Wednesday, August 12, 2015

ကိုယ်ပိုင်အီးမေးလ် ဆာဗာကို အက်ဖ်ဘီအိုင်ထံ လွှဲပေးရန် ဟီလာရီကလင်တန် သဘောတူ

အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးအဖြစ် တာဝန်ယူနေစဉ် ကာလအတွင်း အသုံးပြုခဲ့သည့် ကိုယ်ပိုင်အီးမေးလ် ဆာဗာကို အက်ဖ်ဘီအိုင် ထောက်လှမ်းရေး ဌာနထံ လွှဲအပ်ပေးရန် ဟီလာရီ ကလင်တန်က သဘောတူညီခဲ့ကြောင်း သိရသည်။
ကလင်တန်သည် အမေရိကန် သမ္မတ ဘာရတ်အိုဘားမား၏ ပထမ လေးနှစ်သက်တမ်း ကာလအတွင်း နိုင်ငံခြားရေး ဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်သည်။ သူမသည် အစိုးရ ထိပ်တန်း အရာရှိများအတွက် သီးခြား သတ်မှတ်ထားသည့် အီးမေးလ်ဆာဗာကို အသုံးမပြုဘဲ ကိုယ်ပိုင်အီးမေးလ် ဆာဗာကို အသုံးပြုခဲ့ခြင်းအတွက် ဝေဖန်မှုများ ကြုံခဲ့ရသည်။
ယခုအခါ ကလင်တန်သည် လာမည့် အမေရိကန် သမ္မတ ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ရန် စီစဉ်လျက်ရှိရာ ယခင်က သူမအနေဖြင့် အဘယ်ကြောင့် ကိုယ်ပိုင်အီးမေးလ် ဆာဗာကို အသုံးပြုခဲ့ကြောင်း ဝေဖန်ထောက်ပြ မေးခွန်းထုတ်မှုများနှင့် တရစပ် ရင်ဆိုင်နေရသည်။ သူမအနေဖြင့် အီးမေးလ် ဆက်သွယ်မှုများကို ဖုံးကွယ်ထားရန် ရည်ရွယ်ပြီး ယခုလို လုပ်ဆောင်ခဲ့ခြင်းဟုလည်း စွပ်စွဲမှုများ ရှိနေသည်။
အက်ဖ်ဘီအိုင်က ကလင်တန် အနေဖြင့် ကိုယ်ပိုင်အီးမေးလ် ဆာဗာကို အသုံးပြုပြီး အစိုးရ လျှို့ဝှက်ချက်များကို ပေးပို့ခဲ့ခြင်း ရှိမရှိ စစ်ဆေးလျက်ရှိပြီး အစောပိုင်းတွင် ကလင်တန်က သူမ၏ အီးမေးလ် စာမျက်နှာ ထောင်ဂဏန်းမျှကို လွှဲပေးထားခဲ့သည်။ သို့သော်လည်း ဆာဗာကိုမူ ပေးအပ်ခြင်း မရှိချေ။
ယခုအခါ ကလင်တန်က အက်ဖ်ဘီအိုင်ထံ ဆာဗာကို လွှဲပေးမည်ဖြစ်ပြီး အီးမေးလ်များကို မိတ္တူကူးထားသည့် Memory Stickကိုလည်း သူမ၏ ရှေ့နေများက အက်ဖ်ဘီအိုင်သို့ ပေးပို့သွားမည် ဖြစ်သည်။
ထိပ်တန်းအစိုးရ ဝန်ထမ်းများသည် အစိုးရ အီးမေးလ် ဆာဗာများကိုသာ အသုံးပြုရမည်ဖြစ်ပြီး သို့မှသာ အချက်အလက် ပေါက်ကြားမှုများ မရှိအောင် ထိန်းသိမ်းနိုင်မည်ဟု အမေရိကန်တွင် စံနှုန်းသတ်မှတ်ထားသည်။ အခြားအဆင့် အစိုးရ ဝန်ထမ်းများကိုလည်း သက်ဆိုင်ရာ ဌာနမှ ပေးအပ်ထားသည့် အီးမေးလ်ဆာဗာကိုသာ အသုံးပြုရန် တိုက်တွန်းလေ့ ရှိသည်။
ကလင်တန်က သူမ နိုင်ငံခြားရေး ဝန်ကြီးအဖြစ် တာဝန်ယူစဉ်က ကိုယ်ပိုင်ဆာဗာကို အသုံးပြုပြီး အီးမေးလ် အစောင်ပေါင်း ၆၀၀၀၀ ကျော်ကို အပေးအယူ ပြုလုပ်ခဲ့ပြီး ထက်ဝက်မျှကို အက်ဖ်ဘီအိုင်ထံ လွှဲပေးပြီးဖြစ်ကြောင်း ဆိုသည်။ သူမ၏ ပုဂ္ဂိုလ်ရေး အီးမေးလ်များကိုမူ ဖျက်ပစ်ခဲ့ကြောင်းလည်း ပြောကြားထားသည်။
နိုင်ငံခြားရေး ဝန်ကြီးဌာနကမူ ကလင်တန်၏ အီးမေးလ်များကို ထုတ်ပြန်မည် မဟုတ်ကြောင်း၊ အဘယ်ကြောင့်ဆိုသော် အချို့သော အချက်အလက်များသည် ထိပ်တန်း လျှို့ဝှက်အဆင့်ဟု ယူဆသင့်သည့် အခြေအနေ ရှိနေ၍ဖြစ်ကြောင်း ကြေညာထားသည်။
_Ref: CNA

No comments:

Post a Comment