Friday, April 10, 2015

‘၀’ တောင်းပိုင်းမှာ တပ်ဖွဲ့ဝင် မင်္ဂလာစုံတွဲ (၁၇၉) တွဲကို စုပေါင်း မင်္ဂလာဆောင်ပေးခြင်းဖြင့် လူဦးရေတိုးပွား အောင် UWSA အဖွဲ့ လုပ်ဆောင်နေ

‘၀’ ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) ၊ စစ်ဒေသ (၁၇၁) ၊ ဒုစစ်ဒေသမှူး အိုက်လောက်မှ ဦးစီး၍ အေပြီ ၈ ရက်နေ့တွင် တပ်ဖွဲ့ဝင် မင်္ဂလာစုံတွဲ (၁၇၉) တွဲကို စုပေါင်းမင်္ဂလာ အခမ်းအနားကျင်းပ ပြုလုပ်ပေး ခဲ့ကြောင်း ယင်းဒေသခံများထံမှ သတင်းရရှိသည်။

အဆိုပါ မင်္ဂလာအခမ်းအနားအား ဟွေအောခန်းမ၌ ကျင်းပပြုလုပ် ခဲ့ပြီး ငွေကြေး မတတ်နိုင်သည့် တပ်ဖွဲ့ဝင် များ အား UWSA ခေါင်းဆောင် ပိုင်းမှ အကုန်အကျခံကာ စီစဉ်ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း ယင်းအဖွဲ့မှပြော ရေး ဆိုခွင့်ရှိသူ ‘၀’ ခေါင်းဆောင်တစ်ဦးထံမှ သိရသည်။
“ မင်္ဂလာစုံတွဲ ၁၇၉ တွဲကို တစ်ခါတည်း မင်္ဂလာဆောင်ဖို့ဆိုတာ လွယ်တာမှ မဟုတ်တာဗျာ ၊ ပြီးတော့ တပ်ဖွဲ့ ၀င်တွေနဲ့ မှီခိုမိသားစုဝင်တွေကို ပြန်ပေး စားတာလို့ သတင်းလွှင့်ထားတယ်၊ ဒီ ‘၀’ တောင်ပိုင်းမှာ အရင်က ‘၀’ လူမျိုးတွေ သိပ်မရှိပါဘူး ၊ အခုမှ ဘယ်ကပေါက်ချလာမှန်းလည်းမသိဘူး ” ဟု ‘၀’ အရေးလေ့လာသုံးသပ်သူ သတင်းထောက်တစ်ဦးက ဆိုသည်။
UWSA ခေါင်းဆောင်ပိုင်းမှ ငွေကြေးမတတ်နိုင်သည့် တပ်ဖွဲ့ဝင်များအား စီစဉ်ပေးခြင်းဟု ဆိုသော်လည်း တကယ့် လက်တွေ့မှာမူ အသက် (၂၅) နှစ် အထက်အရွယ်ရောက်ပြီး အိမ်ထောင်မကျသေးသည့် တပ်ဖွဲ့ဝင် များနှင့် မှီခိုမိသားစုဝင် များ၏ သမီးမိန်းကလေးများအား အတင်းပေး စားခြင်းဖြစ်ကြောင်း အမည် မဖော်လိုသူ မိခင်တစ်ဦးထံမှ သိရသည်။
“ မှီခိုသူတွေထဲမှာ ‘၀’ မဟုတ်တဲ့ အခြားတိုင်းရင်းသူတွေလည်း ပါနိုင်တာပဲလေ၊ အခုလို တစ်ချိန်တည်း ၁၇၉ တွဲကို မင်္ဂလာဆောင်ပေး တာဟာ UWSA ခေါင်းဆောင်တွေအနေနဲ့ လူဦးရေ တိုးပွားအောင်လုပ်နေ တဲ့ သဘောပါ၊ ဒီဒေသမှာ ‘၀’ တွေ အင်အား အဆမတန်တိုးပွားလာရင် အခြားတိုင်းရင်းသားတွေအတွက် တော့စိုးရိမ်စရာပေါ့၊ ဒါ့ကြောင့် အခြားတိုင်းရင်းသား တွေအနေနဲ့ ‘၀’ ရဲ့ လူမျိုးတိုးပွားအောင်လုပ်တဲ့ အပေါ်မှာ သတိထားသင့်တယ် ” ဟု ဒေသခံ ရှမ်းတိုင်းရင်းသားတစ်ဦး က ပြောသည်။
လွင်ကို
Shan News

No comments:

Post a Comment