Thursday, April 9, 2015

မိုင်းလားဒေသခံများက ဦးစိုင်းလင်းရဲ့ လောင်းကစားရွာကို ဖျက်သိမ်းဖယ်ရှားပေးစေလို


ရှမ်းပြည်နယ်မြောက်ပိုင်း၊ မိုင်းလားနယ်မြေထဲ ကာစီနိုလောင်းကစားရုံများ ပပျောက်စေချင်ကြောင်း အပြုသဘောဆောင် စွာ ရေးသားဖော်ပြလိုက်သော သတင်းဆောင်းပါးများ အွန်လိုင်းပေါ်၌ပျံ့နှံလာပြီးနောက် မိုင်းလားဒေသခံများကလည်း ဦးစိုင်းလင်းရဲ့ လောင်းကစားရွာကို ဖျက်သိမ်းဖယ်ရှားပေးစေလိုကြောင်း သိရှိရပါသည်။


ဦးစိုင်းလင်း၏ လောင်းကစားဝိုင်းများသည် ယခင်က မိုင်းလားမြို့ပေါ်တွင် ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပါသည်။ ယခုလက် ရှိဖွင့်လှစ် ထားသော ၀မ်သျှိုရွာသို့ ၂၀၀၆ ခုနှစ်လောက်က ပြောင်းလဲဖွင့်လှစ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ခမ်းနား လှပသော အဆောက်အဦများဖြင့် ဦးစိုင်းလင်း၏ ကာစီနိုလောင်းကစားရုံများသည် မြင်သူတိုင်း ငေးမောနေရလောက် ပါသည်။ လောင်းကစားလုပ်သူများကိုဆွဲဆောင်ကာ လက်ရပ်ခေါ်နေသလို ဖြစ်နေပါသည်။

“အဲဒီလောင်းကစားရုံတွေဟာ ဒေသခံတွေအတွက် ဘာကောင်းကျိုးမှမရှိဘူး။ မိုင်းလားမြို့ပေါ်မှာ ရှိတုန်းက ယောက်ျား လုပ်သူ သွားကစားတယ်။ ရှိသမျှစည်းစိမ်ပြုတ်ပါလေရော၊ ဟောအခု ၀မ်သျှိုရွာကို ပြောင်းသွားတော့ သားလုပ်သူက သွားပြီးကစားတယ်။ ဆေးပါစွဲနေလို့ စိတ်ညစ်ရပါတယ်။ အဲဒီလောင်းကစား ရုံတွေပိတ်ပစ်ဖို့ကောင်းတယ်” ဟု ဒေသခံ အမေနန်းက ဆိုသည်။

အမျိုးသားဒီမိုကရေစီမဟာမိတ်တပ်ဖွဲ့(NDAA)ဥက္ကဌ ဦးစိုင်းလင်းသည် ကာစီနိုလောင်းကစားရုံများနှင့် ဆက်စပ်ပြီး KTV၊ မာဆတ်များ ဖွင့်ထားသည်။ အပျော်အပါးများကို ဗန်းပြထားပြီး မူးယစ်ဆေးဝါးရောင်းဝယ် ဖောက်ကားရာ ဈေးကွက် တစ်ခုလိုဖြစ်လာကြောင်းလည်း သိရသည်။ အထူးသဖြင့် ဒေသခံလူငယ်များ၊ အမျိုးသမီးငယ်များ ပျက်စီးနေကြောင်း ဒေသခံ မိဘတစ်ဦးထံမှ သိရသည်။

“ကလေးတွေက ပျက်စီးနေကြပါပြီ။ လောင်းကစားလုပ်ပြီဆိုမှတော့ အပျော်အပါး၊ မူးယစ်ဆေးဝါး အကုန်လုပ်တော့ တာပါပဲ၊ မိဘတွေက ထိန်းလည်းမရဘူး။ ပျက်စီးနေတဲ့ လူငယ်တွေ အတော်များနေပြီ။ မိန်းကလေးတွေဆိုရင် ပိုဆိုးတယ်။ ငွေရလို့ဆိုပြီး KTV၊ မာဆတ်တွေမှာ အလုပ်လုပ်နေကြတယ်။ မိဘတွေလည်း ရင်ကျိုးရတာပေါ့။ အဲဒီလောင်းကစားရုံ တွေပိတ်ပစ်မှ ပြဿနာတွေရှင်းသွားမှာ”ဟု ယင်းကပြောကြားသွား သည်။

ဦးစိုင်းလင်းသည် အဆိုပါလောင်းကစားရုံအား မိုင်းလားတပ်ဖွဲ့ဝင်များအတွက် ရံပုံငွေရှာပေးသည့် အနေဖြင့်ဖွင့်ခြင်းပါဟု ပြောကြားခဲ့သော်လည်း တကယ့်လက်တွေ့တွင် ဦးစိုင်းလင်းတို့ ဇနီးမောင်နှံထံမှ ယောက္ခမဖြစ်သူ ဖုန်ကြားရှင်အတွက် ပံ့ပိုးပေးရန်များသာဖြစ်နေပြီး အောက်ခြေတပ်ဖွဲ့ဝင်များကတော့ စုတ်စုတ်ပြတ်ပြတ်ဘ၀ထဲကနေ ရုန်းမထွက်နိုင်သေး ကြောင်း သိရသည်။

ထို့အပြင် ယင်းလောင်းကစား ၀ိုင်းများကြောင့် မိုင်းလားဒေသခံလူငယ်များ ပျက်စီးနေသောကြောင့် ဦးစိုင်းလင်း၏ လောင်းကစားရွာကို ဖျက်သိမ်းဖယ်ရှား ပေးစေရန် ဒေသခံများက တောင်းဆိုနေခြင်း ဖြစ်ပါသည်။

‪#‎စိုင်းမင်းဝေ‬
Today Myanmar

No comments:

Post a Comment