Monday, March 16, 2015

မြန်မာအပါအဝင် လေးနိုင်ငံမှ ကုလလူ့အခွင့်အရေး ကိုယ်စားလှယ်များကို UN သီးခြားဆင့်ခေါ်

ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီက မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး ကိုယ်စားလှယ် အပါအဝင် နိုင်ငံပေါင်းလေးနိုင်ငံမှ ကုလလူ့အခွင့်အရေး ကိုယ်စားလှယ်များကို မတ်လ ၁၆ ရက်နေ့ နံနက်တွင် သီးခြားစီတွေ့ဆုံရန် ဆင့်ခေါ်ထားကြောင်း အဆိုပါကောင်စီက ထုတ်ပြန်ထားသည်။
ဆင့်ခေါ်ခံရသော ကုလကိုယ်စားလှယ်များတွင် မြောက်ကိုရီးယားနိုင်ငံနှင့် အီရန်နိုင်ငံဆိုင်ရာ ကိုယ်စားလှယ်များလည်း ပါဝင်ပြီး လူ့အခွင့်အရေးကောင်စီနှင့် အပြန်အလှန် ဆွေးနွေးပွဲများ ပြုလုပ်ရန်အတွက် ဖြစ်ကြောင်း ယင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

မတ်လ ၁၃ ရက်က မြန်မာနိုင်ငံအတွင်း ကျောင်းသားထု အပါအဝင် ဆန္ဒထုတ်ဖော်သူများ ဖမ်းဆီးခံရမှုနှင့် ရဲတပ်ဖွဲ့ဝင်များက နည်းစနစ်မကျသော အင်အားသုံးဖြိုခွင်းမှုတို့အပေါ် စိုးရိမ်မိကြောင်း ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ၏ ပြောရေးဆိုခွင့်ရှိသူ Ms.Ravina Shamdasani က ပြောကြားခဲ့သည်။
အလားတူ မတ်လ ၅ ရက်က ရန်ကုန်မြို့တော်ခန်းမရှေ့တွင် ရဲတပ်ဖွဲ့ဝင် မဟုတ်သော အရပ်သားများက ဆန္ဒထုတ်ဖော်သူများကို ဖမ်းဆီးခြင်းနှင့် ပတ်သက်၍ စုံစမ်းစစ်ဆေးရေးကော်မရှင်က ဖြေရှင်းပေးရန်နှင့် ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်သူများကို ခြွင်းချက်မရှိ ပြန်လွှတ်ပေးရန် ၎င်းက ထပ်လောင်းပြောဆိုသည်။
“လူ့အခွင့်အရေးအပေါ်မှာ ထိန်းချုပ်ထားတဲ့ မကိုက်ညီတဲ့ ဥပဒေတွေ ပြင်ဆင်ပေးဖို့ တိုက်တွန်းတယ်” ဟု Ms.Ravina Shamdasani က ဆိုသည်။
မြန်မာနိုင်ငံမှ လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူများကလည်း ငြိမ်းချမ်းစွာစုဝေးခွင့်နှင့် စီတန်းလှည့်လည်ခွင့်ဆိုင်ရာ ဥပဒေပုဒ်မ ၁၈ နှင့် ပုဒ်မ ၁၉ ကို ဖျက်သိမ်းပေးရန် တောင်းဆိုနေကြောင်း လူ့အခွင့်အရေးဆိုင်ရာ ညီမျှခြင်း-မြန်မာအဖွဲ့မှ ဦးအောင်မျိုးမင်းက The Voice သို့ ပြောကြားသည်။
လက်ရှိ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ အစည်းအဝေးတွင် မြန်မာနိုင်ငံဆိုင်ရာ ကုလကိုယ်စားလှယ် Mr.Yanghee Lee က မြန်မာနိုင်ငံ၏ လူ့အခွင့်အရေး အခြေအနေ အစီရင်ခံစာကို တင်သွင်းထားခဲ့ပြီး ယင်းအစီရင်ခံစာအပေါ် မြန်မာအစိုးရဘက်က လက်မခံကြောင်း ပြန်လည်တုံ့ပြန်ထားသည်။
၁၉၈၂ ခုနှစ် နိုင်ငံသားဥပဒေ အပါအဝင် ရခိုင်ပြည်နယ်အတွင်း လူ့အခွင့်အရေး၊ လက်နက်ကိုင်ပဋိပက္ခ ဖြစ်ပွားနေသော ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်ရှိ ရွှေ့ပြောင်းနေထိုင်သူများ၏ အခြေအနေတို့အပြင် လွတ်လပ်စွာ ဆန္ဒထုတ်ဖော်ခွင့်နှင့် တရားဥပဒေစိုးမိုးရေး အခြေအနေကို Mr.Yanghee Lee ၏ အစီရင်ခံစာတွင် ထည့်သွင်းခဲ့သည်။
The Voice Weekly

No comments:

Post a Comment