Sunday, May 24, 2015

မြန်မာအသင်းကို နယူးဇီလန်ရောက် မြန်မာများ လေဆိပ်တွင် ကြိုဆိုမည်


အသက် ၂၀ နှစ်အောက် ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ရန် နယူးဇီလန်နိုင်ငံသို့ မေလ ၂၄ ရက်နေ့တွင် ရောက်ရှိမည့် မြန်မာဘောလုံးအသင်းကို လေဆိပ်တွင် သွားရောက်ကြိုဆိုမည် ဖြစ်ကြောင်း မြန်မာ့ဂုဏ်ရည်အသင်း (နယူးဇီလန်) ဥက္ကဋ္ဌ ဦးမြင့်အောင်က ပြောကြားသည်။
မြန်မာဘောလုံးအသင်းသည် ယင်းနေ့ ညနေပိုင်းတွင် အော့ကလန်လေဆိပ်သို့ ဆိုက်ရောက်မည်ဖြစ်ပြီး ယင်းမှတစ်ဆင့် အုပ်စုပထမဆုံးပွဲ ကစားမည့် ဖန်ဂလေမြို့သို့ ကားဖြင့် သွားရောက်မည် ဖြစ်သည်။ အော့ကလန်မှ ဖန်ဂလေမြို့သို့ ကားမောင်းချိန် နှစ်နာရီခွဲခန့် ကြာမြင့်သည်။

မြန်မာအသင်း အော့ကလန်လေဆိပ်သို့ ရောက်ရှိစဉ်အတွင်း အော့ကလန်မြို့နေ မြန်မာများ သွားရောက်ကြိုဆိုရန် စီစဉ်နေခြင်း ဖြစ်ပြီး မြန်မာ့ဂုဏ်ရည်အသင်း အနေနှင့် ကလေးငယ်များနှင့် လူငယ်များအတွက် ဘတ်စ်ကားတစ်စီ ပံ့ပိုးမည်ဖြစ်ကြောင်း ဦးမြင့်အောင်က ပြောကြားသည်။
“ကိုယ့်အစီအစဉ်နဲ့ ကိုယ်သွားမယ့် လူတွေနဲ့ဆို စုစုပေါင်း ၁၀၀ လောက် ဖြစ်သွားနိုင်တယ်” ဟု ၎င်းကဆိုသည်။
မြန်မာဘောလုံးအသင်းကို ကြိုဆိုမည့် ကိစ္စနှင့် ပတ်သက်ပြီး မြန်မာဘောလုံးအဖွဲ့ချုပ်သို့ အီးမေးလ်မှတစ်ဆင့် ဆွေးနွေးမေးမြန်းခဲ့သော်လည်း ရောက်ရှိမည့် အချိန်မှလွဲ၍ အခြားအသေးစိတ် အကြောင်းအရာများ မသိရသေးသဖြင့် ကြိုဆိုမည့် အသေးစိတ်ကိစ္စကို မပြောနိုင်သေးကြောင်း ဦးမြင့်အောင်က ပြောဆိုသည်။
“အချိန်ဘယ်လောက်ကြာကြာ တွေ့ဖြစ်မယ် အဲဒီလိုမျိုး အသေးစိတ်ကိစ္စတွေ မသိရသေးဘူး” ဟု ၎င်းကဆိုသည်။
သြစတြေးလျနိုင်ငံတွင် မေလ ၁၄ ရက်နေ့က စတင်၍ စခန်းသွင်း လေ့ကျင့်မှုနှင့် ခြေစမ်းကစားပွဲများ ပြုလုပ်ခဲ့သည့် မြန်မာ ယူ ၂၀ အသင်းသည် မေလ ၂၄ ရက်နေ့တွင် နယူဇီလန်နိုင်ငံသို့ ထွက်ခွာမည်ဖြစ်ကြောင်း ယူ ၂၀ အသင်းနှင့်အတူ လိုက်ပါသွားသည့် အသင်း၏ ပြန်ကြားရေးတာဝန်ခံ ဦးစိုးမိုးကျော်က ပြောကြားခဲ့သော်လည်း မည်သည့်အချိန်တွင် ရောက်ရှိမည်ကိုမူ ပြောဆိုခဲ့ခြင်း မရှိပေ။
မြန်မာ ယူ ၂၀ အသင်းသည် မတ်လ ၂၃ ရက်နေ့က စတင်ကာ ပဏာမ လက်ရွေးစင်ကစားသမား ၂၄ ဦးဖြင့် ဥရောပနိုင်ငံများသို့ ခြေစမ်းခရီးနှစ်ကြိမ် ထွက်ခွာခဲ့ပြီး ခြေစမ်းပွဲ ၁၂ ပွဲ ကစားခဲ့ရာ ခြောက်ပွဲနိုင်၊ နှစ်ပွဲသရေ၊ လေးပွဲရှုံးနိမ့်ခဲ့သည်။ ပြည်တွင်း၌ ခြေစမ်းကစားခဲ့သည့် သုံးပွဲတွင် သုံးပွဲစလုံး အနိုင်ရထားသည်။
မြန်မာယူ ၂၀ အသင်းကို နည်းပြချုပ်အဖြစ် ဂျာမနီနိုင်ငံသား ဂတ်ဖရိုင်းဒရစ်ခ်ျ၊ လက်ထောက်နည်းပြအဖြစ် ဦးညီညီလတ်၊ ဂိုးနည်းပြအဖြစ် ဦးအောင်ကျော်ကျော်၊ အကြောနှင့် ကြံ့ခိုင်မှုနည်းပြများအဖြစ် ဂျာမနီနိုင်ငံသား နည်းပြနှစ်ဦးတို့က လေ့ကျင့်ပြင်ဆင်ပေးလျက် ရှိကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ထံမှ သိရသည်။
မြန်မာအသင်းသည် အုပ်စု (က) တွင် ပါဝင်နေပြီး အိမ်ရှင်နယူဇီလန်၊ ဥရောပဘောလုံး ထိပ်တန်းနိုင်ငံများ ဖြစ်သည့် အမေရိကန်၊ ယူကရိန်းတို့နှင့် ယှဉ်ပြိုင်ရမည်ဖြစ်ရာ နည်းပြချုပ်ဂတ်ဇီ (ဂတ်ဖရိုင်းဒရစ်ခ်ျ) က ရှုံးထွက်အဆင့်အထိ တက်လှမ်းနိုင်အောင် ကြိုးစားမည်ဟု ကတိပြုထားသည်။
ယူကရိန်းအသင်းသည် မေလ ၂၀ ရက်နေ့ကတည်းက နယူးဇီလန်သို့ ရောက်ရှိနေပြီ ဖြစ်သည်။
သမိုင်းတစ်လျှောက် ပထမဆုံးအကြိမ်အဖြစ် ကမ္ဘာ့ဖလားဝင်ခွင့်ရသော မြန်မာဘောလုံးအသင်းသည် နယူးဇီလန်မြောက်ပိုင်းရှိ ဖန်ဂရေမြို့တွင် အမေရိကန်၊ ယူကရိန်းတို့နှင့် ယှဉ်ပြိုင်ကစားမည် ဖြစ်ပြီး နောက်ဆုံးပွဲစဉ်အဖြစ် အိမ်ရှင် နယူးဇီလန်အသင်းနှင့် မြို့တော်ဝယ်လင်တန်တွင် ယှဉ်ပြိုင်ကစားမည် ဖြစ်သည်။
အသင်းကို သွားရောက်ကြိုဆိုမည့် မြန်မာ့ဂုဏ်ရည်အသင်းကို နယူးဇီလန်ရောက် မြန်မာများ၏ သာရေးနာရေးကိစ္စများ လုပ်ဆောင်နိုင်ရန် ယမန်နှစ် နိုဝင်ဘာလက ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။
မြန်မာယူ ၂၀ အသင်းသည် ၂၀၁၄ ခုနှစ်အတွက် နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန် ချီးမြှင့်သည့် အားကစား စွမ်းဆောင်ရည်ဆုကို ရရှိထားသည့် အသင်းလည်း ဖြစ်သည်။
မြန်မာယူ ၂၀ အသင်းသည် မေလ ၃၀ ရက်နေ့တွင် အမေရိကန်အသင်းနှင့် မြန်မာစံတော်ချိန် နံနက် ၁၀ နာရီ မိနစ် ၃၀၊ ဇွန်လ ၂ ရက်နေ့တွင် ယူကရိန်းအသင်းနှင့် မြန်မာစံတော်ချိန် နံနက် ၇ နာရီ မိနစ် ၃၀ တို့တွင် ယှဉ်ပြိုင်ရမည် ဖြစ်ပြီး ဇွန်လ ၅ ရက်နေ့တွင် အိမ်ရှင် နယူးဇီလန်ယူ ၂၀ အသင်းနှင့် ယင်းနေ့ မွန်းလွဲ ၁ နာရီ မိနစ် ၃၀ (မြန်မာစံတော်ချိန်) တွင် ယှဉ်ပြိုင်ရမည် ဖြစ်သည်။
The Voice Weekly

No comments:

Post a Comment