Sunday, June 28, 2015

နီပေါငလျင်ဘေး ၂ လပြည့် အောက်မေ့ဖွယ်အခမ်းအနား ပြုလုပ်

နီပေါနိုင်ငံမှာ လူ ၈၈၀၀ ကျော် သေဆုံးခဲ့တဲ့ ငလျင်ဘေး ၂ လ ပြည့် အောက်မေ့ဖွယ် အခမ်းအနားတခုကို ကက်သမန်ဒူမြို့က ရင်ပြင်တခုမှာ ဇွန် ၂၇ ရက်နေ့က ပြုလုပ်ခဲ့ပါတယ်။
ငလျင်ကြောင့် အိမ်ပေါင်း သန်းတ၀က်လောက်လည်း ပျက်စီးခဲ့ပါတယ်။ ကွယ်လွန်သွားသူတွေရဲ့ ၀ိညာဉ်တွေ ငြိမ်းချမ်းစေဖို့အတွက် ဆုတောင်းပွဲ ပြုလုပ်တာလို့ ဦးဆောင်သူ အန်နာပါနာ ပုံနှိပ်တိုက်ရဲ့ ကိုယ်စားလှယ် ရှီလူ အာဟီကရေးက ရှင်းပြပါတယ်။

ဧပြီလ ၂၅ ငလျင် နဲ့ နောက်ဆက်တွဲ မေလ ၁၂ ငလျင်ကြောင့် လူပေါင်း ၈၈၃၂  ဦး သေဆုံးပြီး ၂၂၀၀၀ ဒဏ်ရာရခဲ့ပါတယ်။
ဇွန်လ ၂၅ ရက်နေ့မှာ ကျင်းပတဲ့ အလှူရှင်နိုင်ငံများ ညီလာခံမှာ နီပေါ ပြန်လည် ထူထောင်ရေးအတွက် ဒေါ်လာ ၄ ဒသမ၄ ဘီလီယံကို ကတိပြုထားကြပါတယ်။
ဒါပေမ့ယ် စီမံခန့်ခွဲမှုအပိုင်း အားနည်းတဲ့ နီပေါနိုင်ငံမှာ အလှူငွေတွေကို ဘယ်လိုပုံစံမျိုးနဲ့ ခွဲဝေသုံးစွဲမလဲဆိုတဲ့ ကိစ္စက စိန်ခေါ်မှုတခုအဖြစ် ဆက်ရှိနေပါတယ်။
နီပေါဝန်ကြီးချုပ်ကတော့ အကျင့်ပျက် ခြစားမှုတွေ ဖြစ်လာရင် လုံးဝ သည်းခံမှာ မဟုတ်ဘူးလို့ ကတိပြုထားပါတယ်။ တချို့ အလှူရှင်တွေကလည်း လာဘ်ပေးလာဘ်ယူ ကိစ္စတွေကို စိုးရိမ်နေတာပါ။
အစိုးရကတော့ ဘဏ္ဍာငွေ ခွဲဝေရေးအတွက် အရာရှိတွေကို ခန့်အပ်တာဝန်ပေးမှာ ဖြစ်ပေမယ့် နီပေါမှာ ၁၉၉၇ ကတည်းက ဒေသန္တရ ရွေးကောက်ပွဲ မကျင်းပတဲ့အတွက် နယ်ခံ လွှတ်တော်အမတ်တွေ မရှိဘဲ ဗျူရိုကရေစီစနစ်ကို တာဝန်ခံမှု ရှိအောင် ထိန်းပေးမယ့် အပိုင်းမှာတော့ အခက်အခဲတွေ ရှိနေပါတယ်။
dvb

No comments:

Post a Comment