Wednesday, April 22, 2015

ပြည်သူက ဆုံးဖြတ်မည်

ရွေးကောက်ပွဲကျင်းပမည့်ရက် အတိအကျ မထုတ်ပြန်နိုင်သေးသော်လည်း ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က မဖြစ်မနေ ကျင်းပပေးမည်ဟု တရားဝင် ပြောဆိုထားသည့် ၂၀၁၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်မည့် ပါတီသစ်တစ်ခု မကြာမီ ပေါ်ပေါက်လာမည် ဖြစ်ကြောင်း တရားဝင်သတင်းများ ထွက်ပေါ်လာခဲ့သည်။

ပါတီစုံဟု အမည်ပေးထားသည့်အပြင် ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ဟုလည်း ထပ်ဆင့် ကင်ပွန်းတပ်ထားသည့်အတွက် ပါတီသစ်တစ်ခု ပေါ်ပေါက်လာခြင်းမှာ ထူးဆန်းသည့်ကိစ္စတစ်ခု မဟုတ်သော်လည်း ၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲနောက်ပိုင်း ပါတီနိုင်ငံရေးနယ်ပယ် အတွင်းမှ မဟုတ်သူ အများစုဖြင့် ထူထောင်မည့် ပါတီသစ် ဖြစ်နေခြင်းကြောင့် မြန်မာလူမှု ပတ်ဝန်းကျင်တွင် ပုံစံကျ စကေးကိုက်ဖြစ်နေသော ရှုထောင့်အမြင်အချို့ဖြင့် ဝေဖန်ပုတ်ခတ်၊ ဖြေရှင်းတုံ့ပြန်မှု အချို့ကြောင့် ထူးခြားသည့် သတင်းတစ်ခု ဖြစ်လာခဲ့သည်။

အသစ်ထူထောင်မည့် ပါတီတွင် ပါဝင်မည့်သူများ၏ အရည်အချင်းနှင့် စွမ်းဆောင်ရည်၊ ပါတီ၏ မူဝါဒ၊ ရည်ရွယ်ချက်၊ ရည်မှန်းချက်နှင့် အကောင်အထည်ဖော်မည့် လုပ်ငန်းစဉ်များ အစရှိသည့် အခြေအနေ၊ သတင်းအချက် အလက်များကို သေချာစေ့ငုစွာမသိရှိ၊ မလေ့လာရသေးခင် မည်သည့်ပါတီ၊ အဖွဲ့အစည်း၏ ကျောထောက်နောက်ခံ ပြုကာ မည်သည့်ပါတီနှင့် မည်သူ့ကို ချေမှုန်းရန် ထူထောင်မည့်ပါတီ ဖြစ်ကြောင်း ကြိုတင်မှန်းဆ ဝေဖန်မှုများက ယင်းပါတီသစ်အပေါ် စိတ်ဝင်စားမှု မြင့်တက်လာစေခဲ့သည်။

မည်သို့သော ဝေဖန်၊ ပြစ်တင်မှုများ ရှိနေစေကာမူ ပါတီထူထောင်မည့် သူများ မိမိတို့ကိုယ်ကို ယုံကြည်မှု၊ လေးစားမှုရှိစေရန် မည်သူ၊ မည်သည့်အဖွဲ့ အစည်း၏ အထောက်အပံ့၊ အကူအညီ၊ သြဇာသက်ရောက်မှုမျှ မရှိဘဲ လွတ်လပ်၍ အမှီအခိုကင်းသောပါတီ ဖြစ်ကြောင်း သက်သေပြရန် ဗွေဆော်ဦး လိုအပ်မည်ဖြစ်သည်။

သို့သော် နိုင်ငံတော်သမ္မတရုံး၏ နိုင်ငံရေးအကြံပေး အဖွဲ့ဝင်တစ်ဦးဖြစ်ပြီး အစဉ်အလာ ကြီးမားလှသည့် ရန်ကုန်တက္ကသိုလ် ဘွဲ့နှင်းသဘင်တွင်ပင် ၎င်းထူထောင်ထားသော နိုင်ငံရေးစီမံခန့်ခွဲမှု သင်တန်းကျောင်း၏ သင်တန်းဆင်းလက်မှတ် ပေးအပ်ချီးမြှင့်နိုင်သည့် ဦးနေဇင်လတ်ကဲ့သို့ ပုဂ္ဂိုလ်မျိုး နာယကအဖြစ် ပါဝင်နေသော ပါတီဖြစ်နေခြင်းနှင့် ပါတီထူထောင်ခါစ တွင်ပင် ကိုယ်စားလှယ် အရေအတွက် ၄၀၀ အထိ ပါဝင်ယဉ်ပြိုင်မည်ဟု ဆိုထားခြင်းမှာ များစွာ မေးခွန်းထုတ်ဖွယ် ဖြစ်သည်။

ထို့အပြင် အာဏာနိုင်ငံရေးအလို့ငှာ ပါတီထူထောင်ကာ ရွေးကောက်ပွဲ ယှဉ်ပြိုင်မည်ဟု ဆိုထားသော်လည်း နာမည်ပျက် ကင်းရှင်းသူ တပ်မတော် အရာရှိဟောင်းအချို့လည်း ပါဝင်မည့် ပါတီသစ်တစ်ခုအနေနှင့် အခြားပြိုင်ဘက် ပါတီများအား သူတင်ကိုယ်တင် ယှဉ်ပြိုင်ရမည့် ရွေးကောက်ပွဲမတိုင်မီ တပ်မတော်အပါအဝင် နိုင်ငံရေးအင်အားစု အားလုံးနှင့် လက်တွဲဆောင်ရွက် သွားရန် မူဝါဒချမှတ်ခြင်းမှာလည်း များစွာ ချင့်ချိန်စဉ်းစားဖွယ် ဖြစ်နေ ပြန်သည်။

မည်သို့ပင်ဖြစ်စေ လက်ရှိ အာဏာရပါတီနှင့် လက်ရှိအစိုးရအပေါ် စိတ်ပျက်လက်ပျက် ရှိနေကြသူများ၊ အတိုက်အခံပါတီ အပေါ် အားမလိုအားမရ ဖြစ်နေသူများနှင့် ပြည်သူအပေါ် အမှန်တကယ် ဗဟိုပြုစဉ်းစားသည့် အပြောင်းအလဲများကို မျှော်လင့် တောင့်တကြသူများက မည်သည့်ပါတီကို မဲပေး ရွေးချယ်ကြမည်ဆိုခြင်းမှာ လာမည့်ရွေးကောက်ပွဲ လွတ်လပ်ပြီး တရားမျှတမှု ရှိလျှင် ရှိသလို ပြည်သူလူထုက အဆုံးအဖြတ် ပေးပေလိမ့်မည်။

အယ်ဒီတာ (၂၁ - ၄ -၂၀၁၅)
The Voice Weekly

No comments:

Post a Comment