Wednesday, April 22, 2015

အမျိုးသမီးငယ်များအား အိုင်စီတီ ပညာသင်ဆု ချီးမြှင့်မည့် ပြပွဲကျင်းပ

ရန်ကုန် (မဇ္ဈိမ)။ ။ ဧပြီ ၂၃ ရက်တွင် ရန်ကုန်၌ ပထဦးဆုံးအကြိမ် ကျင်းပမည့် girl in ICT နေ့ ပြပွဲတွင် အမျိုးသမီးငယ်များအတွက် အိုင်စီတီ ပညာသင်ဆု ချီးမြှင့်သွားမည်ဟု ယင်းပွဲစီစဉ်သည့်  မြန်မာနိုင်ငံ ယုဝတီ ခရစ်ယာန်အသင်းမှ အထွေအထွအတွင်းရေးမှူး ဒေါ်ဇင်မာဦးထံမှ သိသည်။
girl in ICT နေ့ ပြပွဲကို မြန်မာနိုင်ငံတွင် ပထမဆုံးအကြိမ်အဖြစ် မြန်မာနိုင်ငံ ယုဝတီ ခရစ်ယာန် အသင်းနှင့် MIDO အဖွဲ့တို့ ပူးပေါင်းကျင်းပခြင်း ဖြစ်သည်။ ယင်းပြပွဲကို ဧပြီ ၂၃ ရက်တွင်ရန်ကုန်မြို့ ဗိုလ်ကလေး ဈေးလမ်းရှိ YWCA ခန်းမတွင် နံနက် ၁၀ နာရီမှ ညနေ ၄ နာရီအထိ ကျင်းပမည် ဖြစ်သည်။

ဒေါ်ဇင်မာဦးက "ဒီပွဲက အမျိုးသမီးငယ်တွေ နည်းပညာကဏ္ဍမှာ ပိုမိုစိတ်ဝင်စားလာပြီး သူတို့ရဲ့နေ့စဉ် နေထိုင်မှုဘဝမှာ အိုင်တီကို ကောင်းစွာအသုံးချနိုင်ဖို့နဲ့ ရင်းနှီးကျွမ်းဝင်စေဖို့ ရည်ရွယ်ပါတယ်။ ဘယ်လို အသုံးချ ရမယ်ဆိုတာကို ဝေမျှချင်တာကြောင့် ပညာသင်ဆုကိုလည်း ပေးအပ်တာ ဖြစ်ပါတယ်” ဟု ဆိုသည်။
MIDO အဖွဲ့မှ တာဝန်ရှိသူတစ်ဦးဖြစ်သည့် မထိုက်ထိုက်အောင်က "ဒီပွဲမှာက အဓိက ရည်ရွယ်တာကတော့ အိုင်တီကို လက်လှမ်းမမှီတဲ့ သာမန် အမျိုးသမီးငယ်တွေအတွက်  အိုင်တီကို နေ့စဉ် အသုံးပြုနိုင်ဖို့ သင်တန်းတွေ ပေးဖို့ပါ။ အိုင်တီသင်ကြားခွင့်ရတဲ့ အမျိုးသမီးတွေကိုလည်း အိုင်တီနဲ့ အသက်မွေးဝမ်းကျောင်း ဆက်လက်လုပ်ကိုင်ဖို့ တိုက်တွန်းသွားမယ်” ဟု မဇ္ဈိမကို ပြောသည်။
ယင်း အိုင်တီသင်တန်းများတွင် အမျိုးသမီးငယ်များကို  မိုဘိုင်းဖုန်းမှတစ်ဆင့် အိုင်တီအသုံးပြုခြင်း၊ အခြေခံအိုင်တီ နည်းပညာ သိရှိထားရုံဖြင့် အလုပ်အကိုင်အခွင့်အလမ်း ရှာဖွေခြင်းတို့ကို သင်ကြားပေးသွားမည်ဖြစ်ပြီး အခြေခံတတ်ကျွမ်းပြီးသူများကို အဆင့်မြင့် အိုင်တီသင်တန်းများ ဆက်လက်တက်ရောက် နိုင်ရန် ကူညီပေးသွားမည်ဟုလည်း မထိုက်ထိုက်အောင်က ဆိုသည်။    
girl in ICT နေ့ကို ဧပြီ ၂၃ ရက်တွင် ကမ္ဘာတစ်ဝန်းလုံးတွင် တစ်ပြိုင်နက်တည်း ကျင်းပလေ့ရှိပြီး အမျိုးသမီးငယ်များက အိုင်တီနယ်ပယ်တွင် ပိုမိုစိတ်ဝင်စားကာ ယင်းတို့အတွက် သိပ္ပံနည်းပညာ၊ အင်ဂျင်နီယာနှင့် သင်္ချာနယ်ပယ်တို့တွင် စူးစမ်းလေ့လာနိုင်သော အခွင့်အလမ်းများ ဖန်တီးပေးသည့် အစီအစဉ်များ ထည့်သွင်း ကျင်းပလေ့ရှိသည်ဟုလည်း ၎င်းက ဆိုသည်။
ယင်းပွဲတွင်  အိုင်တီနယ်ပယ်နှင့် အနုပညာနယ်ပယ်တို့မှ အောင်မြင်နေသည့် အမျိုးသမီးများ၏ အတွေ့အကြုံ နှီးနှောဖလှယ် ဆွေးနွေးပွဲ၊ အမျိုးသမီးနှင့် နည်းပညာနယ်ပယ် ဆက်နွယ်မှုဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲများ ပါဝင်မည်ဖြစ်ပြီး အမျိုးသမီးနှင့် ဆိုင်ဘာ တိုက်ခိုက်မှုဆိုင်ရာ တန်ပြန်ခြင်း၊ အမျိုးသမီးနှင့် နည်းပညာ အသုံးချခြင်း၊ အမျိုးသမီးနှင့် အိုင်တီနယ်ပယ် အလုပ်အကိုင် အခွင့်အလမ်းများ စသည့် ခေါင်းစဉ်များဖြင့် ဆွေးနွေးကြမည် ဖြစ်သည်။
Mizzima 

No comments:

Post a Comment