Tuesday, May 12, 2015

ကိုပါကြီး သေဆုံးမှု အတွက် စစ်သည် ၂ ဦး အပြစ်မရှိဟု ဆုံးဖြတ်မှု ပယ်ဖျက်ရန် တောင်းဆိုမည်

ကိုပါကြီး , တရားဥပဒေစိုးမိုးရေး , မြန်မာနိုင်ငံလူ့အခွင့်အရေးကော်မရှင် , တပ်မတော် , စစ်ဘက်တရားရုံး
၂၀၁၄ ခုနှစ်၊ အောက်တိုဘာလ ၂၆ ရက်နေ့ ရန်ကုန်မြို့တော် ခန်းမရှေ့တွင် ကိုပါကြီးသေဆုံးမှု ဆန္ဒပြပွဲ (ဓာတ်ပုံ – ဂျေပိုင် / ဧရာဝတီ)
အစိုးရစစ်တပ်မှ စစ်သည် ၂ ဦး၏ ပစ်ခတ်မှုကြောင့် သေဆုံးခဲ့ရသော အလွတ်သတင်းထောက် ကိုပါကြီးအမှုတွင် ပြစ်မှု ကျူးလွန် သည့် တပ်သား ၂ ဦးကို စစ်ဘက်တရားရုံးက အပြစ်မရှိဟု ဆုံးဖြတ်၍ တရားသေ လွှတ်ပေးခဲ့မှု ကို ပယ်ဖျက် ပေးရန် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ထံသို့ တင်ပြသွားဖြစ်ကြောင်း သတင်းရရှိသည်။

မြန်မာနိုင်ငံလူ့အခွင့်အရေးကော်မရှင်က ကိုပါကြီးအမှုနှင့်ပတ်သက်၍ ထုတ်ပြန်သော ကြေညာချက်တွင် ကိုပါကြီး သေဆုံး မှု သည် တန်းပြည့်စစ်မှုထမ်းချိန်အတွင်းဖြစ်ပွားကြောင်း အခိုင်အမာ ပေါ်ပေါက်ခဲ့ကြောင်း၊ တပ်မတော်အက်ဥပဒေ များ အရ အမှတ် ၂၁၀ ခြေမြန်တပ်ရင်းမှ အစောင့် စစ်သည် ၂ ဦးဖြစ်သည့် ဒုတပ်ကြပ် ကျော်ကျော်အောင်နှင့် တပ်သား နိုင်လင်းထွန်း တို့ကို တရားသေလွှတ်သည့် အမိန့်ကို ချမှတ်ခဲ့ကြောင်း၊ ယင်းဆုံးဖြတ်ချက်ကို အရှေ့တောင်ပိုင်း တိုင်း စစ်ဌာနချုပ် မှ တိုင်းမှူးက အတည်ပြုခဲ့ကြောင်း ဖော်ပြထားသည်။
ကိုပါကြီးသေဆုံးမှုအတွက် စစ်သည် ၂ ဦးတွင် အပြစ်မရှိဟု ဆုံးဖြတ်၍ တရားသေလွှတ်ပေးမှုသည် လူ့အခွင့်အရေး ချိုး ဖောက်မှု တရပ်ဖြစ်ပြီး ယင်းအမိန့်ကို ပယ်ဖျက်ပေးရန် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ထံ တင်ပြသွားမည်ဖြစ်ကြောင်း ကိုပါကြီးအမှုကို လိုက်ပါဆောင်ရွက်ပေးနေသည့် တရားလွှတ်တော်ရှေ့နေ ဦးရောဘတ်စန်းအောင်က ပြောသည်။
“တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဆီတင်ပြပြီးတော့ ဒီလို လွှတ်ပေးတဲ့အပေါ်ပယ်ဖျက်ပေးဖို့ တင်ပြမယ်။ မြန်မာနိုင်ငံ လူ့ အခွင့်အရေး ကော်မရှင်ကိုလည်း ဒီလိုဆုံးဖြတ်ချက်ဟာ လူ့အခွင့်အရေးကို ထပ်မံပြီး ချိုးဖောက်ခံရာ ရောက်တယ်လို့ စာ တင် မယ်။ ဒီကိစ္စမှာ တရားဥပဒေစိုးမိုးရေးအရ ပူးပေါင်းဆောင်ရွက်ရမှာကို အခုလိုလုပ်တာ မမှန်ကန်ဘူး လို့ပြော ရမှာ ပဲ”ဟု ဦးရောဘတ်စန်းအောင် က ရှင်းပြသည်။
မြန်မာနိုင်ငံလူ့အခွင့်အရေး ကော်မရှင်မှ ဒုတိယဥက္ကဋ္ဌ ဦးစစ်မြိုင်က“ဖွဲ့စည်းပုံ အခြေခံဥပဒေမှာလည်း တပ်မတော် က လည်း တပ်မတော်သား များကိုသာ အဖွဲ့ဖြင့်ဖြစ်စေ တဦးချင်းဖြစ်စေ စစ် ဆေး နိုင်သည်လို့ ပြောထားတယ်။ တရားသေ လွှတ်တယ် ဆိုတော့ အပြစ်မရှိဘူးလို့ဆုံးဖြတ်ပြီး လွှတ်လိုက် တဲ့သဘော ပေါ့။ ဒီကိစ္စမှာ သူတို့စစ်ဘက်တရားရုံးက ဘယ် လို စစ်သလဲ ဘယ်သက်သေတွေကို စစ်သလဲဆိုတဲ့အပေါ် မူတည် တာပေါလေ။ ကျနော်တို့ကတော့ ရုံးစာနဲ့ ပို့တဲ့အချက် အလက် တွေထဲက ဖော်ပြသင့်တဲ့အချက်တွေကို ဖော်ပြတာ ပေါ့။ ဘယ်လောက်အထိ သက်သေတွေကို မှန်မှန်ကန်ကန် စစ်သလဲ ဆိုတဲ့အပေါ် ကျနော်တို့မသိနိုင်ဘူးလေ”ဟု ပြောဆိုသည်။
ကိုပါကြီးနှင့်ပတ်သက်သည့် အမှု အကြောင်းကြားစာကို ကာကွယ်ရေးဝန်ကြီးဌာန မှ မြန်မာနိုင်ငံ လူ့အခွင့်အရေးကော်မရှင် သို့ ဧပြီလ နောက်ဆုံးပတ်က ပေးပို့ခဲ့ခြင်းဖြစ်ကြောင်း၊ စာရရချင်း ကော်မရှင်အစည်းအဝေးထိုင်ကာ ပြည်သူများ သိသင့် သည်ဟု ယူဆသည့်အချက်အလက်များကို သတင်းထုတ်ပြန်ပေးခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။
ကိုပါကြီး၏ ဇနီးဖြစ်သူ မသန္တာ က ကိုပါကြီးသေဆုံးမှုနှင့်ပတ်သက်၍ ကျိုက်မရောမြို့နယ်တရားရုံးတွင် သေမှုသေခင်းဖြင့် တရားစွဲ ဆိုထားပြီး လက်ရှိတွင် သက်သေများနှင့် တရားလိုကို စစ်ဆေးလျက်ရှိပြီး ယနေ့တွင် စတုတ္ထ အကြိမ်ရုံးချိန်း ခေါ်ယူခဲ့ ကြောင်း ပြောဆိုသည်။
ကိုပါကြီးသေဆုံးမှုအတွက် တပ်မတော်သား စစ်သည် ၂ ဦး ကို အပြစ်မရှိဟု ဆုံးဖြတ်လွှတ်ပေးခဲ့မှုအပေါ် လူ့အခွင့်အရေး အဖွဲ့ အစည်းများက တရားဥပဒေစိုးမိုးရေးကို တပ်မတော်က မလေးစား မလိုက်နာသည့်သဘော သက်ရောက်ပြီး တပ်မတော် သမိုင်း မကောင်းစေသည့် ဖြစ်ရပ်တခုဟု ဝေဖန်ပြောဆိုကြသည်။
Equality Myanmar မှ ဒါရိုက်တာ ဦးအောင်မျိုးမင်းကလည်း “တရားခံဖြစ်တဲ့ပြစ်မှုကျုးလွန်တဲ့တရားခံဖြစ်နေဦးတော့ တရား လက်လွတ်သတ်ဖြတ်ခံရတာက မဖြစ်သင့်တဲ့ကိစ္စပါ။ သေဆုံးတာတောင် အဖြစ်မှန်တိုင်းမဖြစ်ဘဲ သံသယ ဖြစ်စရာ တွေ ဖြစ်နေတယ်။ တကယ်တမ်းအရေးယူရမယ့်လူကို အရေးမယူတာ က လူ့အခွင့်အရေး ရှုထောင့်က ကြည့်ရင် သေတာ တောင် အမှန်အတိုင်းမသေရဘူး ဆိုတော့ လူတယောက်ရဲ့အခွင့်အရေးကိုထပ်မံဆုံးရှုံးသွားတာ။ ကျနော်တို့ကို ပါကြီး ကိစ္စ တင် မဟုတ်ဘူး။ တရားလက်လွှတ်သတ်ဖြတ်ခံရမှုကို လုံးဝဆန့်ကျင်တယ်။ ဒီလိုကိစ္စတွေ ဖြစ်လာရင် တရားဥပဒေ အတိုင်း စီရင်ဖို့အပြစ်ကျူးလွန်သူကိုအရေးယူဖို့အစဉ်အဆက်တောင်းဆိုနေတာ။ အစိုးရပိုင်းကလည်း ဒီကိစ္စမျိုးမှာ လေးစား လိုက်နာမှုအားနည်းနေတယ်” ဟု သုံးသပ်ဝေဖန်သည်။
ဧရာဝတီ

No comments:

Post a Comment