Tuesday, June 2, 2015

တရုတ်-မြန်မာနယ်စပ်တွင် တရုတ်စစ်ရေး လေ့ကျင့်မည်

တရုတ်လေတပ် J-10 တိုက်လေယာဉ်တစ်စီး လေ့ကျင့်ပျံသန်းနေစဉ်
တိုင်းရင်းသား လက် နက်ကိုင်အဖွဲ့များ လက်နက် ကိုင်လမ်းစဉ် စွန့်လွှတ်ရေး တရုတ်နိုင်ငံက အကူအညီပေး ရန် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တောင်းဆို ခဲ့ပြီး ၁၃ ရက်အကြာတွင် နှစ် နိုင်ငံနယ်စပ် တရုတ်နိုင်ငံဘက် အခြမ်း၌ တရုတ်တပ်မတော်က မြေပြင်၊ ဝေဟင် စစ်ရေးလေ့ ကျင့်မှုပြုလုပ်မည့် ကြေညာချက် ထွက်ပေါ်လာသည်။

ယခု စစ်ရေးလေ့ကျင့်မှုနှင့် ပတ်သက်၍ မြန်မာနိုင်ငံသို့ သတင်းပေး အကြောင်းကြား ပြီးပြီဟု တရုတ်ကာကွယ်ရေး ဝန်ကြီးဌာနက ဇွန်လ ၁ ရက်တွင် ကြေညာသည်။
ဇွန်လ ၂ ရက်မှစတင်ပြုလုပ်မည့်ထိုစစ်ရေးလေ့ကျင့်မှုတွင် တရုတ်တပ်မတော်၏ စစ်လက်နက်များ လက်တွေ့အသုံးချပစ်ခတ်လေ့ကျင့်မှု  ပါဝင်မည်ဖြစ်သည်။ ယင်းစစ်ရေးလေ့ကျင့်မှုတွင်တပ်ဖွဲ့ဝင်အရေအတွက်မည်မျှပါဝင်မည်ဆိုသော အချက်နှင့် စစ်ရေးလေ့ကျင့်မှုကြာမြင့်မည့် ကာလတို့ကို  ကြေညာချက်၌  ဖော်ပြမထားခဲ့ချေ။ လေ့ကျင့်မှုနောက်ဆုံးပြုလုပ်မည့်ရက်နှင့် ပတ်သက်၍ နောက်တော့မှကြေညာမည်ဟု ဆိုသည်။

 ကြည်းတပ်နှင့်လေတပ်မှ တပ်ဖွဲ့ဝင်များပါဝင်မည့် ပူးတွဲ လေ့ကျင့်မှုကို လေ့ကျင့်ရေးစီမံ ချက်များအရ စီစဉ်ဆောင်ရွက် ခြင်းဖြစ်ကြောင်း တရုတ်ပြည်သူ့ လွတ်မြောက်ရေးတပ်မတော် (PLA)၏ချန်ဒူးစစ်ဒေသပြောရေး ဆိုခွင့်ရပုဂ္ဂိုလ် ကျောက်ပိကွန်းက ပြောကြောင်း  ဆင်ဟွာသတင်းဌာနက ဖော်ပြလာသည်။

ထိုစစ်ရေးလေ့ကျင့်မှုပြုလုပ် မည့် တရုတ်နိုင်ငံ ယူနန်ပြည်နယ် ရှိ စီရင်စုနှစ်ခုမှာ မြန်မာနိုင်ငံ ကိုး ကန့်ဒေသဘေးတွင် ကပ်လျက် တည်ရှိသည်။ မြန်မာအစိုးရတပ် မတော်နှင့် ကိုးကန့်လက်နက်ကိုင် အဖွဲ့ (MNDAA)တို့အကြား တိုက်ပွဲများဖြစ်ပွားနေစဉ် နယ်ကျော်၍ တရုတ်နိုင်ငံနယ်နိမိတ်အတွင်း လက်နက်ကြီးကျည်များ ကျရောက်မှု နှစ်ကြိမ်ဖြစ်ပွားခဲ့သော နေရာအနီး အခြေအနေတင်းမာမှုရှိသည့်နယ်စပ်တွင်ဖြစ်သည်။

‘‘မြန်မာဘက် လောက်ကိုင်စစ်ဒေသကို တရုတ်ဘက် လင်ချန်းစစ်ဒေသ တာဝန်ရှိသူတွေက ဇွန်လ ၁ ရက် မနက် ၈ နာရီမှာအသိပေးပါတယ်။ မြန်မာနဲ့ တရုတ် အစိုးရတို့အကြား ၁၉၉၇ မတ်လ ၂၅ ရက် ရန်ကုန်မြို့မှာ ချုပ်ဆိုခဲ့ တဲ့ မြန်မာ-တရုတ်နယ်စပ်ဒေသ များစီမံခန့်ခွဲရေးနဲ့  ပူးပေါင်း ဆောင်ရွက်ရေးဆိုင်ရာ သဘော တူစာချုပ်အရဆိုပါက နယ်နိမိတ် ကို ဖြတ်ကျော်ပြီး လက်နက်ဖြင့် ပစ်ခတ်ခြင်းမပြုရ။ နယ်နိမိတ် မျဉ်းအနီး ပေါက်ကွဲစေတတ်တဲ့ ပစ္စည်းများဖောက်ခွဲရန် လိုအပ် ပါက တခြားစာချုပ်ဝင်နိုင်ငံကို အနည်းဆုံး ၂၄ နာရီ ကြိုတင် အ ကြောင်းကြားရမယ်ဆိုတဲ့ အချက် စာချုပ်မှာ ပါရှိပါတယ်’’ဟု မြန် မာနိုင်ငံခြားရေးဒုဝန်ကြီး ဦးသန့် ကျော်က ပြောကြားသည်။

 ဆက်လက်၍ ၎င်းက ‘‘ဇွန် လ ၁ ရက်နေ့ မနက် ၈ နာရီက နယ်စပ်ဒေသအချင်းချင်း အသိ ပေးထားပြီးဖြစ်လို့ မိမိတို့ဘက်က သိပြီးဖြစ်ပါတယ်။ သို့သော် နှစ် ဖက် နိုင်ငံခြားရေးဝန်ကြီးဌာန များအချင်းချင်းမှာတော့ ယခုလို ဆောင်ရွက်မှုမျိုးရှိမယ်ဆိုတာကို သတ်မှတ်အချိန်ကာလအတွင်း အသိပေးသင့်တယ်လို့ သဘောရ ပါတယ်’’ဟု ပြောကြားခဲ့သည်။

ယခု တရုတ်စစ်ရေးလေ့ကျင့်မှုကြေညာချက် ထွက်ပေါ်လာသည့် ဇွန်လ ၁ ရက်နေ့မှာပင် နေပြည်တော်၌ ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ကြည်းတပ်ဦးစီးချုပ် ကာနယ်-ဂျင်နရယ် OLEG L.SAL-YUKOV ဦးဆောင်သည့် ရုရှားကိုယ်စားလှယ်အဖွဲ့ နှင့် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တို့ တွေ့ဆုံနေကြပြီး နှစ်နိုင်ငံစစ်တပ်များအကြား ပူးပေါင်းဆောင်ရွက်ရေး ဆွေးနွေးကြသည်။

‘‘စစ်အင်အားပြခြိမ်းခြောက် တာ တရုတ်က ရှိနေတုန်းပဲဆိုတဲ့အချက်နဲ့  အင်အားကြီးအိမ်နီး ချင်းနိုင်ငံဖြစ်တယ်ဆိုတဲ့ အချက် ကို ဗိုလ်ချုပ်မှူးကြီး မင်းအောင် လှိုင်နဲ့ တခြားသူတွေကို သတိပေး ဖို့ အင်အားပြပွဲတစ်ရပ်ပဲ။ မြန်မာ ဟာ တရုတ်ရဲ့ဖောက်သည်နိုင်ငံ ဖြစ်ခဲ့ဖူးတယ်။ အခုကျတော့ တ ရုတ်ရဲ့အမြင်မှာ မြန်မာက အ နောက်တိုင်းနဲ့ သိပ်နီးနီးကပ်ကပ် ဖြစ်သွားနေတယ်။ ခြိမ်းခြောက်တဲ့ သဘောမျိုးပါပဲ။ အဲဒီအဆက်အ စပ်(ပထဝီဝင်နိုင်ငံရေး)မှာ မြင်ရ တယ်’’ဟု မြန်မာတိုင်းရင်းသား လက်နက်ကိုင်များသမိုင်း ကျွမ်း ကျင်သူ၊ ဝါရင့်သတင်းစာဆရာ ဘာတေးလ်လင့်တနာက သုံးသပ် သည်။

ကိုးကန့်တိုက်ပွဲများဖြစ်ပွား သည့် ဖေဖော်ဝါရီမှစတင်၍ ပြီးခဲ့ သည့်လများတစ်လျှောက် မြန်မာ ပြည်မြောက်ပိုင်းကိစ္စအတွက် စိတ်ပူပန်မှုရှိကြောင်း၊ နယ်စပ်ဒေ သတည်ငြိမ်လုံခြုံရေးအတွက် အ မြန်ဆုံးကြိုးပမ်းစေလိုကြောင်းတို့ ကို  တရုတ်က အကြိမ်ကြိမ်တိုက်တွန်းခဲ့သည်။ ထို့အပြင် နယ်စပ်ကို ကျော်ဖြတ်ပြီး လက် နက်ကြီးနှင့် ကျည်ဆန်များ ကျရောက်နေမှုအတွက် ထိန်းထိန်းသိမ်းသိမ်းလုပ်ဆောင်ရန် မြန်မာအစိုးရအား  အကြိမ်ကြိမ်အရေးဆိုခဲ့ဖူးသည်။  တရုတ်နိုင်ငံ၏ အလွန်စိတ်မကျေမနပ်ဖြစ်မှုကို တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန က ပြောခွင့်ရပုဂ္ဂိုလ် ဟွာချောင် ယင်းက ထပ်တလဲလဲ ပြောကြား နေပြီး တတ်နိုင်သမျှ အမြန်ဆုံး နယ်စပ်ဒေသတည်ငြိမ်မှု ပြန် လည်တည်ဆောက်ရန် မြန်မာနိုင် ငံကို တိုက်တွန်းခဲ့ဖူးသည်။ ထို့ နောက် ယခု စစ်ရေးလေ့ကျင့်မှု အစီအစဉ်သည် မတ်လက ဖြစ်ပွား သည့် ပစ်မှတ်လွဲချော် ဗုံးကျ ရောက်ပေါက်ကွဲမှုဖြစ်စဉ်အပြီး တရုတ်ဘက်က ပထမဆုံး တရား ဝင်ကြေညာသည့်  စစ်ရေးလေ့ ကျင့်မှု ဖြစ်လာခဲ့သည်ဟု ဘေဂျင်းအခြေစိုက်သတင်းများက ထောက်ပြသည်။ ဗုံးကျရောက်မှု ဖြစ်ပွားအပြီးတွင် တရုတ်သည်နယ်စပ်ဒေသကို စောင့်ကြည့်ရန် အင်အားဖြည့်တင်းမှုများ  ပြုလုပ်ခဲ့ဖူးကြောင်း ယုံကြည်ရသည်။

ပြီးခဲ့သည့် မေလ ၁၉ ရက်ကတရုတ်နိုင်ငံ တရုတ်ကွန်မြူနစ် ပါတီ ဗဟိုကော်မတီ နိုင်ငံခြား ဆက်ဆံရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ချမ်းဖုန်ကျန်းနှင့် တွေ့ဆုံ စဉ် ‘‘မဟာဗျူဟာမိတ်ဖက်နိုင်ငံ အနေဖြင့်လည်း နှစ်နိုင်ငံဆက်ဆံ ရေးကို ရှေးရှု၍ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများ လက်နက်ကိုင်လမ်းစဉ်စွန့်လွှတ် ရေးအတွက် တစ်ဖက်တစ်လမ်းမှ ကူညီစေလိုပါကြောင်း’’ဟု ဗိုလ် ချုပ်မှူးကြီး  မင်းအောင်လှိုင်က ပြောကြားခဲ့သည်။

ယင်းနှင့်ပတ်သက်၍ တရုတ် ဘက်မှ မည်ကဲ့သို့ တုံ့ပြန်အဖြေ ကြောင်းနှင့်ပတ်သက်၍မူ တပ်မ တော်ကာကွယ်ရေးဦးစီးချုပ်ရုံး၏ ထုတ်ပြန်ချက်တွင် မပါရှိခဲ့ပေ။ MNDAA အဖွဲ့ဝင်များ တရုတ်နိုင် ငံအတွင်းမှ ဖြတ်သန်းသွားလာမှု မရှိရေး စစ်ဆေးကြပ်မတ်စေလို ကြောင်း တပ်မတော်က တရုတ် ကို တောင်းဆိုခဲ့သည်။ ထို့နောက် ကျည်ကျော်ကျရောက်မှု ထပ်မံ မဖြစ်ပွားရေး ကြိုးစားဆောင်ရွက် ပေးမည်ဟုလည်း  ပြောကြား ကြောင်း ထုတ်ပြန်ခဲ့သည်။

‘‘တရုတ်က ကူညီမှာမဟုတ်  ပါဘူး။ အရင်ဆုံးအနေနဲ့ပြောရ ရင် သူတို့မလုပ်နိုင်တာ။ အဲဒါက ပွင့်ပွင့်လင်းလင်းပြောရရင် လက် တွေ့မကျတဲ့ တောင်းဆိုချက်တစ် ရပ်ပဲ။ တရုတ်စစ်အရာရှိတွေက ရှမ်းနဲ့ကချင်ပြည်နယ်တွေထဲကို သွားပြီး လက်နက်ကိုင်အဖွဲ့တွေ ကို သူတို့ရဲ့လက်နက်တွေ လွှဲပေး ဖို့ တောင်းဆိုမလား။ မဖြစ်မှ မဖြစ်နိုင်တာ’’ဟု ဘာတေးလ် လင့်တနာက သုံးသပ်သည်။

ကိုးကန့်လက်နက်ကိုင်အဖွဲ့ နှင့် တိုက်ပွဲများအတွင်း မတ်လက မြန်မာအစိုးရတပ်မတော် တိုက် လေယာဉ်တစ်စီးကလမ်းကြောင်း လွဲမှားကြဲချမိသော ဗုံးတစ်လုံး ကြောင့် တရုတ်လယ်သမားငါးဦး သေဆုံးခဲ့ရာ မြန်မာအစိုးရက တ ရားဝင်ပြန်လည်တောင်းပန်ခဲ့ရ သည်။ မြန်မာသံအမတ်ကို ဘေဂျင်းကဆင့်ခေါ်ခဲ့ပြီး မြန်မာနှင့်ထိစပ်နေသော တရုတ်နိုင်ငံအနောက်တောင်ပိုင်းနယ်စပ်ကို ကင်းလှည့်ရန် တရုတ်အဖွဲ့ဝင်များစေလွှတ်ခဲ့သည်။ သေဆုံးရသူများအတွက် လျော်ကြေးပေးမည်ဖြစ်ကြောင်း တရုတ်အစိုးရနှင့် တရုတ်တပ်မတော်ကို မြန်မာအစိုးရက ကမ်းလှမ်းခဲ့သည်။

မေလ ၁၄ ရက်ညက မြန်မာ နိုင်ငံဘက်မှ ပစ်လွှတ်လိုက်သည့် လက်နက်ကြီးကျည်များ တရုတ် နိုင်ငံ၊ ယူနန်ပြည်နယ်ရှိ လူဦးရေ ထူထပ်သော ၀မ်မင်းကျေးရွာထဲ သို့ ကျရောက်ခဲ့ပြီး ရွာသားငါးဦး ဒဏ်ရာရရှိခဲ့ကြောင်း တရုတ်သ တင်းဌာနများက ဖော်ပြခဲ့သည်။ ယင်းအဖြစ်အပျက်မှာ နှစ်လအ တွင်း ယူနန်ပြည်နယ်နယ်စပ်တစ် လျှောက် သေကျေဒဏ်ရာရမှုများ ဖြစ်စေခဲ့သည့် ဒုတိယမြောက်စစ် ရေးကျူးကျော်တိုက်ခိုက်မှုဖြစ် သည်ဟု တရုတ်သတင်းဌာနက South China Morning Post က ထောက်ပြသည်။

မေလ ၁၅ ရက်တွင် တရုတ် နိုင်ငံဆိုင်ရာ မြန်မာသံမှူးကြီးကို ဘေဂျင်းမြို့ တရုတ်နိုင်ငံခြားရေး ၀န်ကြီးဌာနက ခေါ်ယူပြီး ကန့် ကွက်မှု၊ တရုတ်နိုင်ငံ ယူနန်ပြည် နယ်အုပ်ချုပ်ရေးမှူးရုံး နိုင်ငံခြား ဆက်ဆံရေးရုံးက ကူမင်းမြို့ရှိ မြန်မာကောင်စစ်ဝန်ရုံးသို့ တရား ၀င်စာဖြင့် ကန့်ကွက်မှုတို့ ရှိခဲ့ ကြောင်း မြန်မာနိုင်ငံ နိုင်ငံခြား ရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦး သန့်ကျော်က 7 Day News အား ပြောကြားခဲ့သည်။

 သို့သော် မေလ ၁၄ ရက် လက်နက်ကြီးကျည်ကျရောက် ပေါက်ကွဲမှုမှာ မြန်မာ့တပ်မတော် စစ်ကြောင်းများ၏ ပစ်ခတ်မှုလုံးဝ မဖြစ်နိုင်ကြောင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က မေလ ၁၈ ရက်တွင် တရုတ်သံအမတ်ကြီး၊ တရုတ်စစ်သံမှူးတို့နှင့် တွေ့ဆုံ စဉ် ပြောကြားခဲ့သည်။ ထို့အပြင် ကိုးကန့်လက်နက်ကိုင်အဖွဲ့သည်နှစ်နိုင်ငံနှင့်တပ်မတော်နှစ်ရပ်အကြားဆက်ဆံရေးထိခိုက်စေရန် ရည်ရွယ်လုပ်ဆောင်ခြင်းဖြစ် သည်ဟု တပ်ချုပ်ကဆိုသည်။

 ယခုပြုလုပ်မည့် စစ်ရေး လေ့ကျင့်မှုအတောအတွင်း ခွင့်ပြု ချက်မရှိဘဲ လေ့ကျင့်ရေးလေပိုင် နက်သို့ မည်သည့်လေယာဉ်ကိုမျှ ၀င်ရောက်ခွင့်ပြုမည်မဟုတ်ဟု တရုတ်ကသတိပေးထားသည်။ လေ့ကျင့်ရာဒေသဖြစ်သည့် Gengma နှင့် Zhenkang စီရင်စုများသို့ မော်တော်ယာဉ်များ ၀င်ရောက်ခြင်းကိုလည်း ယာဉ်ကြောထိန်းချုပ်မှု  ပြုလုပ်မည်ဖြစ်ကြောင်း PLA ကကြေညာခဲ့သည်။ ထို့အပြင် ဒေသခံများကိုလည်း ခွင့်ပြုချက်မရှိဘဲ လေ့ကျင့်ရေးဒေသအတွင်းသို့ ၀င်ရောက်ခွင့်ပြုမည်မဟုတ်ဟုဆိုသည်။

အစိုးရတပ်မတော်နှင့် ကိုး ကန့်တိမ်းရှောင်အဖွဲ့တို့အကြား တိုက်ပွဲများသည် ရှမ်းပြည်နယ်၊ကိုးကန့်ဒေသရှိ လောက်ကိုင်တွင် ဖေဖော်ဝါရီလ အစောပိုင်းကတည်းကဖြစ်ပွားနေခဲ့သည်။ မြန်မာပြည်မြောက်ပိုင်းနှင့်  ထာဝရငြိမ်း ချမ်းရေးရရှိရန် မျှော်လင့်ဆုံးဖြစ်ကြောင်း တရုတ်နိုင်ငံခြား ဆက်ဆံရေး ဒုတိယ၀န်ကြီး ချမ်းဖုန်ကျန်းက ပြီးခဲ့သည့်လက ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အား ပြောကြားခဲ့သည်။
7 day

No comments:

Post a Comment