Friday, March 27, 2015

မြန်မာပို့စ်ဂျာနယ် အယ်ဒီတာချုပ်နှင့် ဒုတိယသတင်းထောက်ချုပ်တို့အား ပုဒ်မ-၅၀၀ ဖြင့် ထောင်ဒဏ်ချမှတ်ခဲ့မှုအပေါ် ကျေနပ်မှုမရှိ၍ ခရိုင်တရားရုံးသို့ အယူခံတင်သွင်းရာ အကျဉ်းနည်းဖြင့် ပလပ်ခံရ


မြန်မာပို့စ်ဂျာနယ်၏ အယ်ဒီတာချုပ် ဦးသန်းထိုက်သူနှင့် ဒုတိယသတင်းထောက်ချုပ် ဦးဆန်းမိုးထွန်းတို့အား မတ် ၁၈  ရက်က မော်လမြိုင်မြို့နယ် တရားသူကြီး ဦးသန်းအောင်က ပုဒ်မ-၅ဝဝ ဖြင့် အလုပ်မဲ့ ထောင်ဒဏ်နှစ်လကျခံစေရန် အမိန့်ချမှတ်ခဲ့သည့် အပေါ်ကျေနပ်မှုမရှိ၍ မော်လမြိုင်ခရိုင် တရားရုံးသို့ ပြစ်မှုဆိုင်ရာအယူခံမှု လျှောက်ထား တင်သွင်းရာ အကျဉ်းနည်းပလပ်ခံရကြောင်း အဆိုပါအမှုအား လိုက်ပါဆောင်ရွက်နေသူ တရားလွှတ်တော်ရှေ့နေ ဦးထွန်းအောင်ထံမှ သိရသည်။

“အန်ကယ်က မြန်မာပို့စ်ဂျာနယ် စာမျက်နှာ (၃) သက်သေခံ (က) မှာရေးသား ဖော်ပြထားတဲ့အကြောင်းအရာတွေက တရားလို ဆွေးနွေးခဲ့တဲ့ ဆွေးနွေးချက်အတိုင်းရေးသား ထားတယ်ဆိုတာ မူလအမှုမှာပေါ်ပေါက်တယ်။
နောက်ပြီး သတင်းဓာတ်ပုံကိစ္စကြောင့် တရားလိုအပေါ် အသရေပျက်ရကြောင်း မူလအမှုမှာ ပေါ်ပေါက်မှုလည်းမရှိဘူး။ သို့ပေ မဲ့ မူလရုံးက တရားလိုဆွေးနွေးချက်တွေ သတင်းဓာတ်ပုံတွေဟာ သက်သေခံ (က) နဲ့ ကိုက်ညီမှုမရှိကြောင်း သုံးသပ်ပြီး တရားခံတွေကို ပြစ်ဒဏ်ချမှတ်တာဟာ ဥပဒေနဲ့ ညီညွတ်မှန်ကန်မှု မရှိဘူး။ ဂျာနယ်မှာ ဖော်ပြချက် သက်သေခံက သာမန်သတင်းဖော်ပြမှု တစ်ရပ်သာဖြစ်တယ်။ တရားလိုရဲ့ ဂုဏ်ကျက်သရေကို ပျက်ယွင်းစေအောင် တမင်ရည်ရွယ်ချက်နဲ့ စွပ်စွဲရေးသားချက် မဟုတ်ကြောင်းကို မြင်သာထင်ရှားပါလျက်နဲ့ ပြစ်မှု ပုဒ်မ-၅ဝဝ နဲ့ တရားခံတွေကို ပြစ်ဒဏ်ချတာဟာ တရားမျှတ မှန်ကန်မှုမရှိတဲ့အကြောင်း အယူခံအကြောင်း ပြချက်တွေနဲ့ လျှောက်ထားခဲ့ပါတယ်” ဟု ရှေ့နေဦးထွန်းအောင်က ဆိုသည်။

“နောက်ပြီးမူလရုံးက တရားခံများဘက်ကနေ ခုခံချေပချက်တွေ၊ တရားခံပြသက်သေများရဲ့ ထွက်ဆိုချက်တွေ၊ တရားခံတွေဘက်က သက်သေခံတင်ပြတဲ့ စာရွက်စာတမ်းသက်သေခံ အထောက်အထားတွေကို ထည့်သွင်းစဉ်းစား သုံးသပ်ခြင်း အလျဉ်းမရှိဘဲ တရားခံတွေကို ပြစ်ဒဏ်ချမှတ်ခဲ့ခြင်း ဖြစ်တဲ့အတွက် တရားခံတွေအတွက် များစွာနစ်နာရတဲ့အကြောင်း၊ မူလရုံးက တရားခံများကို ပြစ်ဒဏ်ချမှတ်ရာမှာ သုံးသပ်ချက်တွေက ပြစ်မှုပုဒ်မ -၅ဝဝ ရဲ့ ပြ|ာန်းချက်နဲ့ ကိုက်ညီမှုမရှိတဲ့အတွက် မူလရုံးတော်အမိန့်ကို ပယ်ဖျက်ပြင်ဆင် ဆုံးဖြတ်ပေးသင့်ကြောင်း လျှောက်ထားခဲ့ပါတယ်” ဟု ၎င်းကဆိုသည်။

ဆက်လက်ပြီး  ပဏာမအနေဖြင့် ယခုအယူခံမှုကို လက်ခံပေးပါရန်၊ မော်လမြိုင်မြို့နယ် တရားရုံး၏ ပြစ်မှုကြီး အမှတ်- ၁၇၂/ ၂ဝ၁၄ အမှုတွဲကို တောင်းခေါ်ကြည့်ရှုပါရန်၊ နှစ်ဖက်လျှောက်လဲချက်များကို ကျယ်ကျယ်ပြန့်ပြန့် ကြားနာပေးပါရန်နှင့် မူလရုံးအမိန့်ကို ပယ်ဖျက်၍ မူလရုံးတရားခံများကို အမှုမှ အပြီးအပြတ် တရားသေလွှတ်သည့် အမိန့်တစ်ရပ် ပြင်ဆင်ချမှတ်ပေးပါရန် လျှောက်ထားခဲ့ကြောင်းနှင့် မော်လမြိုင်ခရိုင်တရားရုံးမှ အယူခံမှုလျှောက်ထား တင်သွင်းခြင်းအား အကျဉ်းနည်း ပလပ်လိုက်ကြောင်း သိရသည်။

၂ဝ၁၄ ခုနှစ် ဇန်နဝါရီ ၂၉  ရက် ထုတ် မြန်မာပို့စ်ဂျာနယ် အတွဲ (၆) အမှတ် (၅) စာ မျက်နှာ (၃) ကော်လံ (၁) တွင် “ပညာရည်နိမ့်ကျမှုကြောင့် တပ်မတော်သား ကိုယ်စားလှယ်များ လွှတ်တော်တွင်ပါဝင်နေရခြင်းဟု တပ်မတော်သားလွှတ်တော် ကိုယ်စားလှယ် တစ်ဦးဆို” ခေါင်းစဉ်ဖြင့် ပါလာသော သတင်းဆောင်းပါးနှင့် ပတ်သက်၍ မွန်ပြည်နယ် လွှတ်တော်တပ်မတော်သား ကိုယ်စားလှယ် ဗိုလ်မှူးသိန်းဇော်က ဦးသန်းထိုက်သူနှင့် ဦးဆန်းမိုးထွန်းတို့အား ပုဒ်မ-၅ဝဝ ဖြင့် ၂ဝ၁၄ ခုနှစ် ဖေဖော်ဝါရီလအတွင်း တရားစွဲဆိုခဲ့ခြင်းဖြစ်ပြီး  အယ်ဒီတာချုပ်နှင့် ဒုတိယသတင်းထောက်ချုပ်တို့ကိုသာ တရားစွဲဆိုပြီး အလုပ်မဲ့ ထောင်ဒဏ်နှစ်လ ချမှတ်ခဲ့ကြောင်း သိရသည်။

Eleven Media Group 

No comments:

Post a Comment