Wednesday, May 6, 2015

ကိုယ်ဝန်ဆောင် မြန်မာအလုပ်သမား ရေမြောင်းထဲဟင်းရွက်ခူးစဉ် ဓာတ်လိုက်သေဆုံး

 
ထိုင်းနိုင်ငံ မြောက်ပိုင်း ချင်းမိုင်မြို့မှာ ရေမြောင်းထဲဆင်းပြီး ပိန်းရွက်ခူးတဲ့ မြန်မာ အလုပ်သမား ကိုယ်ဝန်ဆောင်မိခင်တဦး ဓာတ်လိုက်သေဆုံးသွားတယ်လို့ ထိုင်းသတင်းတွေ မှာ ဖော်ပြပါတယ်။
မေ ၅ ရက် မနက်ခင်း ၁၁ နာရီခွဲအချိန်က ချင်းမိုင်မြို့ ကန်းကနုတ် -၁၉ စီမံကိန်းအိမ်ရာမှာ ကိုယ်ဝန်ဆောင်အမျိုးသမီးတဦး သေဆုံးကြောင်း အကြောင်းကြားချက်အရ သွားရောက်စစ်ဆေးရာမှာ မဲ့ခါချောင်းထဲက ပိန်းပင်တွေကြား အသက် ၂၀ ကျော်ရွယ် ကိုယ်ဝန်ဆောင်အမျိုးသမီး သေဆုံးနေတာ တွေ့ရတယ်လို့ ချင်းမိုင်မြို့မရဲစခန်း တာဝန်ကျ ဒုရဲမှူး ဆူဝစ် ဗန်ယိုက သတင်းထောက်တွေကို ပြောပါတယ်။

အလောင်းမှာ ခုခံတိုက်ခိုက်ရာတွေ မရှိဘဲ အနီးနားဓာတ်တိုင်ကနေ တန်းလန်းကျနေတဲ့ မီးကြိုး ၂ ချောင်းရှိပြီး တချောင်းမှာ ပေါက်ပြဲနေတဲ့အတွက် ဓာတ်လိုက်သေဆုံးတာ ဖြစ်နိုင်တယ်လို့ ဒုရဲမှူးက ပြောပါတယ်။
ဆက်လက်စစ်ဆေးချက်အရ သေဆုံးသူအမျိုးသမီးဟာ အသက် ၂၁ နှစ်ရှိ မြန်မာအလုပ်သမား မအေး ဆိုသူဖြစ်ပြီး ကိုယ်ဝန် ၈ လရှိကြောင်း၊ မျက်မြင်သက်သေတွေ ပြောပြချက်အရ ဒီမတိုင်ခင် မေလ ၄ ရက် နေ့ခင်းပိုင်းက ဟင်းရှာထွက်မယ်ဆိုပြီး ပျောက်ဆုံးနေတာလို့ ဆိုပါတယ်။
ခင်ပွန်းဖြစ်သူ ကိုဒေးဗစ်မှာ ဆောက်လုပ်ရေး လုပ်ငန်းခွင်မှအပြန် ဇနီးဖြစ်သူကို မတွေ့ရတဲ့အတွက် တညလုံးရှာဖွေပေမယ့် မတွေ့ခဲ့ကြောင်း၊ မေ ၅ ရက် မနက်ပိုင်းမှာ ဆောက်လက်စတိုက် ဒုတိယထပ်မှာ မှန်သုတ်နေတဲ့ အလုပ်သမားတဦးက ရေမြောင်းနားမှာ လဲကျနေတဲ့ မအေးကို အပေါ်ကနေ လှမ်းမြင်ခဲ့တာလို့ ဆိုပါတယ်။

မအေးရဲ့ အလောင်းကို လိုအပ်သလို ဆက်လက်စစ်ဆေးဖို့အတွက် တာဝန်ရှိသူတွေက ချင်းမိုင်မဟာရတ်ခ်ျဆေးရုံကို သယ်ဆောင်သွားတယ်လို့ ထိုင်းသတင်းမှာ ဖော်ပြသွားပါတယ်။

dvb

No comments:

Post a Comment