Sunday, May 24, 2015

အပစ်အခတ် လျှော့ချရေးနှင့် ပတ်သက်၍ ဆွေးနွေးရန် အစိုးရကို ထပ်မံမတောင်းဆိုတော့ဟု TNLA ဆို

ရှမ်းပြည်နယ်အတွင်း တပ်မတော်နှင့် တအာင်းလက်နက်ကိုင်အဖွဲ့အကြား တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေပြီး အစိုးရနှင့် အပစ်အခတ်လျှော့ချမှု ဆွေးနွေးရန် ထပ်မံတောင်းဆိုတော့မည် မဟုတ်ကြောင်း တအာင်းလွတ်မြောက်ရေး တပ်မတော် (TNLA) ထံမှ သိရသည်။
“၂၀၁၄ ခုနှစ်အတွင်းမှာ နှစ်ကြိမ်တိတိ တောင်းဆိုထားပါတယ်။ အစိုးရဘက်က တအာင်းလက်နက်ကိုင်အဖွဲ့ကို ငြိမ်းချမ်းရေးဆွေးနွေးဖက်လို့ သဘောမထားဘဲ စစ်ရေးအရ ဖြေရှင်းချင်တဲ့သဘော သက်ရောက်တဲ့အတွက် တိုက်ပွဲတွေလျှော့ချဖို့နဲ့ ပတ်သက်ပြီး ဆွေးနွေးဖို့ တောင်းဆိုစရာ အကြောင်းမရှိတော့ဘူး။ တိုက်ပွဲကတော့ ၂၁ ရက်နေ့ကအထိ ဖြစ်နေတုန်းပဲ” ဟု တအာင်းလွတ်မြောက်ရေး တပ်မတော်မှ ပြန်ကြားရေးတာဝန်ခံက ပြောကြားသည်။

တအာင်းလက်နက်ကိုင်အဖွဲ့နှင့် တပ်မတော်စစ်ကြောင်းများသည် ရှမ်းပြည်နယ်အတွင်းရှိ ကျောက်မဲ၊ နမ္မတူ၊ သိန္နီ၊ ကွတ်ခိုင်၊ နမ့်ဆန်၊ မူဆယ် စသော မြို့နယ်များအတွင်း တိုက်ပွဲငယ်များ ဆက်တိုက်ဖြစ်ပွားခဲ့ပြီး မေလအတွင်း တအာင်းလက်နက်ကိုင်အဖွဲ့နှင့် တပ်မတော်အကြား တိုက်ပွဲပေါင်း ၁၃ ကြိမ်ခန့် ဖြစ်ပွားခဲ့ကြောင်း TNLA ထံမှ သိရသည်။
ယင်းဖြစ်စဉ်များနှင့် ပတ်သက်၍ အရှေ့မြောက်တိုင်း စစ်ဌာနချုပ်သို့ ဆက်သွယ်မေးမြန်းရာတွင် “တိုက်ပွဲရယ်လို့ ကြီးကြီးမားမား ဖြစ်တာလည်း မဟုတ်ဘူး။ လမ်းမပေါ်ကို ယူနီဖောင်းနဲ့ တက်လာတာ မဟုတ်ဘူး။ အရပ်ဝတ်တွေနဲ့လာပြီး လမ်းမပေါ်ရောက်မှ လက်နက်နဲ့ ဟိုဘက်ဒီဘက် ပိတ်ပြီး ဆက်ကြေးကောက်နေတာ။ လမ်းမကြီးပေါ်အထိ တက်ပြီး ဆက်ကြေးကောက်တဲ့ ကိစ္စတွေ ဖြစ်လာတော့ တပ်မတော်က နယ်မြေရှင်းလင်းရေး လုပ်ရင်းက ပစ်ခတ်မှုဖြစ်တဲ့ သဘောပါ” ဟု တပ်မတော်မှ တာဝန်ရှိသူတစ်ဦးက ရှင်းပြသည်။
မူးယစ်ဆေးဝါး ပြဿနာ၊ လူသစ်စုဆောင်းခြင်း၊ ဆက်ကြေးကောက်ခံခြင်း စသော လုပ်ရပ်များကြောင့် တပ်မတော်က နယ်မြေရှင်းလင်းရေး ဆောင်ရွက်ရာမှ ပစ်ခတ်မှုများ ဖြစ်ပွားခဲ့သော်လည်း ပြင်းထန်သည့်တိုက်ပွဲများ မဖြစ်ပွားခဲ့ကြောင်း ၎င်းကဆိုသည်။
The Voice Weekly

No comments:

Post a Comment