Tuesday, May 26, 2015

ပြည်တွင်းတွင် နိုင်ငံအဆင့် ဆိုင်ဘာလုံခြုံရေး ဆောင်ရွက်ထားမှု သုည အဆင့်သာ ရှိဟုဆို

ပြည်တွင်းတွင် နိုင်ငံအဆင့် ဆိုင်ဘာ လုံခြုံရေးအတွက် ဆောင်ရွက်ထားမှု မရှိသလောက် ဖြစ်နေပြီး သုည အဆင့်သာရှိကာ ဆိုင်ဘာတိုက်ခိုက်မှုများ အတွက်လည်း သီးခြားကာကွယ် ဆောင်ရွက်မည့် အဖွဲ့အစည်း များမရှိဟု ရန်ကုန်တိုင်းဒေသကြီး၊ ကွန်ပျူတာပညာရှင်အသင်း၊ နည်းပညာကော်မတီဥက္ကဋ္ဌ ဦးရဲကျော်သိန်း က မဇ္ဈိမကို ပြောသည်။

ဦးရဲကျော်သိန်းက “ပြည်တွင်းမှာ နိုင်ငံအဆင့်ဆိုင်ဘာလုံခြုံရေး ဆောင်ရွက်ထားမှုကို ပြောပါဆိုရင် သုညပဲ။ နိုင်ငံအနေနဲ့ လုပ်တာမျိုး မရှိဘူး။ လူတစ်ယောက်ချင်းစီရဲ့ အသိနဲ့ဆိုင်တယ်။ အခြေခံအဆောက် အဦးပိုင်း လိုအပ်ချက်တွေရှိတယ်” ဟု ဆိုသည်။

ပြည်တွင်းရှိ အစိုးရနှင့် အစိုးရမဟုတ်သည့် လူမှုအဖွဲ့အစည်းများ၏ ဝက်ဘ်ဆိုက်များကို ပြည်ပမှ ဆိုင်ဘာ တိုက်ခိုက်မှုများ ခံထားရကာ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ဟက်ကာဆိုသူများက တိုက်ခိုက်နေခြင်းဖြစ်ပြီး မြန်မာနိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံအကြား ဆိုင်ဘာစစ်ပွဲ ဖြစ်ပွားခဲ့ခြင်းများလည်း ရှိခဲ့သည်။

လက်ရှိအချိန်တွင် မန္တလေး သူနာပြုတက္ကသိုလ် ဝက်ဘ်ဆိုက်ဖြစ်သည့် www.uonmdy.gov.mm ပင်လယ် ပြင် ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေသည့် Myanmar Sub Sea ဝက်ဘ်ဆိုက်ဖြစ်သည့် www.myanmarsubsea.com တို့ကို ဘင်္ဂလားဒေ့ရှ်မှဆိုသည့် ဟက်ကာများက တိုက်ခိုက်ထားခြင်းဖြစ်ပြီး မေလ ၂၅ ရက် နံနက်ပိုင်းက တွေ့ရခြင်းဖြစ်သည်။

www.uonmdy.gov.mm ၏ ပင်မ စာမျက်နှာတွင် Blacksmith Hacker Team က တိုက်ခိုက်ခြင်းဟု ရေးသားထားသည်။

ယင်းစာမျက်နှာတွင် “ရိုဟင်ဂျာတွေကို မြန်မာဘာကြောင့် လက်မခံရသလဲ" ဟု မေးခွန်း ထုတ်ထားပြီး “မြန်မာနိုင်ငံသည် အလွန်ဆင်းရဲခြင်းကြောင့် ရိုဟင်ဂျာဆိုသူများကို အစားအစာ၊ အဝတ်အစားနှင့် နေရာမပေးနိုင်” ဟု ရေးသားထားသည်။

myanmarsubsea.com ပင်မ စာမျက်နှာတွင်မူ ပင်လယ်ပြင်ရောက် ဒုက္ခသည် တစ်စု၏ ပုံကိုဖော်ပြ ထားပြီး ယင်းဝက်ဘ်ဆိုက်ကို တိုက်ခိုက်သူသည် "Bangladesh Cyber Army" ဖြစ်သည်ဟု ရေးသား ထားခဲ့သည်။

လက်ရှိဖြစ်ပွားသည့် ဆိုင်ဘာတိုက်ခိုက်မှုများသည် လူမျိုးရေး ပြဿနာများအပေါ် အခြေခံပြီး ဖြစ်ပွား ခြင်းဖြစ်ပြီး ပုဂ္ဂိုလ်ရေးဆန်ဆန် ဖြေရှင်းနေမှုများ ဖြစ်သည်ဟုလည်း ဦးရဲကျော်သိန်းက ဆိုသည်။

၎င်းက “လက်ရှိအခြေအနေကို ဆိုင်ဘာစစ်ပွဲ တစ်ခုလိုမျိုး ပြောလို့တော့ မရသေးပါဘူး။ နိုင်ငံရေး၊ လူမျိုး ရေး ပြဿနာကို ပုဂ္ဂိုလ်ရေးဆန်ဆန် ဖြေရှင်းတဲ့ အနေအထားမျိုး ဖြစ်နေတယ်။ နိုင်ငံအဆင့် တိုက်ခိုက် တာမျိုးတော့ မဟုတ်ဘူး” ဟု ဆိုသည်။

အစိုးရ ဝန်ကြီးဌာနများ၏ ဝက်ဘ်ဆိုက်များသည် ဆိုင်ဘာတိုက်ခိုက်ခံရမှုများ ရှိနေချိန်တွင် လုံခြုံရေးအရ စောင့်ကြည့်မှုများ ပြုလုပ်ရန် လိုအပ်ပြီး လုံခြုံရေးအတွက် တိုးမြှင့်ဆောင်ရွက်မှုများ ပြုလုပ်ရန် လိုအပ်သည် ဟုလည်း ပြည်တွင်း ပညာရှင်များက သုံးသပ်ကြသည်။

နိုင်ငံတကာတွင် အစိုးရအတွက် လုပ်ကိုင်ပေးသည့် ဆိုင်ဘာ နည်းပညာအဖွဲ့အစည်းများ ရှိနေပြီး ယင်းကဲ့ သို့ ဆိုင်ဘာ ပညာရှင် အဖွဲ့အစည်းများ ဖွဲ့စည်းခြင်းသည် နိုင်ငံအလိုက် အစိုးရများ၏ အဆုံးအဖြတ် အပေါ် မူတည်သည်ဟုလည်း ပညာရှင်များက ဆိုသည်။

Mizzima - News in Burmese 

No comments:

Post a Comment