Tuesday, April 7, 2015

တီကရစ်မြို့ အနီးတဝိုက်၌ အိုင်အက်စ်တို့ အစုလိုက် အပြုံလိုက် သတ်ဖြတ်ခဲ့သည့် သင်္ချိုင်းနေရာများ တွေ့ရှိ


အစ္စလာမ်မစ် နိုင်ငံတော် (အိုင်အက်စ်) စစ်သွေးကြွ တပ်များက အစုလိုက် အပြုံလိုက် သတ်ဖြတ်သွားသည့် သင်္ချိုင်းနေရာ အချို့ကို အီရတ်နိုင်ငံ၊ တီကရစ်မြို့တွင် တူးဖော် တွေ့ရှိခဲ့ကြောင်း သိရသည်။
တီကရစ်မြို့ကို အိုင်အက်စ် တပ်ဖွဲ့များ ထိန်းချုပ်ထားစဉ်က ၎င်းတို့ ဖမ်းဆီးရမိသည့် အီရတ် အစိုးရစစ်သားများကို အစုလိုက် အပြုံလိုက် ပစ်သတ်ခဲ့ကြသည်။ ယခုအခါ တီကရစ်ကို အီရတ်အစိုးရ တပ်များက ပြန်လည် သိမ်းယူလိုက်ပြီးနောက် သင်္ချိုင်းနေရာဟောင်းများကို ရှာတွေ့လာခဲ့သည်။

အီရတ် မှုခင်းဆေးပညာရှင် အဖွဲ့များသည် တီကရစ်မြို့ပြင်မှ သင်္ချိုင်းနေရာ (၁၂)ခုထက်မနည်းကို ရှာတွေ့ထားပြီး ရုပ်ကြွင်းများကို နေရာရွှေ့ပြောင်း သယ်ယူလျက် ရှိသည်။ အဆိုပါ သင်္ချိုင်းနေရာများသည် ယခင် အမေရိကန် စစ်အခြေစိုက်စခန်းဟောင်း ကမ့်ပ်စပိုင်ချာ အနီးတဝိုက်တွင် တည်ရှိပြီး ရုပ်အလောင်း (၁၇၀၀)ကျော်မျှ ရှိမည်ဟု ခန့်မှန်းထားသည်။

၂၀၁၄ ခုနှစ်၊ ဇွန်လတွင် အိုင်အက်စ် တပ်ဖွဲ့များသည် အီရတ်စစ်တပ်မှ ရှီးဟိုက်မွတ်ဆလင် စစ်သားများကို အစုလိုက် အပြုံလိုက် ပစ်သတ်နေသည့် မှတ်တမ်း ဗီဒီယိုများကို Social Mediaများပေါ် လွှင့်တင်ခဲ့သည်။ အသက်ရှင် လွတ်မြောက်လာသူများက ဆွန်နီအစ္စလာမ်မစ် စစ်သွေးကြွများသည် ဖမ်းဆီးရမိသည့် စစ်သားများကို ရှီးဟိုက်နှင့် ဆွန်နီ ခွဲခြားစစ်ဆေးပြီး ရှီးဟိုက်မှန်သမျှ ပစ်သတ်ခဲ့ကြောင်း ပြောကြားခဲ့သည်။

တီကရစ်မြို့ကို အီရတ်နှင့် ရှီးဟိုက်ပြည်သူ့စစ်များ ပူးပေါင်းသိမ်းယူပြီး ရက်အနည်းငယ်အကြာတွင် သင်္ချိုင်းနေရာဟောင်းများ ရှာဖွေတူးဖော်မှု လုပ်ငန်းစဉ်ကို အစပြုခဲ့ခြင်း ဖြစ်သည်။ ထို့အပြင် အိုင်အက်စ်တို့ လက်ချက်ဖြင့် သေဆုံးသွားသူများ၏ မိသားစုများကလည်း မိမိတို့ ချစ်ခင်သည့် ဆွေမျိုးသားချင်းများ၏ ရုပ်အလောင်းများကို ပြန်လည် ရှာဖွေလျက်ရှိသည်။

“ဧပြီ ၅ ရက်မှာ ကျွန်တော်တို့ ပထမဆုံး သင်္ချိုင်းနေရာကို စတူးတယ်။ အနည်းဆုံး အလောင်း(၂၀)လောက် ရှာတွေ့ခဲ့ပါတယ်။ မြင်ကွင်းက ကြေကွဲစရာပါပဲ။ ကျွန်တော်တို့အားလုံး မျက်ရည်ကျခဲ့ရပါတယ်။ လူ(၁၇၀၀)လောက်ကို ရက်ရက်စက်စက် သွေးအေးအေး သတ်ရဲတဲ့ လုပ်ရပ်ကို အံ့ဩမိပါတယ်”ဟု မှုခင်းဆေးပညာရှင် တစ်ဦးဖြစ်သည့် ခါလစ်အယ်လ် အာဘက်က ပြောကြားခဲ့သည်။

အချို့သော သင်္ချိုင်းနေရာများသည် ယခင်အီရတ် သမ္မတဟောင်း ဆက်ဒမ်ဟူစိန်၏ သမ္မတအိမ်တော်ဝင်းအတွင်း၌ တညှ်ရိနေကြောင်းလည်း သိရသည်။ အဆိုပါ နေရာကို အိုင်အက်စ်တို့က တီကရစ် အခြေစိုက် ဌာနချုပ်အဖြစ် အသုံးပြုခဲ့သည်။

အိုင်အက်စ်တို့သည် တီကရစ်ကို လက်လွှတ်ခဲ့ရသော်လည်း အီရတ်ရှိ ၎င်းတို့၏  အဓိက ဌာနချုပ်ဖြစ်ရာ မိုဆူးလ်မြို့တွင် အင်အားကြီးမားစွာ ခြေကုပ်ယူထားဆဲ ဖြစ်သည်။

_Ref: BBC

No comments:

Post a Comment