Tuesday, May 12, 2015

သွင်းကုန်အပေါ် အခွန်နှစ်မျိုး တိုးကောက်နိုင်ရေး ဇွန်လအတွင်း ဥပဒေကြမ်း တင်သွင်းရန် လွှတ်တော် နာယက ပြော

 ပြည်တွင်း စီးပွားလုပ်ငန်းများ ပိုမို တိုးတက်လာနိုင်စေရန် ပြည်ပမှ တင်သွင်းသည့် ကုန်စည်များအပေါ် Anti Dumping Tax နှင့် Safe Guard Tax များကို ဥပဒေပြဋ္ဌာန်း ကောက်ခံသွားမည်ဆိုပါက လာမည့် ဇွန်လအတွင်း အဆိုပါ ဥပဒေကြမ်းကို
လွှတ်တော်သို့ တင်သွင်းကြရန် ပြည်ထောင်စု လွှတ်တော်နာယက သူရဦးရွှေမန်းက မေ ၁၁ ရက်က ပြန်လည်ကျင်းပသော
ပြည်သူ့လွှတ်တော် ၁၂ ကြိမ်မြောက် အစည်းအဝေးတွင် ပြောသည်။
Thuar-U-Shwe-Man-4-s
“ဒီ ဥပဒေကို ၂၀၁၅ ခုနှစ်အတွင်းမှာ ပြီးမြောက်အောင် ဆောင်ရွက်မယ်ဆိုရင် ဥပဒေကြမ်းကို သက်ဆိုင်ရာ ဝန်ကြီးဌာနနဲ့ အစိုးရအဖွဲ့က ၂၀၁၅ ခု ဇွန်လအတွင်း ပြည်ထောင်စု လွှတ်တော်ကို တင်ပြပေးဖို့  ကျွန်တော့်ဘက်က အကြံပြု တိုက်တွန်းလိုပါတယ်” ဟု ၎င်းက ပြောသည်။

လှိုင်မြို့နယ်အမတ် ဒေါက်တာ ဝင်းမြင့်၏ ပြည်တွင်း လုပ်ငန်းများ ပိုမိုတိုးတက်လာစေရေးအတွက် ပြည်ပမှ သွင်းကုန်များအပေါ် Anti Dumping Tax နှင့် Safe Guard Tax များ ကောက်ခံရန် အစီအစဉ် ရှိ မရှိ အမေးကို စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ ပွင့်ဆန်းက ထိုသို့ ကောက်ခံနိုင်ရန်လိုအပ်သည့် ဥပဒေကို ၂၀၁၅ နှစ်ကုန်တွင် အပြီး ပြဋ္ဌာန်းရေးအတွက် စီစဉ်လျက်ရှိကြောင်း ဖြေကြားခဲ့သည့် အပေါ် လွှတ်တော်နာယက က ယခုကဲ့သို့ အကြံပြု တိုက်တွန်းလိုက်ခြင်း ဖြစ်သည်။
“ဒေါက်တာ ဝင်းမြင့်ရဲ့ အမေးကို စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက ၂၀၁၅ အတွင်း ပြဋ္ဌာန်းနိုင်အောင်
ဆောင်ရွက်ပါမယ်လို့ ဖြေကြားတယ်။ ကျွန်တော်တို့ လွှတ်တော်အနေနဲ့ ဒီဥပဒေကို သင့်လျော်တဲ့ အချိန်ပေးပြီးတော့
ပြီးမြောက်အောင် ဆောင်ရွက်စေချင်တဲ့အတွက် အခုလို တိုက်တွန်းရတာပါ” ဟုလည်း သူရဦးရွှေမန်းက ပြောသည်။
နိုင်ငံတကာတွင် အပြည်ပြည်ဆိုင်ရာ ကုန်သွယ်ရေးအဖွဲ့ WTO ကို ဖွဲ့စည်းတည်ထောင်ပြီး ကုန်သွယ်မှု သဘောတူစာချုပ်များ ချုပ်ဆိုကာ အကောက်ခွန်နှုန်းထားများကို ညှိနှိုင်းသဘောတူညီချက်များ ရေးထိုးခဲ့ရာ WTO အဖွဲ့ဝင် မြန်မာနိုင်ငံသည်လည်း ထိုသဘောတူညီချက်များကို လိုက်နာကျင့်သုံးရမည် ဖြစ်သည်။
မြန်မာနိုင်ငံသည် အာဆီယံလွတ်လပ်သော ကုန်သွယ်ရေးဇုန် (AFTA) အဖွဲ့ဝင်နိုင်ငံ ဖြစ်နေ၍ အကောက်ခွန် နှုန်းထားများကို သုည ရာခိုင်နှုန်းအထိ လျှော့ချပေးရန် လိုအပ်လာသော်လည်း ယခုအခါတွင် ပြည်တွင်း စီးပွားရေးလုပ်ငန်းများကို ကုန်သွယ်လုပ်ငန်းခွန်ဖြင့် ကာကွယ်ပေးနိုင်မှု မရှိတော့သည့် ထိုအခြေအနေမျိုးတွင် နိုင်ငံတကာ၌ မိမိနိုင်ငံရှိ စီးပွားလုပ်ငန်းများကို Anti Dumping Tax measure နှင့် Safe Guard Tax measure တို့ ဖြင့် အကာအကွယ် ပေးထားကြောင်း၊ အမေရိကန်ပြည်ထောင်စုသည်ပင်လျှင် မိမိနိုင်ငံအတွင်းရှိ သံမဏိလုပ်ငန်းများကို ကာကွယ်ရန် Anti Dumping Tax measure များကို ကျင့်သုံးလျက်ရှိကြောင်း၊ သို့ပါ၍ မြန်မာနိုင်ငံတွင်လည်း အလားတူ ကျင့်သုံးနိုင်ရန် ဥပဒေပြဋ္ဌာန်းသင့်ကြောင်း လှိုင်မြို့နယ်အမတ် ဒေါက်တာ ဝင်းမြင့်က ဝေဖန်ထောက်ပြကာ မေးခွန်းမေးမြန်းခဲ့ခြင်း ဖြစ်သည်။
Mizzima 

No comments:

Post a Comment