Tuesday, May 26, 2015

အမေရိကန်ဗဟိုဘဏ်က အတိုးနှုန်းမြှင့်မည့် ခန့်မှန်းချက်များကြောင့် အာရှ ရှယ်ယာဈေး အကျဘက် ယိမ်း

ငွေဖောင်းပွမှုနှုန်း မြင့်တက်လာပြီး အမေရိကန် ဗဟိုဘဏ်ဥက္ကဋ္ဌ၏ မာထန်သည့် လေသံက ဗဟိုဘဏ် သည် အတိုးနှုန်းများကို မြှင့်တင်မည့် လမ်းကြောင်းပေါ် ရောက်နေပြီဆိုသော ခန့်မှန်းမှုများ ကို မီးထိုးပေးခဲ့ ပြီးနောက် အာရှ ရှယ်ယာဈေးမှာ တနင်္လာနေ့၌ လေးလံထိုင်းမှိုင်း သွားခဲ့သည်ဟု ဆိုသည်။

နွေဦးရာသီ ဘဏ်ပိတ်ရက်နှင့် အောက်မေ့ဖွယ်နေ့ အခါသမယကြောင့် ဗြိတိန်နှင့် အမေရိကန် ဈေးကွက် များ ပိတ်မည်ဖြစ်၍ ရှယ်ယာဈေးကွက်သည် အလှုပ်အရှား မရှိသလောက် ဖြစ်နေကြောင်း ဆိုသည်။ ဂျာမနီကဲ့သို့ ဥရောပ ရှယ်ယာဈေးကွက် ဗဟိုဌာနတို့ကလည်း အသီးသီး ပိတ်ရက်များ ထားရှိနေကြသည်။

အစောပိုင်း အရောင်းအဝယ်တွင်မူ ဂျပန်ပြင်ပက အာရှ-ပစိဖိတ် ရှယ်ယာများ၏ MSCI ညွှန်းကိန်းမှာ ၀ ဒသမ ၁ ရာခိုင်နှုန်းခန့် ကျဆင်းသွားခဲ့သည်။

ဂျပန်၏ Nikkei စတော့ညွှန်းကိန်းမှာမူ ၀ ဒသမ ၃ ရာခိုင်နှုန်း ထပ်ပေါင်းခဲ့ပြီး အားနည်း ယွမ်ငွေကြောင့် ရှယ်ယာဈေးကွက် လေစုံမိနေကာ ဈေးကွက်မဖွင့်မီ ထုတ်ပြန်ခဲ့သော ကုန်သွယ်ရေး အချက်အလက် များအရ ဧပရယ်လ ပို့ကုန်မှာ မျှော်လင့်ထားသည်ထက် မြင့်တက်နေခဲ့ကြောင်း ပြနေသည်။

ပြီးခဲ့သောလက အမေရိကန်မှာ မရှိမဖြစ် လူသုံးကုန်ပစ္စည်းများ၏ ဈေးနှုန်းများမှာ ၀ ဒသမ ၃ ရာခိုင်နှုန်း အထိ မြင့်တက်လာခဲ့ပြီးနောက်တွင် အမေရိကန် ရှယ်ယာများလည်း ကျဆင်းသွားခဲ့ပြီး ဒေါ်လာကလည်း လိုက်တက်လာခဲ့သောကြောင့် တစ်နှစ်ထက် တစ်နှစ် မြင့်တက်မှုမှာ အောက်တိုဘာ နောက်ပိုင်း အမြင့်ဆုံး ၁ ဒသမ ၈ ရာခိုင်နှုန်းကို ရောက်ရှိလာခဲ့သည်။

''နှစ်လအတွင်းမှာ ပထမဆုံးအကြိမ်အဖြစ် ရင်းနှီးမြှုပ်နှံသူတွေဟာ ကောင်းမွန်တဲ့ စီးပွားရေး အချက် အလက်တွေအတွက် ဒေါ်လာကို အကောင်းမြင်လာကြပါတယ်''ဟု နယူးယော့ခ် အခြေစိုက် Brown Brothers Harriman မှ ငွေကြေး မဟာဗျူဟာဌာန၏ ကမ္ဘာလုံးဆိုင်ရာ အကြီးအကဲ Marc Chandler က ပြောကြားသည်။

ဗဟိုဘဏ် ဥက္ကဋ္ဌ ဂျနတ် ယဲလင်းက စီးပွားရေးလုပ်ငန်း အုပ်စုတစ်စုကို ပြောကြားသည့် မိန့်ခွန်းထဲတွင် စီးပွားရေး အချက်အလက်များ အပေါင်းလက္ခဏာပြ အားကောင်းလာဖို့ သူ့အနေနဲ့ မျှော်လင့်ကြောင်းနှင့် ယခုနှစ် အစောပိုင်းက အမေရိကန် စီးပွားရေး အားနည်းနေခဲ့ခြင်းမှာ စာရင်းအင်းဆိုင်ရာ အရှုပ်အထွေး ကြောင့် ဖြစ်နိုင်ကြောင်း ပြောကြားခဲ့သည်။

Mizzima - News in Burmese​ 

No comments:

Post a Comment