Monday, May 25, 2015

ယခုနှစ် တက္ကသိုလ်ဝင်ခွင့်စနစ် ပြောင်းမည်မဟုတ်ဟု ပညာရေးအတွင်းဝန်ဆို

အဆင့်မြင့်ပညာတက္ကသိုလ်များကို ဝင်ခွင့်စာမေးပွဲ ဖြေဆိုပြီးမှ တက်ရောက်ခွင့်ပြုရန် ပညာရေး ဝန်ကြီးဌာနက စီစဉ်နေသော်လည်း ယခု ၂၀၁၅-၂၀၁၆ တက္ကသိုလ်ပညာသင်နှစ်တွင်မူ အပြောင်းအလဲရှိဦးမည် မဟုတ်ကြောင်း ပညာရေး ဝန်ကြီးဌာန အတွင်းဝန် ဒေါက်တာစိုးဝင်းက ပြောကြားသည်။
မေလ ၂၃ ရက် ညနေ ၃ နာရီခန့်က ရန်ကုန်တက္ကသိုလ် စိန်ရတုခန်းမတွင် ပြုလုပ်သော တက္ကသိုလ်ဝင်ခွင့်စနစ်သစ် ပြောင်းလဲရေး နှီးနှောဆွေးနွေးပွဲတွင် ၎င်းက ပြောကြားခြင်း ဖြစ်သည်။
“ပြင်ဆင်စရာတွေက အများကြီးပါ။ စနစ်သစ် ကျင့်သုံးမယ်ဆိုလည်း အခြေခံပညာကျောင်းတွေကို အသိပေးသွားမှာပါ” ဟု အဆင့်မြင့်ပညာဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်လည်း ဖြစ်သူ အတွင်းဝန် ဒေါက်တာစိုးဝင်းက ပြောဆိုသည်။

တက္ကသိုလ်ဝင်ခွင့်စနစ် အပြောင်းအလဲအတွက် သက်ဆိုင်ရာ တက္ကသိုလ်အလိုက် ဝင်ခွင့်စာမေးပွဲ ကျင်းပရန် အစီအစဉ်အပြင် ခေတ်စနစ်နှင့် လိုက်လျောညီထွေသော တက္ကသိုလ်ဝင်ခွင့် လမ်းညွှန်မှုဖြစ်ရန် လိုအပ်ကြောင်း အဆင့်မြင့်ပညာ အသိုင်းအဝိုင်းက အကြံပြုကြသည်။
“ဝင်ခွင့်စာမေးပွဲအတွက် ကျောင်းသား၊ မိဘတွေကို လုံလောက်တဲ့ အသိပေးမှု၊ ပြင်ဆင်ချိန်၊ ကုန်ကျစရိတ်တွေကိုလည်း စဉ်းစားရပါတယ်” ဟု မန္တလေးတက္ကသိုလ် အငြိမ်းစားပါမောက္ခချုပ် ဒေါက်တာမောင်သင်းက ပြောကြားသည်။
တက္ကသိုလ်ဝင်ခွင့်စနစ်ကို ၂၀၁၅-၂၀၁၆ တက္ကသိုလ်ပညာသင်နှစ်တွင် မစတင်ရန် တက္ကသိုလ် ၁၃၄ ခုမှ ပါမောက္ခချုပ်များနှင့် ပါမောက္ခများက မေလ ၂၃ ရက် အစည်းအဝေးတွင် သဘောတူ ဆုံးဖြတ်ခဲ့ကြောင်း ယင်းပါမောက္ခချုပ်များက ဆိုသည်။
အဆိုပါ ဝင်ခွင့်စနစ်သစ်ကို အမျိုးသားပညာရေး ဥပဒေ၊ အဆင့်မြင့်ပညာရေး ဥပဒေနှင့် တက္ကသိုလ်ပဋိညာဉ်တို့ ရေးဆွဲအတည်ပြုပြီးမှသာ တရားဝင်ကျင့်သုံးနိုင်ဖွယ် ရှိကြောင်း အဆင့်မြင့်ပညာ အသိုင်းအဝိုင်းက သုံးသပ်ကြသည်။
လက်ရှိ တက္ကသိုလ်ဝင်ခွင့်လမ်းညွှန် အပြောင်းအလဲစနစ်သစ်ကို လာမည့် ဇွန်လနှင့် ဇူလိုင်လတို့တွင်လည်း ထပ်မံဆွေးနွေးသွားမည် ဖြစ်ကြောင်း ၎င်းတို့က ဆက်လက်ပြောကြားသည်။
ပညာရေး ဝန်ကြီးဌာန၏ အဆင့်မြင့်ပညာကဏ္ဍ မြှင့်တင်ရေး ဆွေးနွေးပွဲကို မေလ ၂၂ ရက်မှ ၂၅ ရက်အထိ ရန်ကုန်တက္ကသိုလ် စိန်ရတုခန်းမတွင် ကျင်းပလျက်ရှိသည်။
The Voice Weekly

No comments:

Post a Comment