Sunday, March 29, 2015

အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေဖြင့် အမှုဖွင့်အရေးယူခံထားရသည့် တောင်ငူခရိုင် ဒုခရိုင်တရားသူကြီးဟောင်း ဦးရွှေမှာ ထွက်ပြေးတိမ်းရှောင်နေ၍ ဖမ်းဝရမ်းထုတ်ကာ တရားခံပြေးအဖြစ် ကြေညာမည်ဟု သိရ


ခရိုင်တရားသူကြီး ၂ ဦးရွှေမှ အမိန့်ချမှတ်သည်ကို မကျေနပ်သောကြောင့် တောင်ငူခရိုင် တရားရုံးရှေ့တွင် အော်ဟစ်ဆူပူမှုများ ဖြစ်ပွားခဲ့ရာ တာဝန်ရှိသူများ ဖြေရှင်းပေးနေသည်ကို ၂၀၁၄ ဇူလိုင် ၁၀ ရက်က တွေ့ရစဉ်
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့၊ အမှတ် ၁ ရဲစခန်းတွင် ဇန်နဝါရီ ၂၁ ရက်က အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေဖြင့် အမှုဖွင့်အရေးယူခံထားရသည့် တောင်ငူခရိုင်၊ ဒု ခရိုင်တရားသူကြီးဟောင်း ဦးရွှေမှာ ထွက်ပြေးတိမ်းရှောင်နေသောကြောင့် ဖမ်းဝရမ်းထုတ်ကာ တရားခံပြေးအဖြစ် ကြေညာတော့မည် ဖြစ်ကြောင်း နေပြည်တော် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ထံမှ သိရသည်။


“အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၆/ကျင့်ထုံးပုဒ်မ ၅၁၂ တရားခံပြေးနဲ့ ပဲခူးတိုင်းဒေသကြီး တရားလွှတ်တော်မှာ အမှုဖွင့်ထားတယ်။ တရားစွဲတင်ပြီး ထွက်ပြေးတိမ်းရှောင်နေတာ သေချာတယ်၊ ကျင့်ထုံးပုဒ်မ ၈၇/၈၈ နဲ့ ဦးရွှေကို လူဖမ်းဝ ရမ်း၊ ပစ္စည်းဖမ်းဝရမ်းထုတ်ပြီးတော့ တရား ခံပြေးအဖြစ် ကြေညာတော့မှာပေါ့”ဟု နေ ပြည်တော် အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်အဖွဲ့ဝင် ဦးသန်းအောင်က မတ် ၂၈ ရက် နံနက်ပိုင်းက ပြောကြားသည်။

ဒုခရိုင်တရားသူကြီးဟောင်း ဦးရွှေ ၆ဝ နှစ်(ဘ) ဦးထိုက်စံ၊ အမှတ် ၆၂ ချမ်းသာလှ ဘုရားအရှေ့ဘက် အောင်သုခရပ်ကွက်၊ ပုသိမ်ကြီးမြို့နယ်၊ မန္တလေးတိုင်းဒေသကြီးနေ (ပဲခူးတိုင်းဒေသကြီး တရားလွှတ်တော်တရားရေးဦးစီးမှူးရုံး၊ လက်ထောက်ညွှန်ကြားရေးမှူး)သည် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်မှ တရားလိုလုပ် အမှုဖွင့်တိုင်တန်းသဖြင့် (ပ)၄၃/၂ဝ၁၅ အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၆ ဖြင့် တောင်ငူမြို့မ ရဲစခန်းတွင် ကနဦးအမှုဖွင့် အရေးယူခံခဲ့ရသည်။

“ဦးရွှေအမှုကို အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်က အမှုတည်ဆောက်ပြီး ဒီမှာ အမှုလာဖွင့်တာပဲ ရှိတယ်၊ တရားသူကြီး ဦးရွှေ အဂတိလိုက်စားတာက တောင်ငူမှာဖြစ်ခဲ့တာဆိုတော့ တောင်ငူမှာလာပြီး အမှုဖွင့်တာပေါ့။  ဦးရွှေနဲ့ပတ်သက်လို့ အမှုစစ်က ကျွန်တော်တို့မဟုတ်တော့ ကျန်တဲ့အပိုင်းတော့ ဘာမှမသိတော့ပါဘူး”ဟု တောင်ငူမြို့နယ် အမှတ် ၁ ရဲစခန်းမှူး၊ ဒုရဲမှူး ဦးတင်ဝင်းက ပြောကြားသည်။

“ဦးရွှေက ပင်စင်ယူဖို့ လေးလခံစားနေတဲ့အချိန်ကာလဆိုတော့ သူ့ကိုတရားရုံးစွဲ တင်တော့မယ်ဆိုပြီး ပဲခူးတိုင်းဒေသကြီး တရားလွှတ်တော်ကို အကြောင်းကြားတယ်၊ သူမရှိတော့ဘူးဆိုတာ အကြောင်းပြန်တယ်၊ ဦးရွှေရဲ့လိပ်စာနဲ့လည်း သွားရှာပြီးပြီ။ မတွေ့တော့တဲ့နောက်ဆုံး တိမ်းရှောင်နေတယ်လို့ ယူဆရတယ်။ သက်ဆိုင်ရာအုပ်ချုပ်ရေးမှူးတွေ မေးတဲ့အခါကျတော့ ထွက်ပြေးတိမ်းရှောင်နေတယ်ဆိုတာ အထောက်အထားရတယ်”ဟု ဦးသန်းအောင်က ပြောကြားသည်။

ဦးရွှေအား အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေပုဒ်မဖြင့် အမှုဖွင့်အရေးယူခံရသည့် ဖြစ်စဉ်မှာ ပြစ်မှုဆိုင်ရာပြင်ဆင်မှုအမှတ် (၂၁/၂ဝ၁၄) အမှုတွင် အာမခံ ပြန်လည်မရုပ်သိမ်းစေရေးအတွက် အမှုသည်ဖြစ်သူ ဦးမြတ်ထွန်းထံမှ ၂ဝ၁၄ ခုနှစ် မတ် ၁၃ ရက်က ငွေ ကျပ် ၂၅ သိန်း တောင်းခံခဲ့ရာ ဦးမြတ်ထွန်းက အဆိုပါနေ့တွင် ဦးရွှေရုံးခန်း၌ ငွေကျပ် ၁၅ သိန်းပေးခဲ့ရကြောင်း၊ ၂ဝ၁၄ ခုနှစ် မတ် ၁၄ ရက်တွင် ပေါင်းတည်မြို့ ရိုးမဘဏ်မှ တောင်ငူရိုးမဘဏ်ခွဲသို့ ဒေါ်အေးအေးခိုင်ဆိုသူမှတစ်ဆင့် ဦးရွှေထံသို့ ငွေကျပ်ငါးသိန်း ထပ်မံလွှဲခဲ့ ရာ စုစုပေါင်းကျပ် သိန်း ၂ဝ အား ဦးရွှေက လက်ခံရယူခဲ့ကြောင်း အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်မှ စစ်ဆေးပေါ်ပေါက်ခဲ့သောကြောင့် စစ်ဆေးရေးမှူး ဦးမောင်မောင်မြင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်မှ တောင်ငူမြို့အမှတ် ၁ ရဲစခန်းသို့ ပေးပို့တိုင်ကြားခဲ့ခြင်း ဖြစ်သည်။

ဒုခရိုင်တရားသူကြီးဟောင်း ဦးရွှေသည် ၂ဝ၁၄ ခုနှစ် ဇူလိုင် ၁ဝ ရက်ကလည်း ပြစ်မှုပုဒ်မ ၃ဝ၂(၂) နှင့် ပြစ်မှုပုဒ်မ ၃ဝ၂ (၂)/၃၂၄ တို့ဖြင့် တရားစွဲခံရသူနှစ်ဦးတို့အား အမိန့်ချမှတ်ခဲ့ရာတွင် ၎င်းချမှတ်သောပြစ်ဒဏ်ကို ကျေနပ်မှုမရှိသဖြင့် အမှုမှ တရားလို မိသားစုဝင် ရှစ်ဦးခန့်က ခရိုင်တရားသူကြီးရုံးရှေ့တွင် အော်ဟစ်ဆူပူမှုများ ပြုလုပ်ခြင်းကို ခံခဲ့ရပြီး ရက်ပိုင်းအတွင်း ပဲခူးတိုင်းဒေသကြီး တရားလွှတ်တော်သို့ တာဝန်ရွှေ့ပြောင်းခံခဲ့ရသူတစ်ဦး ဖြစ်သည်။

Eleven Media Group

No comments:

Post a Comment