Thursday, June 18, 2015

တရုတ်နှင့် သြစတြေးလျ သမိုင်းဝင် ကုန်သွယ်ရေး သဘောတူစာချုပ် လက်မှတ်ထိုး

ဆယ်စုနှစ် တစ်နှစ်ကြာ ဆွေးနွေးပွဲများ ပြုလုပ်ပြီးနောက် တရုတ်နှင့် သြစတြေးလျတို့သည် ဇွန် ၁၇ က သမိုင်းဝင် ကုန်သွယ်ရေး သဘောတူညီချက် တစ်ခုကို လက်မှတ်ရေးထိုးခဲ့ကြသည်။
ယင်းသို့ သဘောတူညီချက်အရ များပြားလှသော ကဏ္ဍများတွင် နှစ်နိုင်ငံခြား သွင်းကုန်ပို့ကုန်ခွန်များ ဖျက်သိမ်းခြင်းကြောင့် စီးပွားရေးနှင့် အလုပ်အကိုင်များ တိုးတက်လာမည် ဖြစ်သည်။

"ဒီကနေ့ကတော့ ကျွန်တော်တို့ နှစ်နိုင်ငံအတွက် အလွန်ကို အရေးပါပြီး သမိုင်းဝင်တဲ့နေ့ပါ။ ကျွန်တော်တို့ နှစ်နိုင်ငံကို ပိုကောင်းစေဖို့ ပြောင်းလဲပေးမှာပါ။ နောက်ပြီး ဒါက(သဘောတူညီချက်က) ကျွန်တော်တို့ရဲ့ဒေသတွင်းကိုလည်း ပိုပြီးကောင်းစေမှာပါ။ နောက် ကျွန်တော်တို့ရဲ့ ကမ္ဘာကြီးကိုပေါ့" ဟု သြစတြေးလျဝန်ကြီးချုပ် တိုနီအက်ဘော့က ကင်ဘာရာတွင် သဘောတူညီချက်ကို လက်မှတ်ရေးထိုးအပြီး ပြောကြားသည်။

"ဒီသဘောတူညီချက်ကြောင့် ကျွန်တော်တို့ နှစ်နိုင်ငံဟာ တစ်နိုင်ငံရဲ့ဈေးကွက်တွေထဲကို တစ်နိုင်ငံက မကြုံစဖူး ထိုးဖောက်ဝင်ရောက်နိုင်ပါလိမ့်မယ်"ဟုလည်း ၎င်းက ပြောကြားသည်။ သြစတြေးလျ ကုန်သွယ်ရေးဝန်ကြီး အင်ဒရူးရော့ဘ်နှင့် တရုတ်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီး ကောက်ဟူချန်တို့က ကင်ဘာရာမြို့တွင် သဘောတူလက်မှတ်ရေးထိုးခဲ့ခြင်း ဖြစ်သည်။

တရုတ်သည် သြစတြေးလျ၏ အကြီးမားဆုံး ကုန်သွယ်ဘက်ဖြစ်ပြီး နှစ်စဉ် နှစ်ဘက်ကုန်သွယ်မှု တန်ဖိုးမှာ သြစတြေးလျ ဒေါ်လာဘီလီယံ ၁၆၀ ကျော်(စင်ကာပူဒေါ်လာ ၁၆၆ ဒသမ ၈ ဘီလီယံ)ရှိသည်။ သဘောတူညီအရ တရုတ်သို့ ဝင်လာသော သြစတြေးလျကုန်ပစ္စည်း ၈၅ ရာခိုင်နှုန်းမှာ ဒဏ်ကြေးအခွန် ရှိလိမ့်မည် မဟုတ်ပေ။ သြစတြေးလျသည် အလားတူစာချုပ်များကို ဂျပန်၊ တောင်ကိုရီးယားတို့နှင့်လည်း လက်မှတ်ထိုးထားပြီဖြစ်ရာ သြစတြေးလျပို့ကုန်များ၏ ကြီးမားသည့် ရာခိုင်နှုန်းမှာ မကြာမီ အကောက်ခွန် ကင်းလွတ်တော့မည် ဖြစ်သည်။

သြစတြေးလျ လုပ်ငန်းများသည် လောလောဆယ် တရုတ်သို့ တင်ပို့သော ကုန်ပစ္စည်းများ အပေါ် ၄၀ ရာခိုင်နှုန်းအထိ အခွန်ပေးနေရသည်။ သို့သော်လည်း သဘောတူညီချက်အရ အရင်းအမြစ်များနှင့် စွမ်းအင်ထုတ်ကုန် အားလုံးအပေါ် စည်းကြပ်ခွန်များကို ဖျက်သိမ်းတော့မည် ဖြစ်သည်။ တရုတ်၏ ကြီးထွားလာသော လူလတ်တန်းစားများကို ကျွေးမွေးနိုင်ရန် သြစတြေးလျ၏ ဝိုင်၊ အသား၊ ပင်လယ်စာနှင့် နို့ထွက်ပစ္စည်း အပါအဝင် စိုက်ပျိုးရေး ထွက်ကုန်များအပေါ်လည်း အကောက်ခွန်များကို ရုပ်သိမ်းမည် ဖြစ်သည်။

အပြန်အလှန်အားဖြင့် သြစတြေးလျကလည်း တရုတ် အီလက်ထရွန်းနစ်နှင့် ဈေးနှုန်းချိုသော ကုန်ပစ္စည်းများအပေါ်ရှိနေသည့် သွင်းကုန်ခွန် ၅ ရာခိုင်နှုန်းကိုလည်း ပယ်ဖျက်ပေးမည်ဖြစ်သည်။ သို့သော်လည်း အချို့မှာ အခွန်လျှော့သည့် အဆင့်ရှိမည်ဖြစ်သည်။
mizzima

No comments:

Post a Comment