Tuesday, June 23, 2015

နိုင်ငံရေးမူဘောင်များ ပေါင်းစည်းရေး တိုင်းရင်းသားလက်နက်ကိုင်နှင့် နိုင်ငံရေးပါတီများ ဆွေးနွေးမည်

နိုင်ငံရေးအင်အားစု အသီးသီးက ရေးဆွဲထားသော နိုင်ငံရေးမူဘောင်များ အားလုံးပေါင်းစည်းနိုင်ရေး အတွက် တိုင်းရင်းသား လက်နက်ကိုင်များနှင့် နိုင်ငံရေးပါတီများ ယနေ့ (ဇွန်လ ၂၃ ရက်) တွေ့ဆုံဆွေးနွေးမည် ဖြစ်ကြောင်း ညီနောင်တိုင်းရင်းသားပါတီများ ဖက်ဒရေးရှင်း (NBF) အဖွဲ့ဝင် ဦးစောသန်းမြင့်က ပြောကြားသည်။
အဆိုပါ ဆွေးနွေးပွဲကို ဗဟန်းမြို့နယ် Excel Tower တွင် ပြုလုပ်မည်ဖြစ်ပြီး တိုင်းရင်းသား လက်နက်ကိုင် ခေါင်းဆောင်များ၊ ညီနောင်တိုင်းရင်းသားများ ဖက်ဒရေးရှင်း (NBF)၊ ညီညွတ်သော တိုင်းရင်းသားလူမျိုး မဟာမိတ် (UNA) အဖွဲ့ဝင် ပါတီများ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီတို့အပြင် မြန်မာငြိမ်းချမ်းရေး ဗဟိုဌာန (MPC) တို့ တက်ရောက်မည်ဖြစ်ကြောင်း ၎င်းကဆိုသည်။
“မူဘောင်တွေကို စပြီး ထဲထဲဝင်ဝင် ဆွေးနွေးဖြစ်မယ်၊ အလွတ်သဘော ဆွေးနွေးမှာဆိုတော့ ဘာမှကြိုပြောလို့ မရသေးဘူး” ဟု ၎င်းက ရှင်းပြသည်။

နိုင်ငံရေးဆွေးနွေးပွဲ မူဘောင်များကို နိုင်ငံရေးပါတီပေါင်း ၅၆ ပါတီ ပူးပေါင်းရေးဆွဲထားသည့် အပြင် UNA နှင့် NLD ပါတီတို့ကလည်း သီးခြားစီ ရေးဆွဲထားကြောင်း အဆိုပါ ပါတီများထံမှ သိရသည်။
အလားတူ မေလအတွင်း ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ၊ တိုင်းရင်းသား လက်နက်ကိုင်များနှင့် နိုင်ငံရေးပါတီများ ပါဝင်သော နိုင်ငံရေး မူဘောင်ရေးဆွဲနိုင်ရေး အလွတ်သဘောဆွေးနွေးပွဲကို အင်းလျားလိတ်ဟိုတယ်တွင် ပြုလုပ်ခဲ့သည်။
အဆိုပါ ဆွေးနွေးပွဲတွင် တိုင်းရင်းသား လက်နက်ကိုင်များနှင့် နိုင်ငံရေးပါတီများက ရေးဆွဲထားသော မူဘောင်အသီးသီးကို ပူးပေါင်းနိုင်ရေးအတွက် နှစ်ဘက်အဖွဲ့အစည်းဝင်များ ပါဝင်သော ကော်မတီတစ်ရပ် ဖွဲ့စည်းရန်နှင့် ဆွေးနွေးပွဲများကို ၁၀ ရက်တစ်ကြိမ် ပြုလုပ်သွားရန် နှစ်ဖက် သဘောတူညီထားသည်။
လက်ရှိတွင် နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးနိုင်ရေးနှင့် နိုင်ငံရေးမူဘောင် ရေးဆွဲရေး လုပ်ငန်းစဉ်များအတွက် တိုင်းရင်းသာလက်နက်ကိုင် ခေါင်းဆောင်များ ညီလာခံကို ဇွန်လဆန်းပိုင်းတွင် ကရင်အမျိုးသားအစည်းအရုံး KNU ထိန်းချုပ်နယ်မြေ လော်ခီးလာတွင် ပြုလုပ်ခဲ့သည်။
နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးပြီးနောက် ပြုလုပ်မည့် နိုင်ငံရေးဆွေးနွေးပွဲများ အတွက် ရက်ပေါင်း ၆၀ အတွင်း နိုင်ငံရေးဆွေးနွေးပွဲ မူဘောင် အပြီးသတ် ရေးဆွဲရန် အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင်များ အကြား သဘောတူညီထားသည်။

No comments:

Post a Comment