Wednesday, September 9, 2015

ရွှေ့ပြောင်းအခြေချ အကျပ်အတည်းသည် နှစ်ပေါင်းများစွာ ကြာနိုင်ကြောင်း ဥရောပသမဂ္ဂ ပြောကြား


 ရွှေ့ပြောင်းအခြေချသူများဆိုင်ရာ အကျပ်အတည်းသည် နှစ်ပေါင်းများစွာ ကြာနိုင်ကြောင်း ဥရောပသမဂ္ဂက သတိပေးခဲ့ပြီး ကုလသမဂ္ဂကလည်း ဒုက္ခသည်များဆိုင်ရာ အကျပ်အတည်းအတွက် ကမ္ဘာနှင့်ချီသော ဖြေရှင်းမှုတစ်ရပ် လိုအပ်ကြောင်း တိုက်တွန်းခဲ့သည်။
ဥရောပသို့ ရွှေ့ပြောင်းအခြေချများ မကြုံစဖူး စုပြုံဝင်ရောက်နေချိန်တွင် ဂျာမနီသည် တစ်နှစ်လျှင် ခိုလှုံသူ ၅၀၀,၀၀၀ ခန့်ကို နှစ်အတန်ကြာ လက်ခံနိုင်မည်ဖြစ်ကြောင်း ဂျာမနီဝန်ကြီးချုပ် အင်ဂျလာမာကယ်၏ လက်ထောက် ဆစ်ဂမာဂါဘရီရယ်က ပြောကြားခဲ့သည်။ သို့သော်လည်း သြစတြီးယား၊ ဆွီဒင်နှင့် ဂျာမနီကဲ့သို့ နိုင်ငံအနည်းစုပေါ်တွင် ဥရောပသမဂ္ဂက ဆက်လက်မှီခိုနေသည်မှာ လက်ခံနိုင်ဖွယ်မရှိကြောင်း ဥရောပ၏ မူဝါဒကိုပြောင်းလဲရန် လိုအပ်နေကြောင်း ဂါဘရီရယ်က ဆိုသည်။

ဂျာမနီသည်ယခုနှစ်တွင် ခိုလှုံခွင့်ရရန်ကြိုးပမ်းသူ ၈၀၀,၀၀၀ ခန့်လက်ခံရန် မျှော်လင့်ထားကြောင်း ယခင်က ပြောကြားထားပြီး ၂၀၁၄ ခုနှစ်ကထက် လေးဆနီးပါးကို လက်ခံမည်ဖြစ်သည်။ အရှေ့အလယ်ပိုင်းနှင့် အာဖရိကတွင် စစ်ပွဲနှင့် ဆင်းရဲမွဲတေမှုမှ လွတ်မြောက်ရန်ကြိုးပမ်းသော ဒုက္ခသည်များကို ဥရောပနိုင်ငံများက မျှမျှတတ ခွဲဝေလက်ခံရမည် ဖြစ်ကြောင်းလည်း ဂါဘရီရယ်က ပြောကြားခဲ့သည်။

တစ်ချိန်တည်းမှာပဲ ဂရိကျွန်းများသို့ ရောက်ရှိလာသော ရွှေ့ပြောင်းအခြေချများ အလွန်အမင်းများပြားလာခဲ့သည်။ ဂရိ၏ လက်စ်ဘော့ကျွန်းတွင် ဒုက္ခသည် ၃၀၀၀၀ကို လက်ခံရန် စခန်းသစ်ကို အာဏာပိုင်များက ဖွင့်လှစ်ပေးခဲ့ပြီး လက်စ်ဘော့ကျွန်းသည် ပေါက်ကွဲလုနီးပါးအခြေအနေသို့ ရောက်ရှိ နေပြီဖြစ်ကြောင်း ဂရိလူဝင်မှုကြီးကြပ်ရေးဝန်ကြီးက ၀န်ခံပြောကြားခဲ့သည်။ ယင်းကျွန်း နှင့် တခြားကျွန်းများတွင် ဒုက္ခသည်လက်ခံရေးလုပ်ငန်းစဉ်အတွက် ဒေါ်လာ ၁၀ ဒသမ ၆ သန်း အရေးတကြီးလိုအပ်ကြောင်း ဂရိက ဥရောပသမဂ္ဂထံ တောင်းဆိုခဲ့သည်။

“မနေ့က လူ ၇၀၀၀ ကို မှတ်ပုံတင်ပေး ခဲ့တယ်။ ဒီနေ့လည်း အဲဒီလောက်ကို မှတ်ပုံတင်ပေးရမယ်လို့ မျှော်လင့်ပါတယ်” ဟု လက်စ်ဘော့မြို့တော်ဝန်က ပြောကြားခဲ့သည်။

ရွှေ့ပြောင်းအခြေချအကျပ်အတည်းသည် အဖွဲ့ဝင် ၂၈ နိုင်ငံရှိသော ဥရောပသမဂ္ဂကို သဘောထားကွဲလွဲစေသည်။ ပြင်သစ်သမ္မတ ဖရန်ဆွာအော်လွန်းက ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံများ အနေဖြင့် အီတလီ၊ ဂရိနှင့် ဟန်ဂေရီမှ ဒုက္ခသည် ၁၂၀,၀၀၀ ကို ခွဲဝေလက်ခံကြရန်လိုလားသည်။

သို့သော်လည်း ဟန်ဂေရီ၊ ချက်၊ ဆလိုဗက်ကီးယား၊ ရိုမေးနီးယားတို့က တရားဝင်ခွဲတမ်းဖြင့် မဖြစ်မနေလက်ခံရခြင်းကို ပယ်ချခဲ့သည်။ ယခုနှစ်အတွင်း ဥရောပသို့ရောက်ရှိလာသော ရွှေ့ပြောင်းအခြေချ ၃၄၀,၀၀၀ ခန့် ရှိပြီဖြစ်သည်။              
Ref:AFP

No comments:

Post a Comment