောင်းထွက်ခဲ့သည်။
ဤတွင် ဗိုလ်ချုပ်အောင်ဆန်းနှင့် ထိပ်ပိုင်းခေါင်းဆောင်အချို့ ဆွေးနွေးခဲ့ကြသည့် အကြောင်းအရာမှာ ယခုပင်လျှင် မလွတ်လပ်ခင်ကတည်းက နယ်ချဲ့ကိုလိုနီများ ထံမှ ငွေကြေးနှင့် အခွင့်အရေးများ ရယူလိုသူများ ရှိနေကြသည့်အတွက် လွတ်လပ်ပြီးသော်လည်း ထိုသို့ ဆက်လက်ချုပ်ကိုင်နေမည်ကို မလိုလား၊ ထို့ကြောင့် ယင်းသို့သော နယ်ချဲ့အားကိုး၊ ကိုလိုနီသစ္စာခံများကို လွှတ်တော်ထဲ၊ အစိုးရထဲ ပါမလာအောင် အခြေခံဥပဒေတွင် တစ်ခါတည်း ထည့်သွင်းမှ တော်ကာကျမည် ဟူ၍ ဖြစ်ခဲ့သည်။
“တပါးနိုင်ငံသား ခံယူမှ မဟုတ်။ ထိုနိုင်ငံ၏သစ္စာကို ခံယူသော၊ ထိုနိုင်ငံ၏ ပေးစာ ကမ်းစာကို ရယူနေသော၊ ထိုနိုင်ငံ၏ ထောက်ပံ့မှုများ လက်ခံနေသော သူ၊ မြန်မာနိုင်ငံသား မည်သူဖြစ်ဖြစ် အစိုးရထဲ မပါအောင် လုပ်ရမယ်။ အစိုးရ လွတ်လပ်ဖို့ လိုတယ်။ ကျုပ်ဒို့လည်း အင်္ဂလိပ် နဲ့ ပေါင်းရတာပဲ။ ဒါပေမယ့် သူတို့ သစ္စာခံ မဟုတ်ဘူး။ ဒီလိုလူတွေ အစိုးရထဲ ပါလာရင် မြန်မာနိုင်ငံ လွတ်လပ်ပြီ ဆိုလည်း တကယ် လွတ်လပ်မှာ မဟုတ်ဘူး။ အင်္ဂလိပ် ကြိုးဆွဲရာကနေရမယ့် အစိုးရမျိုးပဲ ဖြစ်လိမ့်မယ်” ဟူ၍ ဗိုလ်ချုပ်အောင်ဆန်းက ပြောကြားခဲ့သည်။
ထိုသဘောတရားမှာ ဗိုလ်ချုပ် ချမှတ်ခဲ့သော လမ်းစဉ်သာ ဖြစ်သည်။ ၁၉၄၇ အခြေခံဥပဒေတွင် ပြည်ပသစ္စာခံ မဖြစ်စေရန် ကန့်သတ်ခဲ့ခြင်း ဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည် သမ္မတ ဖြစ်ပြီ ဆိုပါစို့။ သမ္မတအိမ်တွင် သူမ၏ သားများ၊ မြေးများ နေထိုင်ကြပါလိမ့်မည်။ ထိုသားမြေးများ၏ မိတ်ဆွေများလည်း ၀င်ထွက်သွားလာကြပါလိမ့်မည်။ မြင်ယောင်ကြည့်နိုင်ပါသည်။ မျက်နှာဖြူများ တရုန်းရုန်းနဲ့ ပါတီပွဲများ မကြာခဏ ကျင်းပကြပါလိမ့်မည်။ မလုပ်ပါဘူး ငြင်းချင်သူများ သေချာ စဉ်းစားကြရန် လိုပါသည်။
ထိုမျှမကသေး။ ဒေါ်အောင်ဆန်းစုကြည်၏ သားများ၊ မြေးများသည် ပြည်ပနိုင်ငံသားများ ဖြစ်၍ သူမသာ သမ္မတ ဖြစ်ခဲ့ပါက ထိုပြည်ပနိုင်ငံများကို မည်သို့ လွန်ဆန်နိုင်ပါအံ့နည်း။
လက်ရှိအချိန်တွင် ဒေါ်အောင်ဆန်းစုကြည် သမ္မတ မဖြစ်စေလို၍ ၂၀၀၈ အခြေခံဥပဒေတွင် ပိတ်ပင်ထားသည် ဟူသော ပြောကြားချက်များမှာ သမိုင်းကို သေချာမသိ၍၊ သမိုင်းကို သေချာ မလေ့လာ၍ ပြောနေကြခြင်းသာ ဖြစ်သည်။
ဗိုလ်ချုပ်အောင်ဆန်း သက်ရှိထင်ရှား ရှိနေမည် ဆိုလျှင် သူ၏ မြေးများ အင်္ဂလိပ်သစ္စာခံနေသည်ကို သိရှိခဲ့ရပါက မည်သို့ ခံစားရမည်နည်း။ ၂၀၀၈ တွင် ထည့်သွင်းထားသော ကန့်သတ်ချက်ကို ပယ်ဖျက်ရန် ဗိုလ်ချုပ်အောင်ဆန်း ပြောနိုင်ပါမည်လော။ ဗိုလ်ချုပ်အောင်ဆန်းသည် ထိုကဲ့သို့ လူစားမျိုးဟု ထင်ပါသည်လား။
ဦးသိန်းစိန်သည် လူဦးရေ များပြားလှသည့် အိမ်နီးချင်းနိုင်ငံများအကြား နိုင်ငံ့ခေါင်းဆောင်သည် ပြည်ပသြဇာ လွတ်ကင်းရန် အလေးပေး ပြောကြားသွားခဲ့ခြင်းသာ ဖြစ်ပါသည်။ ထိုပုဒ်မကို မြန်မာနိုင်ငံသား အစစ်များအားလုံး လက်ခံပါသည်။ ဒေါ်အောင်ဆန်းစုကြည် တစ်ဦးတည်းအတွက် ထိုပုဒ်မကို ပြင်စရာ မလိုပါ။
ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် သူမတစ်ဦးတည်း အကျိုးအတွက် မြန်မာနိုင်ငံသား အားလုံး စိတ်ဝမ်းကွဲပြားမည့် အရေးကို လက်ပိုက်ကြည့်မနေသင့်ပါ။ တိုင်းပြည်က ခံစေ၊ သူမကတော့ စံစေ ဟူသော စိတ်ထားမျိုး ဒေါ်အောင်ဆန်းစုကြည်တွင် မရှိဟု ယုံကြည်ချင်ပါသည်။
အဖြေမှာ ဒေါ်အောင်ဆန်းစုကြည် သမ္မတအိပ်မက်ကို စွန့်လွှတ်လိုက်ရန်သာ ဖြစ်ပါသည်။ ထိုပုဒ်မကို ပြင်ဆင်နိုင်ရန် ကြိုးစားမည် ဆိုပါက ပြည်တွင်း၌ အမျိုးသားရေးအုပ်စုကြီးနှင့် ထိပ်တိုက်တွေ့ပါလိမ့်မည်။ ဒေါ်အောင်ဆန်းစုကြည်လည်း မကောင်းပါ။ NLD လည်း မကောင်းနိုင်ပါ။
အဖေရေးခဲ့သမျှ သမီးဖြစ်သူက ခြေနှင့်ဖျက်သည် ဟူသော သမိုင်းရာဇ၀င်ကို ဒေါ်အောင်ဆန်းစုကြည် မရေးနိုင် ဟု မျက်စေ့မှိတ် ယုံကြည်မိပါသည်။

No comments:

Post a Comment