Tuesday, June 2, 2015

ဗီယက်နမ်နှင့် အမေရိကန် စစ်ရေး ပူးပေါင်းဆောင်ရွက်မှုနှင့် တောင်တရုတ် ပင်လယ်ကျွန်းများအရေး ဆွေးနွေး

 အမေရိကန် ကာကွယ်ရေးဝန်ကြီး အက်ရှ်ကာတာသည် ဇွန် ၁ က ဗီယက်နမ်ကာကွယ်ရေး ဝန်ကြီးနှင့်
ဆွေးနွေးပွဲများအတွင်း တောင်တရုတ်ပင်လယ်တွင် ကျွန်းများ တည်ဆောက်ရေး အဆုံးသတ်ရန် ၎င်း၏တောင်းဆိုမှုနှင့် ပတ်သက်၍ ဆွေးနွေးခဲ့ရာ ဗီယက်နမ်သည် ၎င်း၏ ကျွန်းများကို ချဲ့ထွင်ခြင်း မရှိကြောင်း ဗီယက်နမ် ကာကွယ်ရေးဝန်ကြီးက သတင်းစာ ရှင်းလင်းပွဲတစ်ခုတွင် ပြောကြားခဲ့သည်။
ကာတာနှင့် ဗီယက်နမ် ကာကွယ်ရေးဝန်ကြီး ဖန်ကွန်သန်တို့သည် နှစ်နိုင်ငံကြား အနာဂတ် စစ်ရေးပူးပေါင်းဆောင်ရွက်မှုကို လမ်းညွှန်မည့် Joint Vision Statement သဘောတူညီချက်ကို လက်မှတ်ရေးထိုးခဲ့ကြသည်။

အမေရိကန်နှင့် ဗီယက်နမ်တို့သည် ၁၉၅၅ မှ ၁၉၇၅ အထိ စစ်မက် ဖြစ်ပွားခဲ့ကြပြီး လွန်ခဲ့သည့်နှစ် ၂၀ ကမှ ပုံမှန်ဆက်ဆံရေး ပြုလုပ်နိုင်ခဲ့သည်။ တိုးချဲ့ထားသည့် ပူးပေါင်းဆောင်ရွက်ရေး၏ အစိတ်အပိုင်းအဖြစ် ကုလသမဂ္ဂ၏ ငြိမ်းချမ်းမှု ထိန်းသိမ်းရေး စစ်ဆင်ရေး များတွင် ဗီယက်နမ်တပ်ဖွဲ့ဝင်များ ပါဝင်ရေး လေ့ကျင့်ပေးမည့် နေရာတစ်ခု တည်ဆောက်ရာတွင် ဗီယက်နမ်ကို အမေရိကန်က ကူညီမည်ဖြစ်ကြောင်း ကာတာက ကြေညာခဲ့သည်။ ထို့အပြင် ငြိမ်းချမ်းမှု ထိန်းသိမ်းရေးဆိုင်ရာ အမေရိကန် ကျွမ်းကျင်သူ တစ်ဦးကိုလည်း ဟနွိုင်းရှိ အမေရိကန်သံရုံးသို့ စေလွှတ်မည် ဖြစ်ကြောင်းလည်း ၎င်းက ပြောကြားခဲ့သည်။

မေ ၃၁ ရက်က ကာတာသည် ဗီယက်နမ် ရေတပ်ဌာနချုပ်နှင့် ကမ်းရိုးတန်းစောင့်တပ်ဌာနချုပ် သို့ သွားရောက်လည်ပတ်ခဲ့ပြီး အမေရိကန် ကင်းလှည့်သင်္ဘောများ ဝယ်ယူရန် ဗီယက်နမ်ကို ဒေါ်လာ ၁၈ သန်း ကူညီမည်ဟု ကတိပြုခဲ့သည်။ ယခုနှစ်အစောပိုင်းက ကာကွယ်ရေးဝန်ကြီး ဖြစ်လာပြီးနောက် အာရှသို့ ဒုတိယမြောက် ခရီးထွက်လာသော ကာတာက တောင်တရုတ်ပင်လယ်၏ အငြင်းပွား ဒေသများတွင် ကျွန်းတည်ဆောက်မှုများ ရပ်တန့်ကြရန် ဒေသတွင်းနိုင်ငံများကို တိုက်တွန်းလျက် ရှိသည်။

တရုတ်မှာ တောင်တရုတ်ပင်လယ်၏ အငြင်းပွားဒေသတွင် ကျွန်းများ တည်ဆောက်လျက်ရှိကြောင်း အထောက်အထားများ
တွေ့ရှိထားသည်။ တရုတ်သည် ဒေသတွင်း လုံခြုံရေးကို ခြိမ်းခြောက်လျက်ရှိကြောင်း ရှန်ဂရီလာ ထိပ်သီးဆွေးနွေးပွဲတွင် ကာတာက ပြောကြားသေးသည်။
mizzima

No comments:

Post a Comment