Sunday, July 26, 2015

မိုးသည်းထန်စွာရွာပြီး တောင်ကျချောင်းရေကျဆင်းမှုနှင့် တံတားကျိုးကျမှုတို့ကြောင့် ၁၁ ဦးသေ၊ ၁၀ ဦးကျော် ပျောက်ဆုံး

ပြည်နယ်နှင့် တိုင်းဒေသ ကြီး ၁၀ ခုတွင် နေရာကွက်၍ မိုးကြီးနေပြီး မန္တလေးတိုင်း ဒေသကြီး သပိတ်ကျင်းမြို့နှင့် ရှမ်းပြည်နယ် သီပေါမြို့တို့တွင် ရေဘေးကြောင့် ဇူလိုင် ၂၅ ရက် တစ်နေ့တည်း လူ ၁၁ ဦးသေ ဆုံးပြီး အနည်းဆုံး ၁၀ ဦးကျော် ပျောက်ဆုံးနေကြောင်း သတင်းရ ရှိသည်။

ဇူလိုင် ၂၄ ရက် ညပိုင်းမှ ဇူ လိုင် ၂၅ ရက် အထိ မိုးသည်းထန် စွာ ရွာသွန်းမှုကြောင့် သပိတ်ကျင်းမြို့နယ် တွင်းငယ်ကျေးရွာ၊ ဒေါင်းဖုန်းကျေးရွာနှင့် တောင်လယ် ကျေးရွာတို့တွင် နေအိမ် ၁၁ လုံး တောင်ကျရေနှင့် မျောပါသွားပြီး လူခြောက်ဦးသေဆုံးကာ သုံးဦးပျောက်ဆုံးနေသည်။ ရှမ်းပြည်နယ် သီပေါမြို့တွင်လည်းပေ ၁၇၀ ခန့် ရှည်ပြီး သက်တမ်းနှစ် ၁၀၀ ခန့်ရှိ ကွန်ကရစ်တံတားတစ်စင်း ကျိုးကျကာ လူသုံးဦးသေဆုံးခဲ့ကြောင်း ဒေသခံများက ပြောသည်။

မန္တလေးတိုင်းဒေသကြီး မိုး ကုတ်၊ စဥ့်ကူးမြို့နယ်များနှင့် ရှမ်း ပြည်နယ် နမ့်စန်၊ မူဆယ်၊ ကွတ် ခိုင်မြို့တို့တွင်လည်း နေအိမ် အ ဆောက်အအုံအချို့ ပျက်စီးသည် အထိ ရေလွှမ်းမိုးမှု ရင်ဆိုင်နေရ သည်။ မိုးကုတ်-မတ္တရာကား လမ်းတွင် တောင်ပြိုမှုဖြစ်ပွားခဲ့ပြီးသီပေါ-ကျောက်မဲလမ်းပိုင်း လည်း ရေလွှမ်းမိုးမှုကြောင့် ပိတ် ဆို့မှုဖြစ်ပေါ်ခဲ့သည်။

သီပေါမှ နမ့်ပေါ့တံတားကျိုး

သီပေါမြို့မရဲစခန်းအနီး နမ့် ပေါ့ချောင်းကို ဆက်သွယ်ထား သည့် ကွန်ကရစ်တံတားမှာ နေ့ လယ် ၁၂ နာရီ ၃၀ မိနစ်ခန့်တွင် ကျိုးကျသွားခဲ့ပြီး တံတားပေါ်တွင် ရှိနေသည့် လူ ခြောက်ဦးပြုတ်ကျ သွားကာ သုံးဦး သေဆုံး၍ သုံး ဦး ဒဏ်ရာရရှိခဲ့သည်။ ထို့အပြင် ဆိုင် ကယ်သုံးစီး ရေထဲမျောပါသွားခဲ့ပြီး လူအချို့ ချောင်းရေနှင့်အတူ မျောပါသွားခဲ့သည်ဟု ရဲတပ်ဖွဲ့ နှင့် ဒေသတွင်း အရပ်ဘက်အဖွဲ့ အစည်းများက ပြောသည်။ ဒေသ ခံအချို့က ရေစီးနှင့် မျောသွားသူ အနည်းဆုံး ငါးဦးမှ အများဆုံး ၂၀ ခန့်အထိ ရှိသည်ဆိုသည်။ သို့ သော်ရဲတပ်ဖွဲ့က အရေအတွက် ကို စိစစ်နေဆဲဖြစ်ကြောင်း ပြော ပြီး 7 Day Daily က သီးခြား အတည်မပြုနိုင်သေးပေ။

ကွန်ကရစ်တံ တားကျိုး သည့်ဖြစ်စဉ်တွင် နမ့်ပေါ့ချောင်းရေရုတ်တရက်မြင့်တက်လာနေ သည်ကို တံတားပေါ်မှ စောင့်ကြည့်နေချိန် ကျိုးကျသွားခြင်း ဖြစ်သည်ဟု ကယ်ဆယ်ရေးလုပ် နေသည့် ဒေသခံများက ပြော သည်။

‘‘အဲဒီမနက်ကမှ ရေတွေက တစ်ဟုန်ထိုးတက်လာတာ။လူတွေ က တံတားပေါ်ကနေ စောင့်ကြည့် နေကြတာ။ အဲဒီမှာ ကျိုးကျတာ ပဲ’’ဟု ကယ်ဆယ်ရေးလုပ်ငန်းဆောင်ရွက်နေသည့် ရဲတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

တံတားခြေရင်းတွင် အပျက် အစီးများကြား ပိတ်မိနေသူများ ကို မြေတူးယာဉ်၊ ဘက်ဟိုးတို့ဖြင့် ကယ်ဆယ်ရေးလုပ်ငန်းများ ဆက်လက်လုပ်ကိုင်နေသည်။

နောက်ဆုံးရရှိသော သတင်းများအရ ဇူလိုင် ၂၅ ရက် ည ၉ နာရီခန့်က တံတားအခြေရှိ အပျက်အ စီးများကြား သေဆုံးသူ အလောင်းနှစ်လောင်း ထပ်မံတွေ့ရှိခဲ့ပြီး စုစုပေါင်း ငါးဦး သေဆုံးခဲ့သည်။

နမ့်ပေါ့ချောင်းကို ဖြတ်၍ဆက်သွယ်ထားသည့် ရထားသံလမ်းတံတားလည်း ရေစီးအရှိန်ကြောင့် အနည်းငယ်ကွေးကောက်သွားပြီး မန္တလေး - လားရှိုးအစုန်ရထားခရီးစဉ်ကို ရပ်တန့်ထားရသည်ဟု သတင်းရရှိသည်။

သပိတ်ကျင်းတောင်ကျချောင်း

မန္တလေးတိုင်းဒေသကြီး သပိတ်ကျင်းမြို့နယ် တောင်လယ်ကျေးရွာတွင် တောင်ကျချောင်း ရေတိုက်စားမှုကြောင့် ဇူလိုင် ၂၅ ရက် နံနက် ၁ နာရီက လူနေအိမ် ခုနစ်လုံး မျောပါသွားပြီး လူ ခြောက်ဦးသေဆုံးခဲ့သည်။

ရေတိုက်စားမှုကြောင့် တောင်လယ်ကျေးရွာနေ သား အမိနှစ်ဦး မြေပိသေဆုံးသွားခဲ့ပြီး ယင်းနေ့ နံနက် ၆ နာရီတွင် တောင်ကျချောင်းရေနှင့် မျောပါလာ သည့် အလောင်းလေးလောင်း တွေ့ရှိခဲ့ကြောင်း မန္တလေးတိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးကသတင်းထုတ်ပြန်သည်။

တွင်းငယ်ရဲကင်း ရဲတပ်ဖွဲ့ စခန်း၏တောင်ဘက် လေးမိုင်ခန့် အကွာရှိ ဒေါင်းပုန်းကျေးရွာတွင် လူနေအိမ်များ ပျက်စီးခဲ့ပြီး နွားငါးကောင် မျောပါပျောက်ဆုံးခဲ့ သည်။

ရှမ်းတောကျေးရွာအနီး မန္တ လေး ဗန်းမော်သွား ကားလမ်း မိုင် တိုင်အမှတ် (၂၂/၀၁) အကြားတံတားအမှတ် (၁/၂၂) ရှားတောတံတားမှာ ချောင်းရေတိုက်စားမှုကြောင့် ဖြတ်သန်းသွားလာခြင်း ကို ရပ်ဆိုင်းထားခဲ့သည်။

မိုးကုတ်မြို့တွင် ရေလျှံ

မိုးကုတ်မြို့တွင်လည်း မြေ နိမ့်ပိုင်းရပ်ကွက်အချို့ ရေမြုပ်ကာအိမ် ငါးလုံးနှင့် ဘုန်းကြီးကျောင်း အဆောင်တစ်ခု ပြိုကျခဲ့သည်။ မိုးကုတ် - မတ္တရာကားလမ်းတွင် တောင်ပြိုကျမှုများလည်း ဖြစ်ပေါ်ခဲ့သည်။

မိုးကုတ်မြို့တွင် လူနေ အိမ်၂၈ လုံးပျက်စီးခဲ့ပြီး ကိုရင်တစ်ပါးနှင့် ကလေးငယ်တစ်ဦး ထိခိုက်ဒဏ်ရာရခဲ့သည်ဟု သတင်းရရှိ သည်။ မိုးကုတ်မြို့တွင် ၂၄ နာရီအတွင်း မိုးရေချိန် ၆ ဒသမ ၆၉ လက်မရွာသွန်းကာ စံချိန်သစ်တင်ခဲ့ပြီး မိုးမိတ်မြို့တွင်လည်း မိုးရေချိန် ၃ ဒသမ ၉၈ လက်မရွာသွန်း ကာ စံချိန်ကျိုးခဲ့သည်။

စဥ့်ကူးမြို့နယ်

စဥ့်ကူးမြို့နယ် ကျဉ်ကောက် ပေါက်၊ လက်ပန်လှ၊ နွယ်ရုံကျေး ရွာများတွင် ရေသုံးပေခန့် နစ်မြုပ် မှုဖြစ်ခဲ့သည်ဟု ဒေသခံဦးဝင်းမြင့် က ပြောသည်။

နမ့်စန်

ရှမ်းပြည်နယ်(မြောက်ပိုင်း)ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်စန်မြို့နယ်တွင် မိုး သည်းထန်စွာ ရွာသွန်းမှုကြောင့် ဇူလိုင် ၂၅ ရက်နေ့ နံနက် ၆ နာရီ ခွဲတွင် မြေပြိုကျမှုများဖြစ်ပွားခဲ့ သည်။ ထိုဖြစ်စဉ်ကြောင့် နေအိမ် အဆောက်အအုံ ငါးလုံးနှင့်ဓာတ် တိုင်အချို့ ကျိုးကျခဲ့သည်။

မိုးလေဝသပညာရှင် ဒေါက် တာထွန်းလွင်က လက်ရှိ ရေဘေး ရင်ဆိုင်နေရသည့် စစ်ကိုင်းတိုင်း ဒေသကြီးနှင့် ကချင်၊ ရှမ်းနှင့် မန္တ လေးတိုင်းဒေသကြီးတို့အပြင် ချင်း၊ မွန်၊ ရခိုင်၊ ရန်ကုန်တိုင်း၊ ပဲခူးတိုင်းနှင့် ဧရာဝတီတိုင်းဒေသ ကြီးတို့တွင် မိုးကောင်းဦးမည်ဟု သတိပေးထားသည်။ လာမည့် ရက်များတွင် ရေလွှမ်းမိုးမှု အန္တ ရာယ်အရှိဆုံးဒေသများအဖြစ် ရခိုင်ပြည်နယ်မြောက်ပိုင်း၊ ချင်း ပြည်နယ် အနောက်တောင်ပိုင်း၊ ဧရာဝတီတိုင်းဒေသကြီး တောင်ပိုင်း၊ ရန်ကုန်တိုင်း၊ ပဲခူးတိုင်း ဒေသကြီးတောင်ပိုင်း ဒေသများ ကို ဒေါက်တာထွန်းလွင်က သတိ ပေးထားသည်။

ဇွန်လကုန်က ရခိုင်ပြည်နယ် တွင် တစ်ပြည်နယ်လုံးနီးပါး ရေ ဘေးရင်ဆိုင်ရပြီးနောက် တစ်လ အတွင်းမှာပင် စစ်ကိုင်းတိုင်းဒေ သကြီး၌ ရုတ်တရက်မိုးသည်း ထန်စွာ ရွာသွန်းကာ နှစ်ပေါင်း ၇၀ ခန့်အတွင်း အဆိုးရွားဆုံးရေ ဘေးကို ကြုံတွေ့နေသည်။ ရခိုင် ရေဘေးတွင် လူဆယ်ဦးထက် မနည်းသေဆုံးခဲ့ပြီး စစ်ကိုင်း ရေ ဘေးတွင်လည်း လူ ခုနစ် ဦးထက် မနည်းသေဆုံးခဲ့သည်။ ဒေသခံ လူဦးရေသောင်းချီ၍ ရေဘေးရင် ဆိုင်နေရသည်။ စိုက်ပျိုးလယ်မြေ ဧက သိန်းဂဏန်းခန့် ရေနစ်မြုပ်ခဲ့ သည်။

ယင်းရေဘေးပြဿနာများ ကို မဖြေရှင်းနိုင်သေးမီတွင် မန္တ လေးတိုင်းဒေသကြီးနှင့် ကချင်၊ ရှမ်းပြည်နယ်တို့တွင် မိုးသည်း ထန်စွာ ရွာသွန်းပြီး တောင်ပြို ခြင်း၊ တောင်ကျရေကြောင့် လူ သေဆုံးခြင်းနှင့် အဆောက်အအုံ ပျက်စီးခြင်းများ ဆက်တိုက်ရင် ဆိုင်နေရခြင်းဖြစ်သည်။ တစ်ချိန် တည်းတွင်ပင် ဘင်္ဂလားပင်လယ် အော်၌ မုတ်သုံလေအားပြန် ကောင်းလာပြီး စစ်ကိုင်းတိုင်း၊ ပဲခူးတိုင်းနှင့် ရှမ်း၊ ချင်း၊ ရခိုင်၊ ကရင်နှင့် မွန်ပြည်နယ်တို့တွင် နေရာကွက်၍ မိုးကြီးနိုင်ကာ မြစ် ရေ ရုတ်တရက်မြင့်တက်လာနိုင် သောကြောင့် ရေကြီးမှုနှင့် မြေပြို မှုအန္တရာယ်ရှိနေသည်ဟု မိုးလေ ၀သနှင့် ဇလဗေဒ ညွှန်ကြားမှုဦး စီးဌာနက သတိပေးချက်ထုတ် ပြန်ထားသည်။

မိုးလေ၀သပညာရှင် ဒေါက် တာထွန်းလွင်ကလည်း လက်ရှိ ကာလတွင် ရေဘေးအန္တရာယ်အ မြင့်ဆုံးအချိန်ဖြစ်ကြောင်း သတိ ပေးထားသည်။ ထို့ကြောင့်မြန်မာ နိုင်ငံအတွက် ယခုအချိန် အရေး ကြီးဆုံးစိန်ခေါ်မှုမှာ လက်ရှိရေ ဘေးအန္တရာယ်ကို မည်သို့ဖြေရှင်း မည်ဆိုသည်နှင့် မကြာမီရင်ဆိုင်ရ နိုင်သည်ဟု ပညာရှင်များက သ တိပေးထားသည့် ရေဘေးကို ဆုံး ရှုံးမှုနည်းနိုင်သမျှ နည်းရန် အစိုးရ ပိုင်းက ဦးဆောင်၍ မည်ကဲ့သို့ ရင်ဆိုင်မည်ဆိုသည်က အရေး ကြီးဆုံးဖြစ်နေသည်။

သဘာဝဘေးကြိုတင် ကာ ကွယ်ရေးအပိုင်းတွင် လမ်း၊ တံ တားနှင့် အဆောက်အအုံများ ထိ ခိုက်ပျက်စီးမှုမရှိစေရေးအတွက် သက်ဆိုင်ရာပြည်နယ်နှင့်တိုင်း ဒေသကြီးများမှ ဆောက်လုပ်ရေး ဌာန၊ ဆည်မြောင်းဦးစီးဌာနများ တွင် အဓိကတာဝန်ရှိနေသည်ဟု ရေဘေးနေရာသို့ ရောက်နေ သည့် အရပ်ဘက်ကယ်ဆယ်ရေး အဖွဲ့များက ထောက်ပြသည်။

စစ်ကိုင်းတိုင်းဒေသကြီးရှိ ဆည်များကို အစိုးရပိုင်းက အ ချိန်ပြည့်စောင့်ကြည့်နေရသလို အချို့ဆည်များမှာ သိုလှောင်နိုင် သည့် ရေပမာဏထက် မကျော် စေရန် ရေလွှတ်ချနေရသည်။ ထို့ ကြောင့် ဆည်အောက်ဘက်ရှိ ဒေ သခံများသတိနှင့်နေရန် အစိုးရ က လိုက်လံသတိပေးထားရ သည်။

ဆည်ကြီးများမကျိုးစေရန် ဂရုစိုက်နေချိန်မှာပင်ကန့်ဘလူ မြို့နယ်နှင့်ခင်ဦးမြို့ကြားရှိ ရသား ဆည်သည် ဇူလိုင် ၂၅ ရက်က ကျိုးသွားပြီး ဆည်အောက်ဘက်ရှိ ယောက်သင့်ကံကျေးရွာမှာ အိမ် ခေါင်ကိုရေရောက်သည်အထိရေ ကြီးနစ်မြုပ်သွားသည်ဟု ဒေသခံ မျာကပြောသည်။ မြေသားဆည် ဖြစ်ခြင်းကြောင့် ကြီးကြီးမားမား ထိခိုက်မှုမရှိနိုင်ဟု စစ်ကိုင်းတိုင်း ဒေသကြီး ဆည်မြောင်းဦးစီးဌာန က ဆိုပါသည်။

‘‘ဘယ်လောက်အထိထိခိုက် မယ်မသိသေးဘူး။ ရေက တအား ကြီးနေတော့ ရွာထဲကိုဝင်ဖို့ မ လွယ်ဘူးပြောတယ်။ ရေတအား ၀ိုင်းနေတယ်တဲ့။ ရေစီးလည်းသန် တယ်ပြောတယ်။ တိရစ္ဆာန်တွေပါသွားတယ်ပြောတယ်’’ဟု ခင်ဦးမြို့နယ် ဒေသခံတစ်ဦးကပြောသည်။

စစ်ကိုင်းတိုင်းဒေသကြီးအ တွင်းရေဘေးကြုံနေသော ကန့်ဘ လူ၊ မင်းကင်း၊ ကောလင်းမြို့နယ် များအပါအ၀င် ၁၃ မြို့နယ်တွင် မိုးဆက်လက်အားကောင်းနေ သောကြောင့် ရေဘေးကိုဆက် လက်ရင်ဆိုင်ရဖွယ်ရှိနေသည်။

ရေဘေးရင်ဆိုင်နေရသည့် ဘုတလင်မြို့နယ် ချပ်သင်း စံပြကျေးရွာမှ ဆရာတော် ဦးဇောတိ က က ‘‘ရေဘေးကတော့ ကယ် ဆယ်ရေးကာလကို လွန်မြောက် ခဲ့ပြီ။ ဒါပေမဲ့ကိုယ်ထူကိုယ်ထ လုပ်နေရတော့ အတော်ဒုက္ခ ရောက်နေကြတယ်။ မြို့နယ်က နေ ဆန်နဲ့ရေသန့်ဘူးတချို့ လာ ပေးတာကလွဲလို့ ပြန်လည်ထူ ထောင်ရေးအတွက် နောက်ဆက် တွဲမလာတော့ဘူး။ ဒီရွာမှာ ဖိနပ် တစ်ရန်ကအစ အခုချိန်အရေးကြီး နေပါတယ်’’ဟု မိန့်ကြားသည်။

ချပ်သင်းစံပြကျေးရွာတစ် ရွာတည်းတွင်အိမ်ခြေ သုံးရာကျော် ရေကြီးနစ်မြုပ်ခဲ့သည်ဟု ဆရာ တော်ဦးဇောတိကက မိန့်ကြားပါ သည်။ အစိုးရက စစ်ကိုင်းတိုင်း ဒေသကြီးတွင် ရေဘေးကိုအာရုံစိုက်ဖြေရှင်းမပြီးသေးချိန်မှာပင် ကျန်ဒေသများတွင်ပါ မိုးသည်းထန်စွာ ရွာသွန်းနေပြီး ရေဘေးဒုက္ခသည် များတိုးလာခြင်းဖြစ်သည်။

မိုးသည်းထန်စွာရွာသွန်းပြီး ချောင်းရေရုတ်တရက်တိုးလာကာ သီပေါမြို့ရှိ နမ့်ပေါ့ချောင်းကူးတံတား ကျိုးကျမှုဖြစ်ပွားပြီးနောက်ကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ကိုင်နေကြစဉ် (ဓာတ်ပုံ −Lashio News)

7Day Daily

No comments:

Post a Comment