Tuesday, June 2, 2015

အီဂျစ် သမ္မတဟောင်း မော်စီကို ဖြုတ်ချဖယ်ရှားအပြီးတွင် လူပေါင်း ၂,၆၀၀ အသက်သေဆုံးခဲ့ရဟုဆို


၂၀၁၃ ခုနှစ်က နိုင်ငံ၏ သမ္မတဟောင်း မိုဟာမတ် မော်စီကို ဖြုတ်ချဖယ်ရှားမှုနှင့် ဆက်နွယ်သော အကြမ်းဖက်မှုများတွင် အနည်းဆုံး လူပေါင်း ၂,၆၀၀ ခန့် အသက်ဆုံးရှုံးခဲ့ရသည်ဟု အီဂျစ် လူ့အခွင့်အရေး အေဂျင်စီ တစ်ခုက ပြောကြားခဲ့သည်။အီဂျစ် အမျိုးသား လူ့အခွင့်အရေး ကောင်စီ၏ အကြီးအကဲ မိုဟာမတ် ဖာယက်က တနင်္ဂနွေနေ့ တွင် ပြောကြားချက်အရ ၂၀၁၃ ခုနှစ် ဇွန် ၃၀ ရက်နှင့် ဒီဇင်ဘာ ၃၁ ရက်ကြားကာလတွင် လူပေါင်း ၂,၆၀၀ ခန့် အသတ်ခံခဲ့ရသည်ဟု ဆိုသည်။
ထိုသေဆုံးသူများအနက် ထက်ဝက်ခန့်မှာ မော်စီကို ထောက်ခံသူများ ဖြစ်သည်ဟု သိရသည်။ ၂၀၁၃ ခုနှစ် သြဂုတ်လ ၁၄ ရက် တစ်ရက်တည်းတွင် မြို့တော်ကိုင်ရိုမှ ထိုင်သပိတ်အတွင်း မော်စီကို ထောက်ခံသူ အနည်းဆုံး ၆၀၀ ခန့် အသတ်ခံခဲ့ရ သည်ဟု ဆိုသည်။

လူ့အခွင့်အရေး အေဂျင်စီ၏ ပြောကြားချက်အရ မော်စီကို ဖြုတ်ချပြီးနောက် သွေးမြေကျသည့် ပဋိပက္ခများအတွင်း ရာနှင့်ချီသည့် ရဲအရာရှိများလည်း အသတ်ခံခဲ့ရသည်ဟု ဆိုသည်။ ဖာယက်က အီဂျစ်အာဏာပိုင်များကို သံသယရှိသူများကို အချိန်ဆွဲရ်ျ ထိန်းသိမ်းထားမှု၊ တရားဝင် တရားစွဲဆိုခြင်းကို ဆိုင်းငံ့ထားမှုနှင့် အမှန်တကယ် မကျူးလွန်သော ပြစ်မှုများအတွက် ပြစ်ဒဏ် ပေးခြင်းများကိုလည်း ပြစ်တင်ရှုတ်ချခဲ့သည်။ ရဲစခန်းများတွင်လည်း အကျဉ်းသား ဝင်ဆံ့နိုင်မှု အားထက် ၄၀၀ ရာခိုင်နှုန်း ပိုမိုသွင်း၍ ကျပ်သိပ်စွာ နေကြရပြီး အကျဉ်းထောင်အတွင်း သေဆုံးသည့် အရေအတွက် မြင့်မားလာမှုအပေါ်တွင်လည်း စိုးရိမ်မိကြောင်း ဖာယက်က ပြောကြားသည်။

မော်စီကို ၂၀၁၃ ခုနှစ် ဇူလိုင်လ ၁၄ ရက်က စစ်တပ်အကြီးအကဲနှင့် လက်ရှိသမ္မတ အက်ဗဒဲ ဖာတာ အယ် စီစီတို့က စစ်တပ်အာဏာသိမ်းမှု တစ်ခုဖြင့် ဖြုတ်ချဖယ်ရှားပစ်ခဲ့ကြသည်။ အီဂျစ်နိုင်ငံ၏ ပထမဆုံး ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ထားသော သမ္မတ မော်စီမှာ မွတ်စလင် ညီနောင် လှုပ်ရှားမှု နောက်ခံဖြင့် သမ္မတဖြစ်လာပြီး တစ်နှစ်အကြာတွင် ယင်းကဲ့သို့ ဖြုတ်ချဖယ်ရှား ခံလိုက်ရခြင်းပင် ဖြစ်သည်။

မော်စီကို ဖြုတ်ချဖယ်ရှားပြီးသည်မှစ၍ စီစီက အတိုက်အခံ မှန်သမျှကို ဖြိုခွင်းလာခဲ့ရာတွင် မွတ်စလင်ညီနောင်များ၏ လှုပ်ရှားမှု မှန်သမျှကို ပိတ်ပင်သည့်အပြင် ၎င်း၏ အဖွဲ့ဝင်နှင့် ထောက်ခံသူ ထောင်ပေါင်းများစွာကိုလည်း ဖမ်းဆီးခဲ့သည်။
mizzima

No comments:

Post a Comment