Sunday, May 10, 2015

အရေးပေါ်ဖြေရှင်းရမည့် အနည်းဆုံး လုပ်ခလစာ


“ကျမ အတွက် တခါလာလည်း ဘဲဥဟင်း၊ နောက်တခါလည်း ဘဲဥဟင်း ဆိုတော့ အခြေခံလစာတိုးခဲ့ရင် ဟင်းတမျိုးတော့ ပြောင်းပြီး စားနိုင်မှာပါ”ဟု မခင်ခင်သီ က ပြောပြသည်။
မခင်ခင်သီသည် ဧရာဝတီတိုင်းဒေသကြီး၊ ကျေးရွာငယ် တခုမှ ဖြစ်ပြီး ရန်ကုန်မြို့၊ မင်္ဂလာဒုံစက်မှုဇုန်နယ်မြေရှိ အထည်ချုပ် စက်ရုံတရုံတွင် စက်ချုပ်ဝန်ထမ်းတဦးအဖြစ် လာရောက်အလုပ် လုပ်ကိုင်နေသူဖြစ်သည်။

အထည်ချုပ် အလုပ်သမ မခင်ခင်သီသည် တလလျှင် အခြေခံ လစာ ၁၅၀၀၀ ကျပ်၊ ရက်မှန်ကြေး ၁၂၀၀၀ ကျပ်၊ ဆုကြေး ၅၀၀၀ ကျပ်နှင့်အချိန်ပိုကြေး ငွေ စုစုပေါင်း ၇၀၀၀၀ ကျပ်မှ ၁၀၀၀၀၀ ကျပ်ကြား ဝင်ငွေရရှိပြီး ရွာတွင်ကျန်ခဲ့သည့် မိသားစု သို့ လစဉ် ငွေကျပ် ၅၀၀၀၀ ထောက်ပံ့ကာ ကျန်ရှိသည့် ငွေဖြင့် စားဝတ်နေရေး လောက်ငှအောင် သုံးစွဲရသည်။ သို့သော် နေ့စဉ် မြင့်တက်လျက်ရှိသော လူနေမှု စားစရိတ်များကြောင့် သူတွင် ကျန်ရှိသောငွေအနည်းငယ်မျှဖြင့် မငတ်ရုံတမယ် စားသောက်နေရသည်ဟု ဆိုလျှင် မမှားနိုင်ပေ။
နှစ်ပေါင်းများစွာ အနည်းဆုံးလုပ်ခလစာဟူ၍ သတ်သတ်မှတ်မှတ်မရှိဘဲ အလုပ်ရှင်ပေးသလောက်ဖြင့်သာ တင်းတိမ် နေခဲ့ရသော မခင်ခင်သီတို့လို အလုပ်သမား လူတန်းစားအတွက် ခေတ်ကာလနှင့် ကိုက်ညီသည့် အခြေခံ လုပ်ခလစာ တခု သတ်မှတ်ပေးရန် မဖြစ်မနေ လိုအပ်နေပြီဖြစ်သည်။
“ငွေအလကားလိုချင်လို့ အခြေခံလစာတိုးဖို့ ကျမတို့မျှော်လင့်တာမဟုတ်ဘူး။ ကျမတို့ဘဝ၊ စားဝတ်နေရေး အဆင်ပြေဖို့ တရက်ကို ၄၀၀၀၊ ၅၀၀၀ ကျပ်လောက်တော့ လိုချင်တာပေါ့။ တခြားအခွင့်အရေးတွေလည်းမရတဲ့အပြင် ရတဲ့လခက လည်း နည်းတော့ ကျမတို့အလုပ်သမားတွေဘဝက ဒုံရင်းက ဒုံရင်းပဲ။ အခုက အခြေခံလစာကနည်းတဲ့အပြင် အလုပ် တ ရက်ပျက်တာနဲ့ ငွေ ၂၀၀၀၀ လောက်က ပြန် အဖြတ်ခံရရော”ဟု မခင်ခင်သီ က ပြောပြသည်။
အလျား ၇ ပေ ၊ အနံ ၁၀ ပေပတ်လည်ရှိသော အခန်းကျဉ်းတခုကို မခင်ခင်သီနှင့်အတူ ဘ၀တူ အလုပ်သမ ၂ ဦးစုပေါင်း ငှားရမ်းနေထိုင်ကြပြီး အိမ်လခက တလလျှင် ၃၀၀၀၀ ကျပ် ပေးရသည်။ မခင်ခင်သီတို့လို ကုန်ဈေးနှုန်းတက်သည့် ဒဏ်ကို ရင်ဆိုင်ရင်း စားဝတ်နေရေး ကျပ်တည်းမှုကို ရင်ဆိုင်နေရသော အလုပ်သမားလူတန်းစားများ မြန်မာနိုင်ငံတွင် ဒုနှင့်ဒေး ရှိနေ သည်။ စားဝတ်နေရေး ကျပ်တည်းမှု ပြဿနာ၏ အဖြေကား အနည်းဆုံးလုပ်ခလစာ နှုန်းထားတခု အမြန်ဆုံး ပေါ် ထွက်လာရေးဖြစ်ပြီး ထွက်ပေးလာသော လစာနှုန်းထားမှာလည်း အစိုးရ၀န်ထမ်းများ အနိမ့်ဆုံးရရှိနေသည့် လစာနှုန်း ထား ထက်မနည်းရန် အလုပ်သမားများက မျှော်လင့် တောင်းဆိုနေကြသည်။
မြန်မာနိုင်ငံတွင် အနည်းဆုံးအခကြေးငွေ ဥပဒေ နှင့် နည်းဥပဒေများကို ၂၀၁၃ ခုနှစ်တွင် သတ်မှတ်ထားပြီးဖြစ်သော်လည်း အနည်းဆုံးလုပ်ခလစာ ပမာဏငွေကြေး သတ်မှတ်ထားခြင်းမရှိသည့်အတွက် ယနေ့အချိန်အထိ အစိုးရ၊ အလုပ်ရှင်၊ အလုပ်သမားကိုယ်စားလှယ်တွေအကြား ပြဿနာများကြုံတွေ့နေရကာ ယနေ့တိုင်လုပ်ခလစာ သတ်မှတ်နိုင်ရေးပြဿနာ မှာ မပြေလည်နိုင်သေးပေ။
အလုပ်သမားများက အခြေခံလုပ်ခလစာကို တရက်လျှင် ၄၀၀၀ ကျပ် မှ ၅၀၀၀ ကျပ်ကြား သတ်မှတ်ပေးရန် တောင်းဆို ထားကြပြီး အသေးစားအလတ်စားလုပ်ငန်းရှင်အများစုက တရက်လျှင် ၃၅၀၀ ကျပ်အထိ ပေးနိုင်သည်ဟု ပြောဆိုထား သည်။ သို့သော် အထည်ချုပ်လုပ်ငန်းရှင်များက တရက်လျှင် ၁၅၀၀ ကျပ်ထပ် တိုးမြှင့်မပေးနိုင်ကြောင်း ထုတ်ပြန်ပြောဆို ထားသည်။
“လုပ်ငန်းရှင်အများစုကတော့ ၃၀၀၀ ကျပ်အထိပေးနိုင်တယ်။ အထည်ချုပ်လုပ်ငန်းရှင်တွေကတော့ တရက် ၈ နာရီ လုပ်ခ ကို ၁၅၀၀ ကျပ်ထက်ပိုတိုးမပေးနိုင်ဘူး။ သူတို့အပြောကတော့ လုပ်ငန်းမှာ တွက်ခြေမကိုက်ဘူးလို့ပြောကြတယ်။ ဒီမှာ အခြေချ တဲ့စက်ရုံအများစုက တဆင့်ခံအော်ဒါတွေအနေနဲ့ လာပြီးလုပ်ကိုင်နေကြတာဆိုတော့ အမြတ်က ထင် သလောက် မရဘူးဆိုတော့ မပေးနိုင်ကြဘူး။ တချို့စက်ရုံတွေလည်း ပိတ်ပစ်လိုက်ရတာတွေရှိတယ်”ဟု ရန်ကုန်မြို့မှ စက်မှုဇုန် ဥက္ကဋ္ဌ တဦးက သုံးသပ်ပြောဆိုသည်။
အလုပ်သမား၊ အလုပ်အကိုင်နှင့်လူမူဖူလုံရေးဝန်ကြီးဌာန ဒုဝန်ကြီး ဒေါ်ဝင်းမော်ထွန်းက မေလအတွင်းမှာ အနည်းဆုံး အခကြေးငွေဆိုင်ရာ အမျိုးသားအဆင့်အစည်းအဝေးပြုလုပ်၍ မေလကုန်တွင် အနည်းဆုံးလုပ်ခလစာ သတ်မှတ် ကိန်း ဂဏန်းတခုအကြမ်းဖျင်းထွက်လာဖွယ်ရှိကြောင်း ဧပြီ ၂၅ ရက်ကပြုလုပ်သည့် အစိုးရ၊ အလုပ်ရှင်နှင့် အလုပ်သမား ကိုယ်စားလှယ်များ တွေ့ဆုံပွဲတွင် ပြောဆိုထားသည်။
“အစိုးရဝန်ထမ်းတွေရဲ့အနိမ့်ဆုံးလခက တသိန်း၂သောင်းလောက်ရနေတော့ ပုဂ္ဂလိကဝန်ထမ်းတွေကလည်း အဲဒီပမာဏ အောက်မလျော့ချင်ဘူး။ အဲဒီထက်လျော့ရင် စားဝတ်နေရေးဘယ်လိုမှအဆင်မပြေဘူး။ လုပ်ငန်းရှင် တွေက အိမ်နီးချင်း နိုင်ငံ တွေနဲ့ ပြိုင်ဆိုင်မှုအားနည်းသွားမှာ၊ အခြားနိုင်ငံတွေက လာပြီးရင်းနှီးမြုပ်နှံမှု အားနည်းသွားမှာကို စိုးရိမ်ကြတယ်။ မြန်မာက ကျန်တဲ့နိုင်ငံထက် လစာကို နိမ့်ကျစွာရရှိနေတာပါ။ ကျန်တဲ့နိုင်ငံတွေတောင်ပေးနေနိုင်တာပဲ။ ဆရာတို့က ဘာ ကြောင့် မပေးနိုင်ရမှာလဲ” ဟု အနည်းဆုံးအခကြေးငွေ သတ်မှတ်ရေးအမျိုးသားအဆင့်ကော်မတီမှ အလုပ်သမား ဆိုင်ရာ ကိုယ်စားလှယ် ဒေါက်တာစိုင်းခိုင်မျိုးထွန်းက ပြောသည်။
“အဓိကကတော့ရင်းနှီးမြုပ်နှံမှုတွေလာဖို့ ဈေးကွက်တွေရဖို့ဆိုတာက ဒီမှာရှိတဲ့လုပ်ငန်းတွေကောင်းမွန်ဖို့လိုတယ်။ အလုပ်သမား အခွင့်အရေးတွေကို စောင့်ထိန်းနိုင်မှုရှိမရှိ ကြည့်ရမယ်။ လုပ်ငန်းလုပ်ကိုင်ဖို့မှာ လိုင်စင်တို့ ချေးငွေ ကိစ္စတွေပေါ့။ ဒီအပိုင်းတွေက ပိုအရေးကြီးတယ်လို့ထင်ပါတယ်။ အလုပ်သမားတွေက ၄၀၀၀ နဲ့အထက် တောင်းတယ် ဆိုတာ ပေးသင့်တဲ့အနေအထားရှိတယ်။ အစက သူတို့တောင်းခဲ့တာ ၇၀၀၀ ကျပ်၊ နောက်ပိုင်းမှာ ၅၀၀၀ ကျပ်တောင်းခဲ့ တာ။ အခုက ညှိနှို်င်းရင်းနဲ့ ၄၀၀၀ ကျပ်နဲ့ ၅၀၀၀ ကျပ် ကြားလောက်ပေးဖို့ဆိုတော့ အလုပ်ရှင်တွေက ထပ်မံပြီး တော့ပြန်စဉ်းစားဖို့လိုတာပေါ့”ဟု သူက ဆက်လက်ပြောဆိုသည်။
အလုပ်သမားများအတွက် အနည်းဆုံးအခကြေးငွေ ( အခြေခံလစာ) ကို မြင့်မားစွာ သတ်မှတ်ပေးပါက ကုန်ထုတ်စရိတ် တိုးမြင့်ပြီး ကုန်ဈေးနှုန်းများကြီးလာနိုင်ကြောင်း၊ အခကြေးငွေ နည်းပါးပါကလည်း အလုပ်သမားများ၏ စားဝတ်နေရေး အခက် အခဲများ ဖြစ်ပေါ်ကာ အလုပ်သမားနှင့် အလုပ်ရှင်တို့အကြား အငြင်းပွားမှုများ၊ တောင်းဆို ဆန္ဒပြမှုများ ပိုမို များပြား လာနိုင် ကြောင်း သမ္မတ ဦးသိန်းစိန် က မေလ ၁ ရက်နေ့ ထုတ်ပြန်သော ကမ္ဘာ့အလုပ်သမားနေ့ သဝဏ်လွှာတွင် ပြောကြားထားသည်။
အစိုးရက အနည်းဆုံး လုပ်ခလစာကို တနိုင်ငံလုံး တပြေးညီ သတ်မှတ်ရေး၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် သတ်မှတ်ရေး၊ လုပ်ငန်းအမျိုးအစားအလိုက် သတ်မှတ်ရေး၊ လုပ်ငန်းကျွမ်းကျင်မှု အလိုက် သတ်မှတ်ရေးနှင့် ဦးစားပေး လုပ်ငန်း အလိုက် သတ်မှတ်ရေးဟု အမျိုးအစားခွဲခြားသတ်မှတ်ရန် စဉ်းစားသုံးသပ်နေသည်ဟု အလုပ်သမား၊ အလုပ် အကိုင်နှင့်လူမှုဖူလုံရေးဝန်ကြီးဌာန သိရသည်။
“အနည်းဆုံးလုပ်ခလစာကတော့ ဆက်လက်ကြိုးစားရဦးမှာပဲ။ တချို့စက်ရုံတွေမှာဆိုရင် ရှောင်တခင်ခွင့်ကို တလကြိုတင် ယူရမယ်ဆိုတာမျိုး လုပ်ငန်းရှင်က ဥပဒေကို နားမလည်ဘဲနဲ့ လုပ်တဲ့ရုံတွေရှိတယ်။ လုပ်ငန်းရှင်တွေက သူတို့ပေးနိုင်တဲ့ နှုန်းထား ကိုကြေညာတယ်ဆိုပေမယ့် ဝှက်ဖဲဆိုတာမျိုးလည်းရှိနေတတ်တယ်။ ကျနော်တို့က ဘဝနေထိုင်မှုနဲ့ စားဝတ်နေ ရေး ပြေလည်ဖူလုံမှုရရှိဖို့အတွက် တရက်ကို ၅၆၀၀ ကျပ်လောက်မှ လောက်ငှနိုင်မယ်”ဟု စံကောင်းပီနံအိတ် စက်ရုံ အခြေခံအလုပ်သမားသမဂ္ဂ ဥက္ကဋ္ဌကိုအောင်စိုးမင်းက ရှင်းပြသည်။ အလုပ်ရှင်နှင့် အလုပ်သမားအကြား အခြေခံလစာ အရေးညှိနှို်င်းမှုမပြေလည်ပါက အစိုးရက နှုန်းထားတရပ်ကို ကြားဝင်သတ်မှတ် ပေးရန်ရှိသည်ဟု အစိုးက ထုတ်ပြန် ပြောဆိုထားသည်။
East Growth အထည်ချုပ်စက်ရုံမှ ကိုဝေဖြိုးမောင်ကလည်း “အစိုးရက ကြားဝင်ဆုံးဖြတ်မယ်ဆိုရင် သင့်တင့်တဲ့ လစာ နှုန်းထားဆိုရင်တော့ လက်ခံနိုင်စရာရှိပါတယ်။ ဒီနှုန်းထားကို မပြဋ္ဌာန်းသမျှကာလပတ်လုံး အလုပ်ရှင်နဲ့ အလုပ် သမား အကြား လစာတိုးတောင်းတဲ့ပြဿနာတွေ နဲ့ အငြင်းပွားမှုတွေဖြစ်နေဦးမှာပဲ။ မြန်မာနိုင်ငံမှာက အနည်းဆုံး လုပ်ခလစာ သတ်မှတ်ထားတာမရှိတော့သူတို့ပေးချင်သလိုပေးလို့ရတယ်။ လုပ်ငန်းရှင်က အချိန်ပိုကြေး တွေ ဘာတွေ တက်ပြီးတော့ အခြေခံလစာကို တအားနှိမ့်ချလိုက်တယ်။ တခြားခေါင်းစဉ်တွေမှာတိုးပေးထားတယ်ပေါ့။ တကယ်ရတာက ၇ ၊ ၈ သောင်း လောက် ဆိုပေမယ့် အခြေခံလစာမှာ တအားနည်းတယ်”ဟု ပြောပြသည်။
စက်မှုဇုန် အလုပ်သမားတဦး၏ အခြေခံလစာသည် တရက်လျှင် ၇၀၀ ကျပ်မှ ၁၈၀၀ ကျပ် အကြား ရရှိပြီး ဆုကြေး၊ ရှားပါးစရိတ် နှင့် အချိန်ပိုကြေး ထပ်ရရှိကြောင်း၊ အလုပ် တရက်ပျက်လျှင် လုပ်ငန်းရှင်က ငွေ ၁၀၀၀၀ ကျပ်မှ ၁၅၀၀၀ ကျပ်ထိ ပြန်လည် ဖြတ်ယူကြောင်း၊ ထို့ကြောင့် အနည်းဆုံး လုပ်ခလစာ သတ်မှတ်ချက် ထွက်ပေါ်လာပါက လစာနှင့် အခြား အခွင့်အရေးဆိုင်ရာ ပြဿနာတချို့ပြေလည်နိုင်ဖွယ် ရှိကြောင်း အလုပ်သမားများက ပြောဆိုကြသည်။
“အနည်းဆုံးအခကြေးငွေ ပြဋ္ဌာန်းလိုက်တာနဲ့ အစစအရာရာ အဆင်ပြေချောမွေ့ပြီး ရွှေတောင်ကြီး ပေါက်လာလိမ့်မယ် လို့တော့ မျှော်လင့်လို့မရပါဘူး။ ဝင်ငွေနည်းပါးလို့ တခြားနိုင်ငံမှာ အလုပ်တွေ သွားပြီးလုပ်ကိုင်နေရတယ်ဆိုတာ အားလုံး အသိဖြစ်ပါတယ်။ တမျိုးသားလုံးရဲ့ ထုတ်လုပ်မှုဝင်ငွေများတဲ့ နိုင်ငံ့ အနည်းဆုံးအခကြေးငွေမျိုး ရချင်လို့ကတော့ စိတ်ကူး ယဉ်မှု တခုပဲဖြစ်မယ်လို့ပြောချင်ပါတယ်” ဟု အထည်ချုပ်လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးမြင့်စိုးက ဧပြီ ၂၅ ရက်က ပြုလုပ်သည့် သူရဦးရွှေမန်းနှင့် တွေ့ဆုံပွဲတွင် ပြောဆိုသည်။
နိုင်ငံတဝန်း အလုပ်သမား လုပ်ခလစာ နည်းပါးမှုနှင့် အလုပ်သမားအခွင့်အရေး မရရှိကြသည့်အတွက် ဆန္ဒထုတ်ဖော်မှု၊ တောင်းဆို မှုများ ယနေ့အထိ ဖြစ်ပွားနေဆဲ ဖြစ်ပြီး၂၀၁၁ ခုနှစ် တိုင်ရီ ဖိနပ်စက်ရုံ အလုပ်သမား ဆန္ဒပြမှုများမှစတင်၍ ယနေ့အချိန်ထိ ဆန္ဒပြမှုနှင့် အလုပ်သမား အခွင့်အရေး တောင်း ဆိုမှုပေါင်း ၆၀ဝ ခန့် ဖြစ်ပွားခဲ့ပြီး စက်မှုဇုန် အလုပ်သမား ဆန္ဒပြမှုများသည် အများဆုံး ဖြစ်သည်။အစိုးရက ထိုသို့ဆန္ဒပြတောင်းဆိုသူ အလုပ်သမားတချို့ကို နိုင်ငံတော် အကြည်ညို ပျက်စေမှု၊ လူစုလူဝေး ပြုလုပ်မှုများဖြင့် ပုဒ်မတပ် အရေးယူလျက် ရှိပြီး လက်ရှိတွင် အမှုရင်ဆိုင်နေကြရသည့် အလုပ် သမား ၅၀ ဦးခန့်ရှိနေပြီဖြစ်သည်။
အထည်ချုပ် အလုပ်သမ မခင်ခင်သီက အနည်းဆုံးလုပ်ခလစာ သတ်မှတ်ထွက်ပေါ်လာခြင်းမရှိလျှင် ၎င်းတို့ကဲ့သို့သော အခြေခံ အလုပ်သမားလူတန်းစား တို့၏ ဘ၀အခြေအနေ မလှပနိုင်သကဲ့သို့ အလုပ်ရှင်၊ အလုပ်သမား ပြဿနာ ပိုမိုကြီးမားလာကာ မတည်ငြိမ်မှုများဖြစ်ပေါ်လာနိုင်သည်အထိ အခြေအနေများ ယိုယွင်းလာနိုင်သည်ဟု သတိပေး ပြောဆို သည်။
ဧရာဝတီ

No comments:

Post a Comment