Saturday, August 29, 2015

တင်ဒါအောင် ကမ်းလွန်လုပ်ကွက် ၂၀ မှ နောက်ဆုံးစာချုပ်ရမည့် M-7 လုပ်ကွက် ထုတ်လုပ်မှုခွဲဝေရေးစာချုပ် ချုပ်ဆို


 သြစတြေးလျနိုင်ငံအ ခြေစိုက် Tap Energy (M-7)Pte လီမိတက်နှင့် မြန်မာနိုင်ငံမှ Smart E & P International ကုမ္ပဏီတို့ ပူးပေါင်း တူးဖော်လုပ်ကိုင်မည့် မုတ္တမကမ်းလွန် M-7 လုပ်ကွက် အတွက် မြန်မာအစိုးရက အမေရိ ကန်ဒေါ်လာ ငါးသန်းခွဲကျော်ရရှိ ခဲ့ကြောင်း စွမ်းအင်ဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။ယခုမုတ္တမကမ်းလွန်လုပ်ကွက် M-7 သည် ၂၀၁၃ တွင် တင်ဒါအောင်မြင်ခဲ့သည့် ကမ်းလွန်လုပ်ကွက် ၂၀ ၌ နောက်ဆုံးစာချုပ်ချုပ်ဆိုရန် ကျန်ရှိနေသည့် လုပ်ကွက်ဖြစ်ပြီး သြဂုတ် ၂၆ ရက် က စာချုပ်ချုပ်ဆိုခဲ့သည်။စာချုပ်လက်မှတ် ရေးထိုးကြေးအဖြစ် ကန်ဒေါ်လာ ၅ ဒသမ ၂ သန်းနှင့် အချက်အလက်ကြေးအတွက် ကန်ဒေါ်လာ ၃ ဒသမ ၅ သိန်းကို မြန်မာအစိုးရက ရရှိပြီး သြစတြေးလျကုမ္ပဏီသည် လေ့လာရေးကာလ ၂ နှစ်၊ ရှာဖွေရေးကာလ ခြောက်နှစ်အတွင်းကန်ဒေါ်လာသန်းတစ်ရာကျော်ရင်းနှီးမြှုပ်နှံမည် ဖြစ်သည်။‘‘ဒီပိုက်ဆံတွေက ရှာဖွေရေးကာလ စတဲ့အချိန်မှာရမှာပါ’’ဟု စွမ်းအင်ဝန်ကြီးဌာန တာဝန်ရှိသူတစ်ဦးက ပြောသည်။

M-7 လုပ်ကွက်ကို လုပ်ကိုင်ခွင့်ရထားသည့် Tap Oil လီမိတက်သည် သြစတြေးလျ၊ နယူးဇီလန်၊ ဖိလစ်ပိုင်၊ ဘရူနိုင်းနှင့် ဂါနာနိုင်ငံ များတွင် ရေနံနှင့် သဘာဝဓာတ် ငွေ့ရှာဖွေ၊ တူးဖော်ထုတ်လုပ်မှု လုပ်ငန်းများ အဓိကဆောင်ရွက်နေသော ကုမ္ပဏီဖြစ်သည်။

မြန်မာနိုင်ငံမှ Smart E & P International ကုမ္ပဏီသည် ကုန်းတွင်းလုပ်ကွက် EP-5 ကို PT.Istech ကုမ္ပဏီနှင့်အတူ ပူးပေါင်း ပြီး တူးဖော်ရှာလုပ်ကိုင်နေသည့် ကုမ္ပဏီဖြစ်သည်။ စွမ်းအင်ဝန်ကြီးဌာနက ၂၀၁၃ တွင် တင်ဒါခေါ်ခဲ့သော ကမ်းလွန်နှင့် ကုန်း တွင်းလုပ်ကွက် ၃၆ ကွက်မှ ကနဦးဝင်ငွေအဖြစ် အမေရိကန်ဒေါ်လာ သန်းသုံးရာကျော် ရရှိရန် ခန့်မှန်းထားသည်။ ကုန်းတွင်းလုပ်ကွက် ၁၆ ကွက်အတွက် ကုမ္ပဏီများက အချက်အလက်သုံးစွဲခ ကန်ဒေါ်လာ ၉၅ သိန်းနှင့် မြန်မာအစိုးရက လက်မှတ်ရေးထိုးကြေးအဖြစ် ကန် ဒေါ်လာ ၆၇ ဒသမ ၁ သန်း ရရှိမည် ဖြစ်သည်။ ကမ်းလွန်လုပ်ကွက် ၂၀ အတွက် ကုမ္ပဏီများက အချက်အလက်သုံးစွဲခ အမေရိကန် ဒေါ်လာ ၈ ဒသမ ၈၃ သန်း၊ လက် မှတ် ရေးထိုးကြေးအဖြစ် မြန်မာအစိုးရက အမေရိကန်ဒေါ်လာ ၂၃၃ဒသမ၁ သန်းရရှိမည် ဖြစ်သည်။
7 day

No comments:

Post a Comment