Friday, August 14, 2015

တီယန်ကျင်း ကုန်လှောင်ရုံ ပေါက်ကွဲ မီးလောင်မှုများကို အပြီးသတ် မငြှိမ်းသတ်နိုင်သေး

တရုတ်နိုင်ငံ၊ တီယန်ကျင်းမြို့တွင် ဧရာမ ပေါက်ကွဲမှုကြီးနှစ်ခု ဖြစ်ပွားခဲ့ရာ နေရာ၌ တငွေ့ငွေ့ မီးလောင်ကျွမ်းမှုများ ဆက်လက် ဖြစ်ပွားနေဆဲဟု သိရသည်။
ဩဂုတ် ၁၂ ရက် ညပိုင်းက တီယန်ကျင်း ဆိပ်ကမ်းအနီး ကုန်လှောင်ရုံများတွင် အလွန်ပြင်းထန်သည့် ပေါက်ကွဲမှု နှစ်ခု ဆက်တိုက် ဖြစ်ပွားရာ အနည်းဆုံး လူ ၅၀ မျှ သေဆုံးပြီး ရာနှင့်ချီ ဒဏ်ရာရခဲ့သည်။ ယင်းတို့အနက် ၇၁ ဦးမှာ ဒဏ်ရာအခြေအနေ အလွန်ဆိုးရွား ပြင်းထန်ကြောင်းလည်း သတင်းများက ဖော်ပြခဲ့သည်။ သေဆုံးသူများတွင် မီးသတ်သမား ၁၇ ဦး ပါဝင်ကြောင်းလည်း မီးသတ်ဌာနက အတည်ပြုခဲ့သည်။

ပေါက်ကွဲမှု ဖြစ်ပွားရာ နေရာသည် ဆိုးဆိုးရွားရွား ပြိုကျ ပျက်စီးမှုများ ဖြစ်ခဲ့သလို ဩဂုတ် ၁၄ ရက် နံနက်ပိုင်းထိ နေရာအချို့မှ မီးခိုးငွေ့များ အူထွက်နေဆဲ ဖြစ်သည်။ တရုတ်စစ်တပ်မှ ဓာတုဗေဒ ပညာရှင် အချို့သည် အခင်းဖြစ်ရာ နေရာ၌ အဆိပ်ဓာတ်ငွေ့များ ထွက်ပေါ်ခြင်း ရှိမရှိ စစ်ဆေးနေပြီး ကယ်ဆယ်ရေး လုပ်ငန်း ဆောင်ရွက်သူများကိုလည်း အကာအကွယ် ဝတ်စုံများ အသုံးပြုရန် တာဝန်ရှိသူများက ညွှန်ကြားထားသည်။
အလွန်ပြင်းထန်သည့် ပေါက်ကွဲမှုကြီးကြောင့် အနီးအနားရှိ အဆောက်အအုံများ၊ မော်တော်ကားများကို စုတ်ပြတ်သွားအောင် ထိခိုက်စေခဲ့သလို မိုင်ပေါင်းအတော်များများထိ ပေါက်ကွဲမှု အရှိန်ကို ဆင့်ပွား ခံစားခဲ့ရသည်။ တရုတ် အစိုးရပိုင် Xinhua သတင်းဌာနက သေဆုံးစာရင်း သွင်းထားသည့် အသက် ၁၉ နှစ်အရွယ် မီးသတ်သမား ဇူတီ ဆိုသူကို အသက်ရှင်လျက် ပြန်လည်တွေ့ရှိ ကယ်ဆယ်နိုင်ခဲ့ကြောင်း ဖော်ပြခဲ့သည်။ ပေါက်ကွဲမှု၏ နောက်ဆက်တွဲ မီးကူးစက် လောင်ကျွမ်းမှုများကို ငြှိမ်းသတ်ရန် ကြိုးစားရင်း မီးသတ်သမား ၁၇ ဦး အသက်ဆုံးရှုံးကာ ၁၈ ဦးမှာ ပျောက်ဆုံးနေဆဲ ဖြစ်သည်။

တီယန်ဂျင်း မီးသတ်တပ်ဖွဲ့ အကြီးအကဲ ဇူကျန်းက ဩဂုတ် ၁၄ ရက် နံနက်ပိုင်းထိ အဆိုပါ နေရာတွင် မီးသတ်ဝန်ထမ်း ၁၀၂၀ နှင့် မီးသတ်ကား ၁၄၀ တို့ ရောက်ရှိကာ တငွေ့ငွေ့ လောင်ကျွမ်းနေသည့် မီးကို အပြီးအစီး ငြှိမ်းသတ်ရန် အားထုတ်နေရဆဲဟု ပြောကြားခဲ့သည်။

ပေါက်ကွဲမှု စတင်ဖြစ်ပွားရာ ကုန်လှောင်ရုံများကို ဆိုဒီယမ် ဆိုင်ယာနိုက်ဒ် အပါအဝင် အဆိပ်အတောက် ဓာတုပစ္စည်းများ ဖြန့်ချိသည့် ကုမ္ပဏီ တစ်ခုက ပိုင်ဆိုင်ခြင်း ဖြစ်သည်။ သို့သော်လည်း ကုန်လှောင်ရုံများထဲတွင် အဆိုပါ ဓာတုပစ္စည်းများ သိုလှောင်ထားခြင်း ရှိမရှိနှင့် ပေါက်ကွဲမှုသည် ယင်းပစ္စည်းများနှင့် ဆက်စပ်မှု ရှိ မရှိကို အတည်မပြုနိုင်သေးကြောင်း အာဏာပိုင်များက ပြောကြားထားသည်။

အာဏာရ ကွန်မြူနစ် ပါတီက ထုတ်ဝေသည့် People’s Daily သတင်းစာကမူ ကျွမ်းကျင်ပညာရှင်များသည် အခင်းဖြစ်ရာ နေရာတွင် ရှိနေသည့် ဆိုဒီယမ် ဆိုင်ယာနိုက်ဒ် တန်ချိန် ၇၀၀ မျှကို ဖယ်ရှားရန် ရုန်းကန် အားထုတ်နေရကြောင်း ဖော်ပြခဲ့သည်။ ထို့အပြင် သက်ဆိုင်ရာ ကုမ္ပဏီသည် လုံခြုံရေး စံနှုန်းသတ်မှတ်ချက်များကို ရှင်းရှင်းလင်းလင်း မျက်ကွယ်ပြု ချိုးဖောက်ထားသည်ကို တွေ့ရကြောင်းလည်း သတင်းစာက စွပ်စွဲ ရေးသားထားသည်။

ပေါက်ကွဲမှုများနှင့် မီးကူးစက်မှုများကြောင့် လူပေါင်း ၃၅၀၀ ကျော်မှာ အိုးမဲ့အိမ်မဲ့ ဖြစ်သွားပြီး လတ်တလောတွင် ယာယီရွက်ဖျင်တဲများဖြင့် နေထိုင်နေရကြောင်းလည်း သိရသည်။

_Ref: CNN

No comments:

Post a Comment