Sunday, July 5, 2015

အခြေခံပညာ ဆရာ၊ ဆရာမများ ကျူရှင်မသင်ရန် ညွန်ကြား

မြန်မာနိုင်ငံအတွင်း အခြေခံပညာအဆင့် သင်ကြားနေသော ဆရာ၊ ဆရာမများကို ကျူရှင်သင်ကြားခြင်း မပြုရန် အခြေခံပညာဦးစီးဌာနက လမ်းညွန်ချက် ထုတ်ပြန်ထားကြောင်း ပညာရေး ဝန်ထမ်းများက ပြောကြားသည်။
အခြေခံပညာအဆင့် သင်ကြားနေသော ဆရာ၊ ဆရာမများအနေနှင့် မိမိသင်ကြားနေသော အတန်းမှ ကျောင်းသားများကို ကျူရှင်သင်ကြားခြင်း မပြုရန်နှင့် သက်ဆိုင်ရာ ဘာသာရပ်အလိုက်ကိုလည်း ကျူရှင်သင်ကြားခြင်း မပြုရန် ညွန်ကြားလိုက်ခြင်း ဖြစ်ကြောင်း ပညာရေးဝန်ထမ်း အချို့က ဆိုသည်။
“ကျူရှင်တွေ လျော့နည်းသွားအောင်ဆိုတဲ့ သဘောနဲ့ပေါ့။ ညကျောင်းတွေ အကောင်အထည်ဖော်မယ် ဆိုတာလည်း စီစဉ်နေတယ်လို့ သိရတယ်” ဟု မကွေးတိုင်းဒေသကြီး အတွင်းရှိ မြို့နယ်ပညာရေးမှူး တစ်ဦးက The Voice သို့ ပြောကြားသည်။
နေပြည်တော် အားကစားကျေးရွာတွင် ဇွန်လ ၂၅ ရက်နှင့် ၂၆ ရက်က ပြုလုပ်ခဲ့သည့် အခြေခံပညာကဏ္ဍ အမျိုးသားပညာရေး နှီးနှောဖလှယ်ပွဲ ဆုံးဖြတ်ချက်အရ ယင်းသို့ လမ်းညွန်ခြင်းဖြစ်ကြောင်း ပညာရေးဝန်ထမ်း အသိုင်းအဝိုင်းတွင် ပြောဆိုနေကြသည်။
အဆိုပါ လမ်းညွှန်ချက်နှင့် ပတ်သက်၍ အခြေခံပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအောင်သန်းဦးက “အဲဒီဆွေးနွေးပွဲ လုပ်တုန်းက ကျွန်တော်က ခရီးသွားနေတာ။ ဘာတွေပြောလိုက်လဲ ကျွန်တော် အသေးစိတ် မသိဘူးပေါ့နော်” ဟု ပြောကြားသည်။
ယင်းသို့ ကျူရှင်များ ဖွင့်လှစ်သင်ကြားမှုကြောင့် ကျောင်းသားအများစုသည် အားလပ်ချိန် နည်းပါးပြီး အားကစားချိန်နှင့် ပြင်ပစာပေများ ကိုယ်တိုင်ဖတ်ရှုလေ့လာမှု အချိန်နည်းပါးလာကြောင်း Victoria University College မှ ဒါရိုက်တာ ဒေါက်တာနေဝင်းနိုင်က ပြောကြားသည်။
“အဲဒီရဲ့ Side Effects က ဘာလာထိလဲဆိုတော့ ကလေးတွေမှာ စိတ်ကူးယဉ်မှု မရှိတော့ဘူး။ Dream ပျောက်သွားတယ်။ အားကျရမယ့်သူလည်း မရှိဘူး ဖြစ်သွားတယ်” ဟု ဒေါက်တာနေဝင်းနိုင်က မှတ်ချက်ပြု ပြောကြားသည်။
ယင်းသို့ ကျူရှင်သင်ကြားခြင်းနှင့် ပတ်သက်၍ အခြေခံပညာရေး ဥပဒေမူကြမ်း အခန်း (၁၀) မိဘများ၏ တာဝန်ဝတ္တရားနှင့် အခွင့်အလမ်းများ အခန်း ပုဒ်မ (၄၇) တွင် မိဘ၊ အုပ်ထိန်းသူများ အနေနှင့် မိမိကလေးအား တာဝန်ယူ သင်ကြားနေသည့် ဆရာများထံ အခကြေးငွေနှင့် တံစိုးလက်ဆောင်ပေး၍ သင်ကြား၊ သင်ယူမှု မပြုလုပ်ရန် ပြဋ္ဌာန်းထားသည်။
ထို့ပြင် ယင်းဥပဒေ အခန်း (၁၁) ဆရာများ၏ တာဝန်ဝတ္တရားများနှင့် အခွင့်အလမ်းများ အခန်း ပုဒ်မ (၅၅) တွင် ဆရာများအနေနှင့် မိမိတာဝန်ယူ သင်ကြားသည့် ကျောင်းသားများထံမှ အခကြေးငွေ သို့မဟုတ် တံစိုးလက်ဆောင်ယူ၍ သင်ကြားခြင်း မပြုရန် ပြဋ္ဌာန်းထားကြောင်း ယင်းဥပဒေမူကြမ်းအရ သိရသည်။


The Voice Weekly

No comments:

Post a Comment