Saturday, May 30, 2015

ကျောက်ခေတ်ဦးလက်ရာများ ဖြစ်နိုင်ဖွယ်ရှိသည့် နံရံဆေးရေးပန်းချီများတွေ့ရှိ

ရှမ်းပြည်နယ်တောင် ပိုင်း ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ ရွာငံမြို့နယ်တွင် ကျောက် ခေတ်လက်ရာ နံရံဆေးရေးပန်းချီများရှိသည့်နေရာများ ရှာဖွေတွေ့ရှိခဲ့ကြောင်း ယဉ်ကျေးမှုဝန်ကြီးဌာန ရှေးဟောင်းသုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာန (မန္တလေးဌာနခွဲ)မှ သတင်းရရှိသည်။

ကျောက်ခေတ်နံရံဆေးရေး ပန်းချီများ တွေ့ရှိသည့်နေရာသည် ရွာငံမြို့နယ် ကမ်းပါးနီကျေးရွာ၏ မြောက်ဘက် ၃ မိုင်ခန့်အကွာတွင် တည်ရှိသည်။ မန္တလေးတိုင်းဒေသကြီး ၀မ်းတွင်းမြို့နယ်နှင့်အစပ် ရှမ်းပြည်နယ် ရွာငံမြို့နယ် ကမ်းပါးနီကျေးရွာအနီး ပဲဒွေးတောင်ပေါ်ရှိ ဒေသအခေါ် မြခနောက်(ခ)မြခနောက်ကျောက်မိုးပြင်တွင် ရေးဆွဲထားသည်ဟုဆိုသည်။

‘‘အဲဒီမှာ သမိုင်းတန်ဖိုးကြီးမားပြီး ထူးခြားတဲ့ ကျောက်ခေတ် နံရံဆေးရေးပန်းချီတွေ တွေ့ခဲ့ရပါတယ်။ တခြားကျောက်ခေတ်သုံး လက်နက်တွေကိုလည်း တွေ့ရှိခဲ့ပါတယ်’’ဟု ယဉ်ကျေးမှုဝန်ကြီးဌာန ရှေးဟောင်းသုတေသန နှင့် အမျိုးသားပြတိုက်ဦးစီးဌာန (မန္တလေးဌာနခွဲ)မှ တာဝန်ရှိသူ တစ်ဦးကပြောကြားသည်။

တွေ့ရှိခဲ့သည့် ကျောက် ခေတ်နံရံဆေးရေးပန်းချီများမှာ ဂူအတွင်း ရေးဆွဲထားခြင်းမဟုတ်ဘဲ ကျောက်တုံးကြီး သုံးတုံးခန့်ပေါ်တွင် ဆေးရောင်နီညိုရောင် နှစ်လိုင်းဖြင့် ရေးဆွဲထားခြင်း ဖြစ်သည်ဟုဆိုသည်။

ယင်းပန်းချီများမှာ အမြင့် ၉ ပေ၊ အလျား ၁၄ ပေခန့်ရှိသည့် ဆင်ရုပ်တစ်ရုပ်၊ အခြားတိရစ္ဆာန်ရုပ်ပုံများ၊ လက်ဝါးပုံများ၊ အခြားမသဲကွဲသည့် အရုပ်ပုံများ စုစုပေါင်း ရုပ်ပုံကိုးပုံခန့် တွေ့ရှိခဲ့သည်ဟုဆိုသည်။ အရွယ်အစား ကြီးကြီးဖြင့် ရေးဆွဲထားသည့် ဆင်ရုပ်ပုံနှင့် လက်ဝါးပုံများကို ထင်ရှားစွာတွေ့ရသော်လည်း အခြားရုပ်ပုံများမှာ အနည်းငယ် မှေးမှိန်နေပြီဟုဆိုသည်။

နံရံဆေးရေးပန်းချီများအ ပြင် ကျောက်ခေတ်သုံးလက်နက် သုံးမျိုးခန့်နှင့် လက်နက်အစိတ်အ ပိုင်းများကိုလည်း တွေ့ရှိခဲ့သည် ဟုဆိုသည်။

ယခုတွေ့ရှိမှုသည် ကျောက် ခေတ်ဦးကာလကျောက်ခေတ်လူ သားတို့၏ နေထိုင်အသုံးပြုပုံနှင့် ယဉ်ကျေးမှု အထောက်အထား များဖြစ်သည်ဟု ရှေးဟောင်းသု တေသနှင့် အမျိုးသားပြတိုက်ဦး စီးဌာန (မန္တလေးဌာနခွဲ)မှ တာဝန် ရှိသူများက ဆိုသည်။

မြန်မာနိုင်ငံတွင် ကျောက်ခေတ်ယဉ်ကျေးမှု အထောက်အထားဖြစ်သည့် ကျောက်လက်နက် ကိရိယာများကို နေရာအနှံ့အပြား၌ တွေ့ရှိရသော်လည်း အများစုမှာ ကျောက်ခေတ်နှောင်း ယဉ်ကျေးမှုများသာဖြစ်သည်။

၁၉၆၁ တွင် ကျောက်ခေတ်ဦး လက်ရာဖြစ်သည့် ကျောက်ခေတ်လူသားတို့ နေထိုင်အသုံးပြုကာ ကျောက်ခေတ်လူသားတို့ ပန်းချီရေးဆွဲထားသည့် ရွာငံမြို့နယ်ရှိ ပြဒါးလင်းဂူကို တွေ့ရှိခဲ့ပြီး နောက်ပိုင်း အသစ်ထပ်မံတွေ့ရှိ ရသော ကျောက်ခေတ်ဦးလက်ရာဖြစ်နိုင်ဖွယ်ရှိသည်ဟု ယူဆထား ကြသည်။

သို့သော် ဂူအတွင်းမဟုတ် ဘဲ ကျောက်တုံးနံရံများတွင် ရေး ဆွဲထားခြင်းဖြစ်၍ ကျောက်ခေတ် လူသားများ နားနေသည့်နေရာ၌ ရေးဆွဲထားခြင်းဖြစ်နိုင်ပြီး အနီး နားတွင် ကျောက်ခေတ်လူသားများ နေထိုင်ခဲ့သည့် ဂူများရှိနေနိုင်ဖွယ် ရှိသည်ဟု ကျောက်ခေတ်နံရံဆေး ရေးပန်းချီများ သွားရောက်လေ့လာ စိစစ်အတည်ပြုခဲ့သည့် ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန (မန္တလေးဌာန ခွဲ) ဒုညွှန်မှူး ဦးအောင်ကျော်ကျော်က သုံးသပ်ထားသည်။

ထို့အပြင် တွေ့ရှိသည့်နေရာမှာ ပြဒါးလင်းဂူ၏ အနောက်တောင်ဘက် ၇ မိုင်ခန့်အကွာတွင် တည်ရှိသော်လည်း ပြဒါးလင်းဂူ၌ ရေးဆွဲထားသည့် နံရံဆေးရေးပန်းချီများနှင့် တူညီမှုမရှိဟုဆိုသည်။ ပြဒါးလင်းဂူတွင် ပန်းချီများကိုဆေးလိုင်းတစ်ကြောင်းတည်းဖြင့် ရေးဆွဲထားပြီး တိရစ္ဆာန်ရုပ်ပုံ ရေးဆွဲရာ၌ အကောင်ငယ်ပုံများကို သာ ရေးဆွဲထားသည်။ ယခုတွေ့ရှိမှုမှာ ဆေးလိုင်းနှစ်ကြောင်းဖြင့် ရေးဆွဲထားကာ တိရစ္ဆာန်ပုံများတွင်လည်း ပကတိဆင်ကဲ့သို့ပင် အကောင်ကြီးများ၏ပုံများကို ရေးဆွဲထားသည်ဟုဆိုသည်။

ကျောက်ခေတ်ပန်းချီများ ရေးဆွဲထားသည့်ကျောက်တုံးများ ကို မြစ်သားမြို့နယ် တောတွင်း ကျေးရွာမှ ဦးဝင်းဘိုက စတင်တွေ့ရှိခဲ့ပြီး ၎င်း၏ သတင်းပေးမှု မှတစ်ဆင့် မေလ ၂၆ နှင့် ၂၇ရက်တို့တွင် ရှေးဟောင်းသုတသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန (မန္တလေးဌာနခွဲ) ဒုညွှန်ကြားရေးမှူး ဦးအောင်ကျော်ကျော် ဦးဆောင် ပြီး ပြင်ပ ပညာရှင်များ၊ ၀ါသနာရှင်များ၊ သတင်းမီဒီယာများက သွားရောက်ကြည့်ရှုလေ့လာ စိစစ်ကာ ကျောက်ခေတ်ဦးနံရံဆေးရေးပန်းချီများအဖြစ် အတည်ပြုခဲ့ခြင်းဖြစ်သည်။

ကျောက်ခေတ်နံရံဆေးရေး ပန်းချီများ တွေ့ရှိသည့်နေရာသို့ လမ်းနှစ်သွယ်ဖြင့် သွားရောက်နိုင် ပြီး ၀မ်းတွင်းမြို့မှတစ်ဆင့် အရှေ့ ဘက် ကမ်းပါးနီ-လှည်းကန်ရွာ လမ်းအတိုင်းလည်းကောင်း၊ မြစ် သားမြို့နယ် ကင်းတားဆည်မှ တစ်ဆင့် ရွာဆိုးပြင်ရွာ၊ ယင်းရွာမှ တစ်ဆင့် မြခနောက်ကျောက်မိုး ပြင်သို့လည်းကောင်း သွားရောက် နိုင်သည်ဟုဆိုသည်။ ကင်းတား ဆည်မှ သွားရောက်မည်ဆိုလျှင် ပဲဒွေးတောင်ခြေသို့ တစ်နာရီခန့် မော်တော်စီး၍ တောင်ခြေမှသုံး နာရီခန့် ခြေလျင်ခရီးတက်ရောက် ရမည်ဟုဆိုသည်။

လက်ရှိတွင် ကျောက်ခေတ်နံရံဆေးရေးပန်းချီများ တွေ့ရှိသည့် နေရာကို ထိန်းသိမ်းရေးများ လုပ်ဆောင်ရန် စီစဉ်နေကြောင်း ယဉ်ကျေးမှုဝန်ကြီးဌာန၊ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန (မန္တလေးဌာနခွဲ)မှ သတင်းရရှိသည်။
7 day
နံရံဆေးရေးပန်းချီများ တွေ့ခဲ့သည့် ကျောက်တုံးတစ်တုံး (ဓာတ်ပုံ−ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန(မန္တလေးဌာနခွဲ))

No comments:

Post a Comment