Monday, June 22, 2015

ဟိုတယ်တည်ဆောက်ရေး ငြမ်းပြိုကျမှု ဉာဏ်မိသားစု ဆောက်လုပ်ရေး တာဝန်ရှိသူကို ပုဒ်မသုံးခုဖြင့် အမှုဖွင့်

မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ် မင်္ဂလာ မန္တလေး စီမံကိန်း ဟိုတယ်တည်ဆောက်ရေး လုပ်ငန်းခွင် ငြမ်းပြိုကျမှုကြောင့် တာဝန်ရှိသည်ဟုဆိုသော ဉာဏ်မိသားစု ဆောက်လုပ်ရေးတာဝန်ရှိသူ တစ်ဦးကို ပြစ်မှုပုဒ်မ ၃၃၇၊ ၃၃၈၊ ၃၀၄ ကဖြင့် အမှုဖွင့်၍ ခေါ်ယူစစ်ဆေးလျက်ရှိကြောင်း ချမ်းမြသာစည်မြို့နယ် ရဲတပ်ဖွဲ့၊ ဒုတိယရဲတပ်ဖွဲ့မှူး ခင်ဇော်က ပြောကြားသည်။

ဇွန်လ ၂၀ ရက်နေ့ မွန်းလွဲ ၂ နာရီ ၃၀ မိနစ်ခန့်က ၎င်းဟိုတယ် ပထမထပ် ရေကူးကန်ကြမ်းပြင် ကျောက်သွေးလောင်းစဉ် သံငြမ်းပြိုကျရာ ဒဏ်ရာရရှိသူ ၂၀ ဦးနှင့် သေဆုံးသူ ၂ ဦးရှိပြီး ယင်းပြိုကျမှုကြောင့် ပိတ်မိနေသူ ဆောက်လုပ်ရေးလုပ်သား ဆန်းမြင့်အောင်ကို ဇွန်လ ၂၁ ရက်နေ့ ညနေ ၆ နာရီကျော်သည်အထိ ခက်ခက်ခဲခဲ ကယ်ထုတ်လျက်ရှိကြောင်း ကယ်ဆယ်ရေးလုပ်ငန်း တာဝန်ယူ ဆောင်ရွက်နေသူများထံမှ သိရသည်။
ဒဏ်ရာရရှိသူများကို မန္တလေးပြည်သူ့ဆေးရုံကြီးနှင့် ခုတင် ၃၀၀ သင်ကြားရေးဆေးရုံတွင် ကုသမှုပေးလျက် ရှိပြီး သေဆုံးသူ အလုပ်သမားနှစ်ဦး၏ နာရေးကိစ္စကို ကုမ္ပဏီမှ ကူညီဆောင်ရွက်မှုများ ပြုလုပ်ပေးနေကြောင်း ဉာဏ်မိသားစု ဆောက်လုပ်ရေး ကုမ္ပဏီထံမှ သိရှိသည်။
ယင်းငြမ်းပြိုကျမှုကြောင့် ပိတ်မိနေသူများကို အခင်းဖြစ်ပွားချိန်မှ စတင်ကာ ရဲ၊ ကြက်ခြေနီ၊ မီးသတ်တို့နှင့် လူမှုရေး အသင်းအဖွဲ့များနှင့် ကုမ္ပဏီဝန်ထမ်းများ ပူးပေါင်းကာ ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည်။
The Voice Weekly

No comments:

Post a Comment