Tuesday, September 1, 2015

ဆူဒန်သမ္မတ ဘာရှီးယား၏ ခရီးစဉ်နှင့် ပတ်သက်၍ တရုတ်ကို အမေရိကန်သတိပေး


ဆူဒန်သမ္မတ အိုမာအယ်လ်ဘာရှီးယားအပေါ် ဒါဖာတွင် ကျူးလွန်ခဲ့သည့် စစ်ရာဇ၀တ်မှုများအတွက် နိုင်ငံတကာ ရာဇ၀တ်တရားရုံး(အိုင်စီစီ)က တရားစွဲဆို ထားသော်လည်း တရုတ်သို့ သွားရောက်ရန် ၄င်းက စီစဉ်ထားမှုနှင့် ပတ်သက်၍ အမေရိကန်က စိုးရိမ်ကြောင်း သြဂုတ် ၃၁က ထုတ်ဖော်ပြောကြားခဲ့သည်။

ဘာရှီးယားသည် ဒုတိယကမ္ဘာစစ်တွင် ဂျပန်တို့အပေါ် စစ်အောင်နိုင်မှုအဖြစ် စက်တင်ဘာ ၃တွင်ပြုလုပ်မည့် အခမ်းအနားများကို တက်ရောက်ရန်နှင့် တရုတ်သမ္မတ ရှီကျင်းပင်းနှင့် တွေ့ရန်အတွက် တရုတ်သို့ သွားရောက်မည်ဟု ဆူဒန်နိုင်ငံခြားရေးဝန်ကြီးဋ္ဌာနက သြဂုတ် ၃၀တွင် ထုတ်ပြန်ခဲ့သည်။

တရားရေးနှင့် ရင်ဆိုင်နေရစဉ် ဘာရှီးယား၏ ခရီးသွားလာမှုကို မထောက်ခံသင့်ဟု အမေရိကန်က ဆက်လက်ယုံကြည်နေသည်ဟု အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဋ္ဌာန ပြောခွင့်ရပုဂ္ဂိုလ် မာ့ခ်တိုနာက သတင်းထောက်များကို ၀ါရှင်တန်တွင် ပြောကြားခဲ့သည်။


"ခင်ဗျားတို့သိတဲ့အတိုင်း သူ့ကို နိုင်ငံတကာရာဇ၀တ်တရားရုံးက စစ်ရာဇ၀တ်မှုတွေ၊ လူသားချင်းစာနာကို ဆန့်ကျင်တဲ့ပြစ်မှုတွေ၊ လူမျိုးတုံးသတ်ဖြတ်မှုတွေနဲ့ တရားစွဲဆိုထားတာပါ။ သူ့အတွက် ဖမ်းဝရမ်းတွေရှိနေပါသေးတယ်။ ဒီလိုပြစ်မှုတွေအတွက် တာဝန်ရှိသူတွေကို အရေးယူဖို့ ကြိုးပမ်းတဲ့ အိုင်စီစီကို ကျွန်တော်တို့ အားကောင်းကောင်းနဲ့ ထောက်ခံပါတယ်"ဟု တိုနာက ပြောသည်။

ယင်းကဲ့သို့ အိုင်စီစီက ၀ရမ်းထုတ်ထားသူများကို ဖိတ်ကြားခြင်း ၊ ခရီးသွားခြင်းကို ထောက်ခံခြင်းတို့ကို ဆန့်ကျင်သည်ဟုလည်း ၄င်းကပြောသည်။

၂၀၀၉ခုနှစ်က စစ်ရာဇ၀တ်မှုများနှင့် လူသားချင်းစာနာမှုကို ချိုးဖောက်ခြင်းတို့အတွက်လည်းကောင်း၊ ၂၀၁၀ပြည့်နှစ်က လူမျိုးတုံးသတ်ဖြတ်မှုများဖြင့် လည်းကောင်း ဘာရှီးယားအား အိုင်စီစီက တရားစွဲထား သည်။ ဘာရှီးယားသည် အိမ်နီးချင်းနိုင်ငံများသို့ မှန်မှန်ခရီးသွားလေ့ရှိသော်လည်း ၄င်းအားဖမ်းဆီးခံရနိုင်သည် ခရီးဝေးသွားခြင်းမှာ လွန်စွာရှားပါးလှသည်။

ဘာရှီးယားသည် ၂၀၁၁က တရုတ်သို့ နောက်ဆုံးသွားခဲ့သည်။ တရုတ်သည် ဆူဒန်၏ ရေနံကဏ္ဍတွင် ကြီးမားသည့် အကျိုးစီးပွားများရှိပြီး ဘာရှီးယား၏ အစိုးရကို ထောက်ခံသူဖြစ်သည်။ တရုတ်နှင့် အမေရိကန်တို့မှာ အိုင်စီစီအဖွဲ့ဝင်အဖြစ်လက်မှတ်ထိုးထားခြင်းမရှိပေ။ သို့သော်လည်း ဒါဖာအမှုကို တရားရုံးသို့ လွှဲသည့် ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ အမြဲတမ်းအဖွဲ့ဝင်နိုင်ငံများဖြစ်သည်။

ဒါဖာပဋိပက္ခသည် ၂၀၀၃ခုနှစ်က ဖြစ်ပွားခဲ့ပြီး ထိုစဉ်က လူမျိုးစုပုန်ကန်သူများက အာရပ်များကြီးစိုးသည့် ခါတွမ်အစိုးရကို ပုန်ကန်ခဲ့ပြီး ၄င်းတို့အား ဘေးဖယ်ထားသည်ဟု ပြောကြားလျက်ရှိသည်။

ဒါဖာပဋိပက္ခကြောင့် လူ ၃၀၀,၀၀၀ခန့်သေဆုံးခဲ့ပြီး လူ ၂ဒသမ၅သန်းခန့် အိုးအိမ်ပစ်ထွက်ပြေးခဲ့ရသည်ဟု ကုလက ထုတ်ပြန်ခဲ့သည်။ ဘာရှီးယား၏ တပ်များသည် အရပ်သားများအပေါ် ကြီးမားကျယ်ပြန့် သည့် ရက်စက်မှုများပြုလုပ်ခဲ့သည်ဟု စွပ်စွဲခံထားရသည်။
mizzima

No comments:

Post a Comment