Saturday, April 11, 2015

မိုးနဲမြို့နယ်အတွင်းရှိကျေးရွာများအား RCSS/SSA အဖွဲ့မှရိက္ခာနှင့် ဆက်ကြေးငွေများ အတင်းအကြပ်ကောက်ခံ


ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုးနဲမြို့နယ်၊ ဝမ်နားကျေးရွာအုပ်စု၊ နောင်ချိုကျေးရွာအတွင်းသို့ဧပြီလ ၈ရက်နေ့ တွင် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီနှင့် ရှမ်းပြည်တပ်မတော် (RCSS/SSA) အဖွဲ့ရောက်ရှိလာပြီး ဆန်နှင့် ဆက်ကြေးငွေများကောက်ခံလျက်ရှိကြောင်းယင်းဒေသခံရွာသားများထံမှ သိရသည်။

အဆိုပါအဖွဲ့သည် ဝမ်နားကျေးရွာအုပ်စု၊ နောင်ချိုကျေးရွာသို့ ရောက်ရှိလာပြီးရွာထဲမှ တာဝန်ရှိသူတစ်ဦး အား ခေါ်ယူကာ တစ်အိမ်ထောင်လျှင် ဆန် ၂ ပြည်နှင့်ဆက်ကြေးငွေ ၁၀၀၀၀ နှုန်းပေးရန်တောင်းခံခဲ့ ကြောင်း ရွာသားတစ်ဦး၏ ပြောပြချက်အရသိရသည်။

“ရွာထဲမှာလည်းစပါးပေါ်တဲ့ အချိန်ဆိုစပါးတောင်းတယ်၊ အခုဟာက ဆက်ကြေးရော၊ ဆန်ရောဆိုတော့ ဘယ် ကနေ ဘယ်လိုရှာပေးရမှန်းမသိဘူး၊ ကိုယ့်ဝမ်းစာထဲကပေးပေးနေရတာ၊ ဆက်ကြေးငွေကတော့ ရှိတာ လေးရောင်းချပြီးပေးရမှာပဲ၊ ကိုယ့်အသက်အန္တရာယ်ခြိမ်းခြောက် မခံရအောင်လေ” ဟုရွာသားတစ်ဦး ကသည်။

အဆိုပါအဖွဲ့နေဖြင့် ယင်းကျေးရွာအုပ်စုများအပြင် အခြားပတ်ဝန်းကျင်ကျေးရွာ များကိုလည်း ဆန်နှင့် ဆက်ကြေး ငွေများ လိုက်လံတောင်းခံလျက်ရှိကြောင်း လည်းသိရသည်။

အပစ်အခတ်ရပ်စဲရေးကို နိုင်ငံတော်အဆင့် သဘောတူညီလက်မှတ်ထိုး ထားသောRCSS/SSA အဖွဲ့ အနေဖြင့် တစ်ဖက်နှင့်တစ်ဖက် ယုံကြည်မှု ပျက်ပြားစေနိုင်သောကိစ္စရပ်များဖြစ်သည့် လူသစ်စုဆောင်း ခြင်း၊ ဆက်ကြေးငွေ ကောက်ခံခြင်းနှင့် ရိက္ခာများတောင်းခံခြင်းတို့ကို မပြုလုပ်သင့်ကြောင်း မိုးနဲမြို့ခံ ဆရာဝန်တစ်ဦး ကပြောကြား သွားသည်။

စိုင်းအောင်
Credit >>> Shan News

No comments:

Post a Comment