Wednesday, May 6, 2015

“ယာဉ်ကြောကြပ်တဲ့ ပြဿနာ၊ စားပေါက် မထွင်ပါနဲ့”

ရန်ကုန်မှာ ကားပါကင် ရှားပါး၊ ယာဉ်ကြောကြပ်တာကို အကြောင်းပြုပြီး စည်ပင်သာယာရေး ကော်မတီဟာ နယ်မှတ်ပုံတင်နဲ့ ကားတွေ ရန်ကုန်ဝင်ရင် နေ့အလိုက် ငွေကောက်ခံတဲ့ စနစ်ကို ကျင့်သုံးပါတယ်။ အကြောင်းကတော့ နယ်မှတ်ပုံတင်နဲ့ ကားတွေ ရန်ကုန်မှာ ထားပြီး အသုံးမပြုကြစေဖို့ ဖြစ်ပါတယ်။ ဒီ စနစ် အလုပ်ဖြစ်တယ်၊ မဖြစ်ဘူး၊ အောင်မြင်တယ် မအောင်မြင်ဘူး ဆိုတာ အသာထားလို့ အများပြည်သူတွေဆီကနေ “ငွေကောက်” တဲ့ အလုပ်ကို အားကျဟန် တူပါရဲ့။ မန္တလေးကလည်း ရန်ကုန်ကို အတုခိုး ငွေကောက်တာ လုပ်ပါတယ်။ မေလ ၁ ရက်နေ့ကစ မန္တလေး မှတ်ပုံတင် မဟုတ်တဲ့ ကားတွေကို ငွေကောက်တာ ဝေဖန်မှုတွေ များလွန်းလို့ မေလ ၄ ရက် နေ့လယ်လောက်မှာပဲ ငွေကောက်တာ ရပ်ဆိုင်းလိုက်ရပါတယ်။ ကားပါကင် ရှားပါးတာ၊ ယာဉ်ကြောကြပ်တဲ့ ပြဿနာကို ဒီနည်းနဲ့ ဖြေရှင်းတာ မှန်ပါသလား။ သူများဆီမှာရော ဘယ်လို ဖြေရှင်းနေကြသလဲ၊ ဘယ်လို ဖြေရှင်းရင် ကောင်းမလဲ ဒီကနေ့ ဆွေးနွေးကြည့်ကြရအောင်။

တကယ်တော့ ယာဉ်ကြောကြပ်တဲ့ ပြဿနာမှာ အဓိက ပြဿနာက လမ်းတွေရဲ့ အသုံးပြုနိုင်စွမ်းအားထက်ကို ကားအရည်အတွက် ပိုပြီး မောင်းနှင်နေကြရလို့ ဆိုရင် မမှားပါဘူး။ ဒီ ပြဿနာ ဖြေရှင်းဖို့ ဆိုရင် အသုံးပြုနိုင်မယ့် ကားလမ်း တိုးချဲ့တာ၊ မီးပွိုင့်စနစ်တွေ ခေတ်မီအောင် လုပ်တာ၊ မြို့ပြ ပုံစံ ချဲ့ထွင်တာ၊ ကားအရေအတွက်ကို စနစ်တကျ ကန့်သတ်တာ၊ ကားပါကင်တွေ ဖော်ထုတ်တာ၊ ရှိနှင့်ပြီးသား ကားပါကင်တွေကို စနစ်တကျ အသုံးပြုနိုင်အောင် လုပ်တာ၊ အသုံးပြုနေတဲ့ လမ်းတွေကို အခက်အခဲ မရှိ အပြည့်အဝ အသုံးပြုနိုင်အောင် စီမံဆောင်ရွက်တာ စတာတွေလုပ်ဖို့ လိုပါတယ်။ ဟိုအမိန့်ထုတ်၊ ဒီအမိန့်ထုတ်၊ ဟိုအခက်အခဲလုပ်၊ ဒီအခက်အခဲ လုပ်၊ ဟိုမှာငွေကောက် ဒီမှာငွေကောက်ရုံနဲ့ ပြဿနာတွေ ပြေလည်မသွားနိုင်ပါဘူး။

အသုံးပြုနိုင်မယ့် ကားလမ်း တိုးချဲ့တယ်ဆိုတဲ့ ကိစ္စမှာ လက်ရှိ ကားကြပ်လို့ ဆိုပြီး ဒရိုင်ဘာတွေ ကွေ့ရှောင်မောင်းတဲ့ လမ်းတွေ အများကြီး ရှိလာပါတယ်။ တချို့ လမ်းသွယ်၊ တချို့ လမ်းကျဉ်းလေးတွေပါ။ အဲဒီ လမ်းတွေကို ကောင်းကောင်းမွန်မွန် အသုံးပြုနိုင်အောင် ပြုပြင်ပေးဖို့၊ အမြဲမပြတ် စောင့်ကြည့်ပေးဖို့ ဖြစ်ပါတယ်။ နောက်ထပ် အလားတူ ဖြစ်နိုင်ခြေ ရှိတဲ့ လမ်းသွယ်လေးတွေကိုလည်း အသစ်ဖေါက်ပေးဖို့ လိုပါဦးမယ်။ အသုံးပြုတဲ့ လမ်းအရှည် တိုးပွားရေး ဆောင်ရွက်ရာမှာ တံတားတွေ ထိုးပေးတာ၊ ခုံးကျော်တံတား ဆောက်တာတွေလည်း ပါဝင်ပါတယ်။ ဥပမာအားဖြင့် ရန်ကုန်မြို့လယ်ကနေ ဒလ၊ ကြည့်မြင်တိုင် ဘက်ကိုသာ တံတား ထိုးပေးနိုင်ရင် ဧရာဝတီတိုင်းဘက်ကနေ၊ လှိုင်သာယာဘက်ကနေ ရန်ကုန်မြို့ထဲ ဝင်လာတဲ့ ကားအများအပြား အဲဒီဘက် အခြမ်းက ကောင်းမွန်တဲ့ လမ်းကို အသုံးပြုပြီး အရောက်လာကြပါလိမ့်မယ်။

နောက်တစ်ခု မီးပွိုင့်တွေကို စနစ်တကျ လုပ်ပေးတာ ဖြစ်ပါတယ်။ ဒါနဲ့ပတ်သက်ပြီး ဂျပန်နိုင်ငံက အကူအညီပေးမယ်လို့ ပြောဆိုထားတာရှိပြီး လက်ရှိ သုတေသန လုပ်ပေးနေပါတယ်။ ယာဉ်ကြောကြပ်တာ ဖြေရှင်းဖို့ နောက်ထပ် လိုအပ်ချက်ကတော့ မြို့ဧရိယာ တိုးချဲ့တာ၊ မြို့ဗဟိုချက်ကို လက်ရှိ မြို့တွင်း (၆) မြို့နယ်ကနေ အခြား နေရာတချို့ကို ရွှေ့ပြီးမြို့လယ်ကို ယာဉ်စီးဆင်းမှု နှုန်း လျော့ကျအောင် လုပ်တာ ဖြစ်ပါတယ်။ ဒါနဲ့ ပတ်သက်ပြီးတော့လည်း မြို့ပြ ကျွမ်းကျင်သူတွေ သုတေသန လုပ်ထားတဲ့ လေ့လာချက် စာတန်းတွေမှာ တွေ့နိုင်ပါတယ်။ နောက်တစ်ခုက ကားအရေအတွက် စနစ်တကျ ကန့်သတ်တာ ဖြစ်ပါတယ်။ ဒါကို ကားပါကင် ဖော်ထုတ်တာနဲ့ တွဲပြီး အကောင်အထည် ဖော်နိုင်ပါတယ်။ ဟိုနံပါတ်နဲ့ကား မဝင်ရ၊ အခြားမြို့မှာ မှတ်ပုံတင်ထားတဲ့ ကား မလာရ လုပ်စရာ မလိုပါဘူး။ မြို့တွင်း ကားပါကင် သတ်သတ်မှတ်မှတ်လုပ်၊ ပါကင်ထိုးခ သတ်သတ်မှတ်မှတ် လုပ်ပြီး အဲဒီမှာ မထားနိုင်သူတွေ၊ အဲဒီလောက် ငွေကုန်ကြေးကျ မခံနိုင်သူတွေ ကားဝယ် မစီးကြဖို့ပါပဲ။ ရန်ကုန်မှာ ကိုယ်ပိုင်ကားစီးရင် ကုန်ကျစားရိတ် ရှိမယ်၊ ကုန်ကျစရိတ် ကြီးနိုင်တယ် ဆိုတဲ့ အနေအထားမျိုး ဖန်တီးဖို့ ဖြစ်ပါတယ်။
အလားတူ ဘတ်စ်ကားလိုင်းတွေကို စနစ်ကျအောင် စီမံခန့်ခွဲပေးခြင်းအားဖြင့် ပြည်သူတွေ သွားရေးလာရေး အဆင်ပြေ၊ အသုံးပြုတဲ့ ကားအရေအတွက်လည်း လျှော့ချ ဆိုတာမျိုး လုပ်နိုင်ပါတယ်။ ကိုယ်ပိုင်ကားစီးဖို့ ကုန်ကျစရိတ် မြင့်ပေမယ့် ဘတ်စ်ကား၊ ရထားတွေနဲ့ လွယ်လွယ်ကူကူ သွားလာနိုင်အောင်တော့ လုပ်ပေးထားဖို့ လိုတဲ့ သဘောဖြစ်ပါတယ်။

နောက်ထပ် လုပ်ဖို့ လိုတာက ကားပါကင်တွေ ဖော်ထုတ်ဖို့နဲ့ ဖော်ထုတ်ထားတဲ့ ကားပါကင်တွေကို စနစ်တကျ အသုံးပြုဖို့ပါ။ တကယ်တော့ ကားပါကင် အသစ် ဖော်ထုတ်ဖို့ ဆိုတာဟာ အပြောလွယ်သလောက် အလုပ်ခက်ပါတယ်။ ရန်ကုန်မြို့တော် စည်ပင်သာယာ အဖွဲ့ကြီးရဲ့ ခေတ်အဆက်ဆက် အဂတိလိုက်စားမှုတွေကြောင့် အဆောက်အအုံတွေသာ တစ်လုံးပြီး တစ်လုံး ပေါ်လာတယ်၊ ကားပါကင်ကတော့ ပါမလာပါဘူး။ အခု ဒီကနေ့ အဲဒီ ပြသနာ ရင်ဆိုင်နေရတာပါ။ ဒီအတွက် အစိုးရ ဌာနဆိုင်ရာ ပူးပေါင်း၊ လိုအပ်တဲ့ နေရာတွေမှာ ဌာနပိုင်မြေတွေ အသုံးပြုပြီး အထပ်မြင့် အခပေး ကားပါကင်တွေ လုပ်ပေးဖို့ လိုပါလိမ့်မယ်။ ဝန်ကြီးဌာနပိုင်မြေ ဆိုတာ ဘိုးဘွားပိုင်မြေ၊ ကိုယ့်ဖာသာကိုယ် စီးပွားရေးသမားနဲ့ ပူးပေါင်းပြီး လာဘ်ငွေရတဲ့ စီမံကိန်းပဲ အကောင်အထည် ဖော်မယ်၊ ကားပါကင် လုပ်ဖို့တော့ မပေးနိုင်ဘူး ဆိုလို့ကတော့ ကားပါကင် ပြဿနာ ဘယ်တော့မှ ပြေလည်မှာ မဟုတ်ပါဘူး။ ဒါက တစ်ပိုင်းပါ။

အဲဒီ အပိုင်းကို အကောင်အထည် ဖော်နေတာနဲ့ တစ်ပြိုင်နက်တည်း လက်ရှိ ရှိနေတဲ့ ကားပါကင်တွေကို စနစ်တကျ အကွက်ရိုက် သတ်မှတ်ဖို့ လိုပါတယ်။ အကွက်ရိုက်ပြီးတဲ့နောက် နေရာအမျိုးမျိုး၊ ကားပါကင် လိုအပ်ချက် အမျိုးမျိုး၊ ယာဉ်ကြောကြပ်တည်းမှု အနည်းအများ အနေအထားကိုလိုက်ပြီး အခမဲ့ ကားရပ်နိုင်တဲ့ နေရာ၊ နှုန်းထား အမျိုးမျိုး ခွဲခြားထားတဲ့ အခပေး ကားရပ်နိုင်တဲ့ နေရာတွေ သတ်မှတ်ပေးရပါလိမ့်မယ်။ သတ်မှတ်နေရာ မရပ်တဲ့ ကားတွေကို ဖမ်းဆီး၊ အရေးယူ၊ ဒဏ်ရိုက်ရုံပါပဲ။ ဒါ နိုင်ငံတကာမှာ ကျင့်သုံးတဲ့နည်းပါ။ နောက်ဆုံးအချက်ကတော့ အသုံးပြုနေတဲ့ လမ်းတွေကို အပြည့်အဝ သုံးနိုင်အောင် စီမံခန့်ခွဲဖို့ပါ။ လမ်းဘေး ဈေးသည် ကိစ္စတွေ၊ လမ်းဖြတ်ကူးတဲ့ လူတွေ ပြသနာ အားလုံးဖြေရှင်းပေးဖို့ လိုပါတယ်။

ပြောရရင် ဒီ ပြဿနာတွေ ပြေလည်ဖို့ ဆိုတာဟာ သက်ဆိုင်ရာ တာဝန်ရှိ အဖွဲ့အစည်း၊ တာဝန်ရှိ ပုဂ္ဂိုလ်တွေ အရည်အချင်းရှိရှိ အလုပ်လုပ်ကြဖို့ လိုပါတယ်။ ကိုယ်အရည်အချင်း မရှိရင် ပညာရှင်တွေ အကြံပြုစကား နားထောင်ပြီး ကြိုးစား အကောင်အထည် ဖော်ဖို့ လိုပါတယ်။ ဌာန တစ်ခုနဲ့ တစ်ခု ပူးပေါင်းဆောင်ရွက်ကြဖို့ လိုပါတယ်။ စားပေါက်ထွင်ပြီး ဟိုကိစ္စ ငွေကောက်လိုက်၊ ဒီမှတ်ပုံတင်နဲ့ မဟုတ်ရင် ဝင်ကြေးယူ၊ အဲဒီ ကိစ္စ ပါကင်နေရာပြမှ ကားတင်သွင်းခွင့်ပြု ဆိုတာမျိုး အလွယ်တကူ လုပ်နေလို့ကတော့ ပြဿနာ မပြေလည်နိုင်ပါကြောင်း သုံးသပ်တင်ပြလိုက်ရပါတယ်။
စည်သူအောင်မြင့်

No comments:

Post a Comment