Thursday, March 19, 2015

ငြိမ်းချမ်းရေး ဆွေးနွေးပွဲကို UWSA ဘာ့ကြောင့် မတက်သလဲ ?

မနေ့က ရန်ကုန်မှာ ကျင်းပတဲ့ UPWC နဲ့ NCCT တို့ရဲ့ ငြိမ်းချမ်းရေး တွေ့ဆုံဆွေးနွေးပွဲမှာ UWSA အဖွဲ့ မတက်ဘူးလို့ သိရပါတယ်။ တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး သဘောတူ လက်မှတ်ရေးထိုးနိုင်ဖို့ အစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေ တွေ့ဆုံ ဆွေးနွေးကြတာဟာ မင်္ဂလာသတင်းပါ။ ဒီမိုကရေစီ အသွင်ပြောင်းလဲလာမှုနဲ့အတူ ပြည်တွင်းငြိမ်းချမ်းရေးဟာလည်း မဖြစ်မနေ လုပ်ရမယ့် အခန်းကဏ္ဍအဖြစ် အရေးပါနေပါတယ်။ တစ်တိုင်းပြည် လုံး အေးချမ်းတော့မယ့်အရေးကို တွေးပြီး ပြည်သူတစ်ယောက် အနေနဲ့ မုဒိတာ ပွားမိတာ အမှန်ပါပဲ။

ဒါပေမယ့် အဲဒီလို တွေ့ဆုံဆွေးနွေးပွဲမှာ UWSA `၀´ အဖွဲ့ မတက်ရောက်ဘူးဆိုတော့ အတော်အံ့အားသင့်မိပါတယ်။ ဒါဆိုရင် သူတို့ သဘောထားက ဘာလဲဆိုတာ စဉ်းစားစရာဖြစ်လာပါတယ်။ ယနေ့ မြန်မာနိုင်ငံမှာရှိတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ အစည်း တွေထဲမှာ လူအင်အား၊ လက်နက်အင်အား အတောင့်တင်းဆုံးလို့ ဆိုရမယ့် `၀´ဟာ အခြားသော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ ရောထွေးယှက်တင် မနေချင်တာ၊ မပူးပေါင်းချင်တာ ဘာကြောင့်လဲ အဖြေရှာကြည့်တော့ သူတို့ဟာ သီးခြား ပြည်နယ်အဖြစ် ရပ်တည်ဖို့ တောင်းဆိုထားတဲ့ အဖွဲ့ဆိုတာ သတိပြုမိ လိုက်ပါတယ်။
ဒီတော့ UWSA`၀´ အဖွဲ့ဟာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းဒေ သကြီး ပေးထားပါရက်နဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ပြည်နယ်အဖြစ် တစာစာအော်တောင်းနေတာဟာ မြန်မာနိုင်ငံအတွက် အင်မတန် အန္တရာယ်ကြီးပါတယ်။ တစ်ကိုယ်ကောင်းဆန်ပြီး ဘယ်သူ့ကိုမှ လှည့်မကြည့်တဲ့ `၀´ဆိုတာ တကယ်တော့ ဗကပတွေရဲ့ အကြွင်းအကျန် တွေပါ။ ဗမာပြည်ကွန်မြူနစ်ပါတီဟာ ၁၉၇၀ နောက်ပိုင်း ရှမ်းပြည် အရှေ့ပိုင်းမှာ တရုတ်ရဲ့ အထောက်အပံ့နဲ့ အစိုးရတပ်တွေကို အကြီးအကျယ် တိုက်ခိုက်ရင်ဆိုင်ခဲ့တယ်။ ဒါပေမယ့် ၁၉၇၈ ခုနှစ်ကစပြီး တရုတ်က ထောက်ပံ့မှုရပ်ဆိုင်းခဲ့တဲ့အတွက် ဗကပတွေဟာ အင်အားချည့်နဲ့ လာခဲ့တယ်။ ၁၉၈၉ ခုနှစ် မေလ မှာ ရှမ်းအရှေ့ ဒေသက ကိုးကန့်တွေနဲ့ `၀´ တွေဟာ ဗကပ ကို တော်လှန်ခွဲထွက်ပြီး သီးခြားရပ်တည်ခဲ့ကြတယ်။ ဘိန်းလုပ်ငန်းကို ကိုးကန့်နဲ့ `၀´နှစ်ဖွဲ့စလုံးအကြီးအကျယ် လုပ်ခဲ့ကြတယ်။ အဲဒီနှစ်မှာ အစိုးရနဲ့ ငြိမ်းချမ်းရေးရခဲ့တဲ့ အတွက် ပြည်တွင်းက စီးပွားရေး လုပ်ငန်းတွေကို နှစ်ရှည်လများ ရင်းနှီးမြှုပ်နှံလုပ်ကိုင်ခွင့်ရခဲ့သလို ကိုယ်ပိုင်အုပ်ချုပ်ခွင့်လည်း ရခဲ့ပါတယ်။
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ရဲ့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေမှာ`၀´ဒေသကို ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အဖြစ်ထည့်သွင်း ပြဋ္ဌာန်းခဲ့ပါတယ်။ ရှမ်းပြည်နယ်ရှိ ဟိုပန်၊ မိုင်းမော၊ ပန်ဝိုင်၊ နားဖန်း၊ မက်မန်းနဲ့ ပန်ဆန်း(ပန်ခမ်း)မြို့နယ်များကို ခရိုင်နှစ်ခရိုင်ဖွဲ့ပြီး `၀´ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းအဖြစ် ဖော်ပြထားပါတယ်။အဲဒီမြို့ အားလုံးဟာ သံလွင်အရှေ့ဘက်ခြမ်း တရုတ်နယ်စပ်မှာ ရှိပါတယ်။
အစိုးရက အခြေခံဥပဒေအတိုင်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ပေးခဲ့ပေမယ့် အခြေခံဥပဒေပါ ပြဋ္ဌာန်းချက် နောက်တစ်ခုအရ အပစ်ရပ်အဖွဲ့ များသည် ရွေးကောက်ပွဲပြီးသည့်အခါ လက်နက်ချရမည် ဆိုတဲ့ စကားကို တရုတ်အားကိုးနဲ့ ငြိမ်းချမ်းရေးဆွေးနွေးဖို့၊ နယ်ခြားစောင့်တပ်ဖွဲ့စည်းဖို့ကို လုံးဝဂရုမစိုက်ခဲ့တဲ့ အဖွဲ့လည်း ဖြစ်ပါတယ်။ အခု အခြားသော လက်နက်ကိုင်အဖွဲ့အစည်းတွေဟာ ငြိမ်းချမ်းရေးအတွက် ပူးပေါင်းပါဝင်ပြီး ကြိုးစားနေချိန်မှာ `၀´ ကတော့ မြန်မာနိုင်ငံရဲ့ ဒေသတစ်ခုမဟုတ်သလို ပုံစံမျိုးနဲ့ လုပ်ပြ နေတာဟာ သူ့မှာ အားကိုးစရာ ရှိလို့ မိုက်ပြရဲနေတယ်လို့ ပြောရမလို ဖြစ်နေပါပြီ။
UWSA`၀´အဖွဲ့ဟာ အခြားသော လက်နက်ကိုင် အဖွဲ့တွေနဲ့ သီးခြားနေထိုင်မယ်ဆိုတဲ့ သဘောကို ပြသ လိုက်တာဖြစ်ပါတယ်။ လားရှိုးမှာ ကျင်းပခဲ့တဲ့ ရှမ်း-ကယား ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲမှာ `၀´ က ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းဒေသကြီးမှ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပြည်နယ် အဖြစ် ပြောင်းလဲခေါ်ဆိုပေးဖို့ တရားဝင်တောင်းဆိုထားတာ ရှိပါတယ်။ အဲဒီတုန်းကလည်း တိုင်းရင်းသားခေါင်းဆောင်အချို့က UWSA`၀´ အနေနဲ့ အဲဒီလို ခွဲထွက်မယ်ဆိုရင် ပြည်ထောင်စုကြီးထဲက ရှမ်းတွေ၊ ကယား တွေလည်း ခွဲထွက်သွားနိုင်ပါတယ်၊ ဒါဆိုရင် ပြည်ထောင်စုကြီး ပြိုကွဲပြီပေါ့၊ ဒါကိုတော့ ကျွန်တော်တို့ လုံးဝလက်မခံဘူး ဆိုပြီး မှတ်ချက်ပေးပြောဆိုသွားခဲ့တာ ရှိပါတယ်။
ဘယ်လိုအကြောင်းပြချက်မျိုးနဲ့ဖြစ်ပါစေ `၀´တောင်းနေတဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပြည်နယ် ပေးလိုက်မယ်ဆိုရင် `၀´ နယ်မြေ ဆိုတာ မြန်မာနဲ့တရုတ်ကြားမှာရှိတဲ့ ပြဿနာတွေ ပေါ်ပေါက်နိုင်တဲ့ အထိမခံတဲ့ နယ်မြေရော ဖြစ်မလာနိုင်ဘူးလား။ တစ်ဖန် `၀´ ဒေသဟာ ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်ကြီး ပြိုကွဲမယ့် အက်ကြောင်း တစ်ခုရော မဖြစ်နိုင်ဘူးလား။ သေချာတာကတော့ UWSA`၀´ကို ဒီအတိုင်းလွှတ်ထားမယ်ဆိုရင် ဆိုးကျိုးတွေသာ များလာပါလိမ့်မယ်။ ရှမ်းပြည်အရှေ့ခြမ်းတစ်ခုလုံး မီးလောင်သွား စေမယ့် မီးတုတ်ကို UWSA ကကိုင်ထားပြီလို့ဆိုနိုင်သလို တဖြည်းဖြည်း ‘၀’အဖွဲ့ရဲ့ သြဇာလွှမ်းမိုး မှုအောက်ကို ရောက်ရှိ မသွား အောင် အချိန်မီတားဆီးရတော့မှာပဲ ဖြစ်ပါ တယ်။
Credit စိုင်းအောင်
Shan News

No comments:

Post a Comment