Friday, April 3, 2015

လူခုနစ်ဦး ဒဏ်ရာရသည့် ရုန်းရင်းဆန်ခတ်မှု လေးရက်ကြာသည့်အထိ ရဲတပ်ဖွဲ့ အမှုဖွင့်မပေးဟုဆို

လှိုင်သာယာမြို့နယ် အပြင်ပဒံ ကျေးရွာအုပ်စု ကျွန်းကြီးကျေးရွာတွင် လွန်ခဲ့သော လေးရက်က ဦးဘိုးသာ ပိုင်ဆိုင်သည်ဟု ဆိုသော လယ်မြေ ပေါ်တွင် EVER DEPELOPMENT ကုမ္ပဏီနှင့် မြေပိုင်ရှင်တို့အကြား မြေအငြင်းပွားမှုကြောင့် ရုန်းရင်းဆန်ခတ်မှု ဖြစ်ပွားရာ ခုနစ်ဦး ဒဏ်ရာရရှိခဲ့မှုကို သောင်ကြီးနယ်မြေ ရဲစခန်းက အမှုဖွင့်မပေးဟု မြေပိုင်ရှင် ဦးဘိုးသာ၏ အဆိုအရ သိရသည်။
ဧပြီလ ၂ ရက်နေ့ မွန်းလွဲ ၁ နာရီ အချိန်တွင် ကျောက်တံတားမြို့နယ်ရှိ Myanmar Journalist Network (MJN) ရုံးခန်းတွင် ကျင်းပပြုလုပ်သော ရုန်းရင်းဆန်ခတ်မှုနှင့် ပတ်သက်၍ သတင်းစာရှင်းလင်းပွဲတွင် လယ်ပိုင်ရှင် ဦးဘိုးသာက အထက်ပါအတိုင်း ပြောဆိုခြင်း ဖြစ်သည်။

မတ်လ ၁၈ ရက်နေ့က ဦးဘိုးသာ ပိုင်ဆိုင်သော လယ်မြေတွင် EVER DEPELOPMENT ကုမ္ပဏီမှ တာဝန်ရှိသူများက လာရောက်ပြီး လမ်းဖောက် လုပ်ခြင်း၊ အုတ်တံတိုင်း ကာရံခြင်းများ ပြုလုပ်နေသည်ကို လယ်ပိုင်ရှင် မိသားစုက မတ်လ ၂၈ ရက်နေ့တွင် မိမိပိုင်သော မြေများတွင် သံဆူးကြိုးများ ကာရံခဲ့ကြောင်း၊ ယင်းအကာအရံများကို မတ်လ ၂၉ ရက်နေ့ နံနက် ၉ နာရီခွဲခန့်က ကုမ္ပဏီ တာဝန်ရှိသူများနှင့်အတူ ၎င်းတို့ခေါ်ဆောင်လာသော လူအချို့က မြေတူးစက်ဖြင့်ထိုးခြင်း၊ လေးခွဖြင့်ပစ်ခြင်း၊ ဓားဖြင့်လိုက်ခြင်း၊ လုံးထွေးသတ်ပုတ်ခြင်းများ ပြုလုပ်ခဲ့ကြောင်း ဦးဘိုးသာက ပြောကြားသည်။
အဆိုပါ ရုန်းရင်းဆန်ခတ်မှုတွင် မိသားစုဝင် ခုနစ်ဦး ဒဏ်ရာရရှိခဲ့မှုကြောင့် ပါဝင်သူများကို သောင်ကြီးမြောက် နယ်မြေရဲစခန်းတွင် အမှုဖွင့်ခဲ့သော်လည်း ယနေ့တိုင် အမှုဖွင့်လှစ်ကာ အရေးယူခြင်း မရှိကြောင်း ဦးဘိုးသာထံမှ သိရှိရသည်။
“သူတို့ မြေတူးစက်နဲ့ ထိုးနေတော့ ကျွန်မတို့ မောင်နှမတွေက သံဆူးကြိုးရဲ့ ဒီဘက်အခြမ်းမှာ လူတွေက ဝုန်းခနဲ ရောက်လာပြီး ဓားတွေနဲ့ခုတ် တုတ်တွေနဲ့ရိုက် လုပ်တယ်။ မောင်လေးရဲ့ခေါင်းကို ဖိနပ်နဲ့နင်းပြီး ဓားနဲ့ခုတ် ဖို့ ရွယ်နေတုန်း ကျွန်မတို့က တောင်းပန်လိုက်လို့ ဓားနဲ့မခုတ်မိတာ” ဟု ဦးဘိုးသာ၏ သမီးဖြစ်သူ မမိုးမိုးစံက ပြောကြားသည်။
အဆိုပါကိစ္စနှင့် ပတ်သက်၍ နှစ်ဖက်အပြန်အလှန် အမှုဖွင့်ထားပြီး အမှုဖွင့် မပေးသည်မှာ မဟုတ်မှန်ကြောင်း၊ ယင်းအမှုနှင့် ပတ်သက်၍ ပြီးခဲ့သော ရက်ပိုင်းက ဦးဘိုးသာ၏ မိသားစုဝင်များထံ သွားရောက်မေးမြန်းခဲ့ကြောင်း ယင်းနယ်မြေရဲစခန်းမှ တာဝန်ကျ ရဲအရာရှိတစ်ဦးက ဖြေကြားသည်။
အဆိုပါ ရုန်းရင်းဆန်ခတ်မှုကြောင့် ဦးဘိုးသာ၏ သမီးနှစ်ဦး အပါအဝင် ခုနစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပြီး အသက် ၂၃ နှစ်အရွယ် ကိုကျော်မင်းစိုးမှာ ရန်ကုန်ပြည်သူ့ဆေးရုံကြီး ဦးနှောက်နှင့် အာရုံကြော ဆေးကုဌာနတွင် ယနေ့ထက်တိုင် ဆေးကုသမှု ခံယူနေရကြောင်း၊ ယင်းရုန်းရင်းဆန်ခတ်မှုတွင် လယ်ကွက်အတွင်း ဆောက်လုပ်ထားသည့် လယ်တဲသုံးလုံး၊ ဖုန်းလေးလုံး၊ အသံဖမ်းစက်များပါ ပျက်စီးဆုံးရှုံးကြောင်း ၎င်းမိသားစုဝင်များထံမှ သိရှိရသည်။
Credit to The Voice Weekly

No comments:

Post a Comment