Sunday, September 20, 2015

သူတို့ပြောတဲ့ ကုန်စိမ်းသည် . . .


အစာကြေတယ်၊ ရင်ချောင်တယ်၊ အပူကင်းတယ်၊ ၀မ်းသွားတယ်၊ ငါးဆယ်....ငါးဆယ်၊ တစ်လုံးငါးဆယ်' ဆိုတဲ့ စကားက လူငယ် အသိုင်းအ၀န်းထဲမှာ နောက်ရင်းပြောင်ရင်း ပြောနေကြသည့် စကားတစ်ခု ဖြစ်လာနေသည်။ နောက်တစ်ခုက 'ကုန်စိမ်းသည်' ဆိုသောစကား၊ အသီးတွေ အရွက်တွေ ရောင်းသည် ဆိုသည့် သဘောကို တင်စား ပြောထားခြင်း ဖြစ်ပေလိမ့်မည်။ သူတို့ပြောသည့် 'ကုန်စိမ်းသည်' က မီးဖိုချောင်တွင် ချက်ပြုတ်စားရသော ဟင်းသီးဟင်းရွက် ရောင်းချသူမျိုး မဟုတ်။
ဆေးခြောက်ရွက် (Cannabis) နှင့် WY စာတမ်းပါ စိတ်ကြွရူးသွပ်ဆေးပြား ရောင်းချသူများကို ခေါ်ခြင်းသာ ဖြစ်သည်။
လူငယ် အသိုက်အ၀န်း ကြားတွင်လည်း ဆေးခြောက်ကို 'အရွက်' ဟုခေါ်၍ WY စာတန်းပါ စိတ်ကြွ ရူးသွပ် မူးယစ်ဆေးဝါးများကိုမူ 'အသီး'၊ 'ကြယ်သီး' အစရှိသဖြင့် ခေါ်ကာ ဈေးနှုန်း အတက်အကျလည်း ရှိသဖြင့် ကုန်စိမ်းသည်ဟု တင်စား ခေါ်ဝေါ်နေကြခြင်းပင် ဖြစ်သည်။

သာမန် ဟင်းချက်စရာ ကုန်စိမ်းများသည် ၀န်ထမ်း လစာတိုးခြင်းနှင့် ကုန်စိမ်းရှားပါးခြင်း တို့အပေါ် မူတည်၍ ဈေးတတ်လာသလို မူးယစ် ကုန်စိမ်းသည်လည်း အဖမ်းအဆီး များပြားမှုနှင့် စီမံချက် ကာလများတွင် ဈေးနှုန်းတက်လေ့ ရှိကြောင်း သုံးစွဲသူ လူငယ်တချို့က ပြောသည်။
''အခုဈေးက တောက်လျှောက်ကို တက်နေတာ။ အရင်က တစ်လုံးကို (၃၅၀၀) ကျပ် လောက်ပဲရှိတာ၊ အခု (၅၀၀၀) ကျပ်ဖြစ်နေပြီ။ အရွက်ဆိုလည်း (၅၀၀၀)၊ (၁၀၀၀၀) ကျပ်ဖိုးဆို ဘာမှမရတော့ဘူး'' ဟု ရန်ကုန်မြို့တွင် နေထိုင်သူ လူငယ်တစ်ဦးက ပြောသည်။
၂၀၁၂ ခုနှစ် နောက်ပိုင်းတွင် မူးယစ် ကုန်စိမ်းသည်များ ပိုမိုများပြားလာပြီး ၎င်းတို့၏ အဓိက ပစ်မှတ်မှာ လူလတ်ပိုင်း များသာမက အထက်တန်းနှင့် တက္ကသိုလ် ကျောင်းသား လူငယ်များအထိ ပါဝင်လာသည်။ ပို၍အံ့သြဖွယ် ကောင်းသည်မှာ ငွေကြေး ချမ်းသာသော အထက်တမ်းလွှာမှ အမျိုးသမီးငယ်များပါ စိတ်ကြွဆေးပြားများကို သုံးစွဲလာခြင်း ဖြစ်သည်။
အသီးလေးခွံ့လိုက်မှ (စိတ်ကြွ ဆေးပြားရှုခြင်း)၊ ဆရာကြီး ပင့်လိုက်မှ (ဆေးခြောက်ရှုခြင်း) လူရာဝင်သည်၊ အထာရှိသည်၊ ခေတ်မီသည် ဆိုသည့် အယူအဆ အလွဲများကလည်း လုငယ်များကြား လွှမ်းမိုးနေသည်။ ထိုသို့ အယူအဆ အမှားများကြောင့် မိမိ၏ အနာဂတ်လမ်းလွဲ ထိခိုက် သွားနိုင်သည်ကို စိုးရိမ်ပူပင်မှု မရှိကြတော့။
မြန်မာနိုင်ငံတွင် ၁၉၇၀ ခုနှစ်၌ ဘိန်းဖြူဟု ခေါ်သော မူးယစ်ဆေးဝါးက ဆိုးဝါးစွာ ပြဿနာပေးမှု စတင်ခဲ့ ပြီး ၁၉၈၈၊ ၁၉၉၀ ခုနှစ် အထိ နိုင်ငံအတွက် အကြီးမားဆုံး အန္တရာယ်မှာ ဘိန်းဖြူပင် ဖြစ်သည်ဟု ထိုခေတ်ကာလများတွင် သတ်မှတ် ထားခဲ့ကြသည်။
၁၉၉၀ ပြည့်နှစ် နောက်ပိုင်း ၂၀၁၀၊ ၂၀၁၁ ခုနှစ်များတွင် တစ်မျိုးတစ်ဖုံ ပြောင်းလဲကာ လူငယ်၊ လူလတ်ပိုင်းများကြားထဲတွင် စိတ်ကြွ ရူးသွပ် မူးယစ်ဆေးပြားကို သုံးစွဲလာခြင်းကြောင့် နိုင်ငံတွင်း ပြဿနာ အများဆုံး ဖြစ်သည့် ဆေးဝါးကိုမူ စိတ်ကြွ မူးယစ်ဆေးဝါးဟု ပြောင်းလဲ သတ်မှတ် လာခဲ့ရသည်။
၂၀၁၂ ခုနှစ် နောက်ပိုင်း လက်ရှိအချိန်ထိ နေ့စဉ် သတင်းစာ၊ စာစောင်များ၌ ဖော်ပြပါ ရှိသော မူးယစ်ဆေးဝါး ဖမ်းဆီးရမိမှုများတွင် ဘိန်းဖြူ ၊ ဘိန်းမည်း၊ ဆေးခြောက်၊ စိတ်ကြွရူးသွပ် ဆေးပြား အစရှိသည့် လူကိုအန္တရာယ် ဖြစ်စေသော မူးယစ်ဆေးဝါးများ အားလုံး ပြန်လည် ပါဝင်လာခဲ့သည်။
''အရင်က ဘိန်းဖြူခေတ်၊ စိတ်ကြွဆေးပြားခေတ်။ အခုခေတ်ကျတော့ အားလုံးရတယ်။ ရတော့ သုံးကြတယ်။ အဲဒီတော့ အခုခေတ်မှာ အားလုံးက ပြဿနာ ဖြစ်နေတာပေါ့။ နောက်မူးယစ် ဥပဒေအရ ပြဋ္ဌာန်းထားတာ မရှိတဲ့ အငွေ့ရူတဲ့ သဘောနဲ့ ကော်ရူကြတယ်။ ဥပဒေ အရတော့ အရေးယူတဲ့ အပိုင်း မရှိသေးဘူး။ သို့သော်လည်း အဲဒီအရာတွေက မသိမသာနဲ့ လူကို ဒုက္ခဖြစ်စေပါတယ်'' ဟု မြန်မာနိုင်ငံ မူးယစ်ဆေးဝါး ဆန့်ကျင်ရေး အသင်း (MANA) မှ အကြီး အကဲတစ်ဦးက ဆိုသည်။
ပြီးခဲ့သည့် လအတွင်း ဖမ်းဆီးရမိသော မင်္ဂလာဒုံမြို့နယ် အတွင်းမှ စိတ်ကြွဆေးပြား အရေအတွက်မှာ (၁၆၇) သိန်းဖြစ်ပြီး တန်ဖိုးငွေကျပ် (၁၃၃ ဒသမ ၅) ဘီလီယံ ရှိခဲ့ခြင်း ကြောင့် မြန်မာနိုင်ငံ သာမက အရှေ့တောင်အာရှ စိတ်ကြွဆေးပြား ဖမ်းဆီးရမိမှု သမိုင်းတွင် စံချိန်အသစ်ပင် တင်ခဲ့သည်။ ထို့အပြင် ရက်ပိုင်း အတွင်း ကလည်း သာကေတမြို့နယ်၌ ပိုင်ရှင်မဲ့ဟု ဆိုကာ စိတ်ကြွရူးသွပ် မူးယစ်ဆေးဝါး အပြား ခြောက်သိန်းကျော်ဖိုး ကိုလည်း ထပ်မံဖမ်းဆီး ရမိခဲ့သည်။
ဖမ်းမိသည့် အရေအတွက် ခပ်စိပ်စိပ်ဖြစ်လာ၍ ကျေနပ်ဖွယ် ရှိသည်ဟု ယေဘုယျ ယူဆနိုင်သော်လည်း မဖမ်းမိဘဲ လွတ်ခဲ့သည့် အကြိမ် အရေအတွက်က မည်မျှပင် ရှိနေမည် ဆိုသည်ကလည်း တွေးဆစရာပင်။ ဤ အချက်ကပင် နိုင်ငံ၏ တရားဥပဒေ စိုးမိုးရေးနှင့် လုံခြုံရေး၏ အားနည်းချက်ကို မီးမောင်း ထိုးပြနေသည်။
ဤရွေ့ ဤမျှသော မူးယစ်ဆေးဝါး ပမာဏ မြောက်မြားစွာကို မြန်မာနိုင်ငံ၏ လုံခြုံရေးအား အကောင်းဆုံးဟု ဆိုနိုင်သော မြို့တော်ရန်ကုန်သို့ သယ်ယူ တင်သွင်းလာနိုင်ခြင်း ကလည်း သက်ဆိုင်ရာ လုံခြုံရေး တာဝန်ရှိသူများ၏ တာဝန် ထမ်းဆောင်မှုနဲ့ အဂတိ လိုက်စားမှုကို မေးခွန်း ထုတ်စရာ ဖြစ်နေပါသည်။
တစ်ချိန်က နိုင်ငံရေးသမားများကို ခဲရာခက်ဆစ် စုံစမ်းထောက်လှမ်း ဖမ်းဆီးနိုင်ခဲ့သော လုံခြုံရေး တာဝန်ရှိသူများ ယခုကဲ့သို့ မူးယစ်ဆေးဝါး ကားစီးလုံးတိုက် သယ်ဆောင်မှုကို မျက်စိ မှောက်သွားခဲ့ခြင်းမှာ ယုံကြည်နိုင်ဖွယ်ပင် မရှိ၊ အစိုးရခြင်း မတူဟု ဆင်ခြေ ပေးနိုင်ပါသည်။ သို့သော် ယခုလက်ရှိ အစိုးရအဖွဲ့၏ အရေးပါသော တာဝန်ရှိသူ အများစုမှာ ယခင်အစိုးရ လက်ထက်ကလည်း တာဝန်ကြီးကြီး မားမားသာ ယူခဲ့ဖူးသူများချည်းပင် ဖြစ်သည်။
''အဓိက လူငယ်ထုဖြစ်တဲ့ ကျောင်းသားနဲ့ လူငယ်တွေကြားထဲမှာ မူးယစ်ဆေးဝါးနဲ့ ပတ်သက်တဲ့ စိတ်ကြွရူးသွပ်ဆေးပြားတွေ ရောက်ရှိနေတယ်လို့ သိရတယ်။ မကြာခင်ကပဲ မူးယစ်ဆေးဝါး အပြား အမြောက်အမြားကို ပိုင်ရှင်မဲ့ ဖမ်းဆီးရမိတယ်လို့ သတင်းစာတွေ စာစောင်တွေထဲမှာ တွေ့ရတယ်။
ဒီပစ္စည်းတွေက ပိုင်ရှင်မရှိဘဲ မိုးပေါ်က ကျမလာဘူး'' ဟု မရမ်းကုန်းမြို့နယ် မူးယစ်ဆေးဝါး ဆန့်ကျင်ရေး အသင်း ဥက္ကဋ္ဌ တရားလွှတ်တော် ရှေ့နေ ဦးခင်ဇော် (မရမ်းကုန်း) က ပြောသည်။
၁၉၉၃ ခုနှစ် ဇန်န၀ါရီလ (၂၇) ရက်နေ့က ထုတ်ပြန် ပြဋ္ဌာန်းခဲ့သော မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေ ပုဒ်မ- (၁၆) တွင် အနည်းဆုံး ထောင်ဒဏ် (၅) နှစ်မှ (၁၀) နှစ်ထိလည်းကောင်း၊ ပုဒ်မ-၁၇ နှင့် ၁၈ တွင် အနည်းဆုံး (၅) နှစ်မှ (၁၀) နှစ် အထိ ချမှတ်နိုင်သည့် အပြင် ငွေဒဏ်ပါ ချမှတ်နိုင်ကြောင်း၊ ပုဒ်မ-၁၉၊ ပုဒ်မ- ၂၀ တွင် အနည်းဆုံး (၁၅) နှစ်မှ ထောင်ဒဏ် နှစ်အကန့်အသတ် မရှိ ချမှတ်နိုင်ကြောင်း ဥပဒေ ကျွမ်းကျင် တရားလွှတ်တော် ရှေ့နေတစ်ဦးက ပြောသည်။
''သာမန် လက်ဝယ်ထားရင်တော့ ပုဒ်မ-၁၆ နဲ့ပေါ့ သုံးစွဲရင် ပုဒ်မ -၁၅ ပေါ့။ လက်ဝယ် ထားရုံတင် မဟုတ်ဘူး။ ရောင်းဖို့ အတွက်ပါ အခုလို ထုနဲ့ထည်နဲ့ ဆိုရင်တော့ သက်ဆိုင်ရာ ပုဒ်မ-၁၉ နဲ့ ပုဒ်မ-၂၀ အတိုင်း ချမှတ်နိုင်တယ်။ ကွဲပြားတာက တကယ် လက်ဝယ်ထားရှိတဲ့ ပမာဏပေါ့။ သုံးစွဲဖို့ ၊ ရောင်းဖို့နောက် မူးယစ်ဆေးဝါး ထုတ်လုပ်တဲ့ ပစ္စည်းမိတာမျိုး အဲဒီပေါ်မှာ ပုဒ်မပြောင်းသွားတာ'' ဟု ၎င်းကဆိုသည်။
မူးယစ်ဆေးဝါးနှင့် ပတ်သက်သော ပညာပေး ဆွေးနွေးပွဲများ ပြုလုပ် နေသော်လည်း လူငယ်များ အနေဖြင့် စိတ်ဝင်စားမှု မရှိသေးကြောင်း၊ ယင်းပညာပေးမှုများမှာ ထိရောက်မှု အားနည်းနေပြီး ပညာပေးမှုများထက် မူးယစ်ဆေးဝါး ဖြန့်ဖြူး ရောင်းချသူများကို ထိရောက်စွာ ဖမ်းဆီး အရေးယူသင့်ကြောင်း မောင်လမြိုင် တက္ကသိုလ် စိတ်ပညာဌာနမှ ပါမောက္ခချုပ်ဒေါက်တာ အောင်မြတ်ကျော်စိန် ကပြောသည်။
''အခုမှုးယစ်ဆေးဝါး ဖမ်းဆီးရမိမှုတွေလည်း နေ့တိုင်းလို တွေ့နေရတယ်။ အဲဒါကြောင့် မှုးယစ်ဆေးဝါး သားကောင် အဖြစ် ကိုယ့်သားသမီးတွေ ပါသွားမှာစိုးလို့ မျက်လုံး ဒေါက်ထောက် ကြည့်နေရတယ်။ သူတို့ရဲ့ အနေအထိုင်က အစပေါ့။ သူတို့ကတော့ ဒါလေးလုပ်တာ ဘာဖြစ်လို့လဲ၊ လွယ်လွယ်လေး တွေးတာပေါ့။ အဲဒီဆေးဝါးရဲ့ နောက်ဆက်တွဲ ဆိုးကျိုးတွေကိုမှ မသိတော့ ခက်တာပေါ့'' ဟု မရမ်းကုန်း မြို့နယ်အတွင်း နေထိုင်သူ ဒေါ်အေးကပြောသည်။
လက်ရှိ မြန်မာနိုင်ငံတွင် မူးယစ်ဆေးဝါး သုံးစွဲမှုကြောင့် စိတ်ရောဂါ အထူးကု ဆေးရုံကြီးသို့ တက်ရောက်မှု ရာခိုင်နှုန်းမှာလည်း တစ်နှစ်ထက် တစ်နှစ် တိုးတက် များပြားလာကြောင်းနှင့်၊ ထိုဆေးရုံ၌ ဆေးကုသမှု ခံယူနေသော လူပုဂ္ဂိုလ်များထဲတွင် သာမန်လူငယ်၊ လူလတ်ပိုင်းများ သာမက အနုပညာရှင်များ၊ စီးပွားရေး လုပ်ငန်းရှင်များလည်း ပါဝင်လာကြောင်း စိတ်ကျန်းမာရေး ဆရာဝန် အသိုင်းအ၀န်းက ဆိုကြသည်။
''စိတ်ကြွဆေး သုံးစွဲတာကနေ ဖြစ်တဲ့ စိတ်ရောဂါက ကြောက်ဖို့ ကောင်းတယ်။ အဲဒီစိတ်ရောဂါက အစွဲအလမ်းကြီးစွာနဲ့ မဟုတ်မမှန် မကောင်းထင်တဲ့ စွဲလမ်းမှုတွေ များတယ်။ အထူးသဖြင့် ကိုယ်နဲ့ အရင်းနှီးဆုံး မိဘ၊ မိန်းမ၊ ချစ်သူ၊ ရည်းစားတွေကိုပိုပြီး မကောင်းထင်တာတွေ ဖြစ်လာပြီးတော့ ရိုက်နှက်တာတွေ၊ နောက်ဆုံး သတ်တဲ့အထိ ကျူးလွန်တတ်တယ်။ ဒါကကြောက်စရာ ကောင်းတဲ့ နောက်ဆက်တွဲ ဆိုးကျိုးတွေပေါ့'' ဟု စိတ်ရောဂါ ဆရာဝန် ဒေါက်တာမောင်မောင်လွင်က ပြောသည်။
မူးယစ်ဆေး၏ အကျိုးဆက်ကြောင့် နိုင်ငံ၏ လူ့စွမ်းအား အရင်းအမြစ်များ ဆုံးရှုံးခြင်းကို ဖြစ်စေနိုင်သည့် အပြင် ဆက်နွယ် သက်ရောက်မှု အဖြစ် လူ့အဖွဲ့အစည်း အတွင်း ရာဇ၀တ်မှု ထူပြောလာခြင်းများလည်း ဖြစ်လာနိုင်သည်။
''ဒီဆေးပြားတွေက ထုတ်လုပ်တဲ့ အပိုင်းမှာလည်း လွယ်သလို ဈေးကွက် ဖြန့်ရတာလည်း လွယ်ပုံရတယ်။ နောက်ပြီး ၀ယ်သူတွေ အနေနဲ့လည်း အကျိုးအမြတ် တော်တော်များများ ရှိပုံရတော့ ရောင်းတဲ့ သူလည်း များလာတာပေါ့။ ဒါကြောင့် လူငယ်တွေက ဒါကိုသုံးပြီး မူးယစ်ဆေးဝါးနဲ့ ဆက်နွယ်တဲ့ ရာဇ၀တ်မှုတွေ ဖြစ်တတ်တာတွေ ရှိနိုင်တယ်လေ။ လူငယ်တွေ အနေနဲ့တော့ ပိုပြီး သတိ ထားသင့်တာပေါ့'' ဟု ဒေါက်တာမောင်မောင်လွင်က ဆိုသည်။
လူငယ် လူရွယ်များ မူးယစ်ဆေးဝါးကို သုံးစွဲမှု များပြားလာခြင်း၏ အကြောင်းအရင်းမှာ ပညာရေးနှင့် အလုပ်အကိုင် အခွင့်အလမ်း ရှားပါးမှု ပြဿနာသည်လည်း အဓိက ပါဝင် ပတ်သက်မှုရှိပြီး လက်ရှိအချိန်ထိ လူငယ်များ အလုပ်လက်မဲ့ ဖြစ်နေသည့် ပြဿနာကို အစိုးရအနေဖြင့် ထိရောက်စွာ အရေးယူ ဖြေရှင်းပေးနိုင်မှု မရှိသေးပေ။
မူးယစ် ကုန်စိမ်းသည်များ၏ အန္တရာယ်ကြောင့် ၎င်းတို့၏ အဓိက ပစ်မှတ်များ ဖြစ်သည့် လူငယ်ထု၏ အနာဂတ်မှာ စိုးရိမ်ဖွယ် ဖြစ်လာနေသည်။
မူးယစ်ဆေးဝါး ထုတ်လုပ် ရောင်းချမှုများနှင့် ပတ်သက်ပြီး ထိရောက်သော အရေးယူ ဆောင်ရွက်နိုင်မှု မရှိပါက နိုင်ငံ၏ကဏ္ဍစုံတွင် ထိခိုက် ဆုံးရှုံးမှုများ ရှိလာနိုင်သည်။ ထို့အပြင် ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်တွင် ပခုံးပြောင်း တာဝန်ယူရမည့် မျိုးဆက်များ၏ အရည်အသွေး မှေးမှိန် ကျဆင်းလာကာ တမျိုးသားလုံး၏ အနာဂတ် ဖွံ့ဖြိုးရေးပါ နှောင့်နှေး ဆုတ်ယုတ်လာမည် ဖြစ်သည်။
သို့ပါ၍ လက်ရှိ အခြေအနေများ၊ ဖြစ်စဉ်များ အပေါ် အခြေခံပြီး မူးယစ်ဆေးဝါး ထုတ်လုပ်၊ ဖြန့်ဖြူး ရောင်းချမှုများကို တာဝန်ရှိသူများ အနေဖြင့် အဂတိ တရားကင်းရှင်းစွာ ပြတ်ပြတ်သားသား အရေးယူ ဆောင်ရွက်ဖို့ လိုအပ်နေပြီ ဖြစ်သည်…။
ရဲကျော်ထက်
.messengerdaily.

No comments:

Post a Comment