Wednesday, September 9, 2015

တောင်နှင့်မြောက်ကိုရီးယားတို့ အောက်တိုဘာတွင် မိသားစုများ ပြန်လည်ဆုံစည်းရန် သဘောတူ


တောင်ကိုရီးယားနှင့် မြောက်ကိုရီးယား ကြက်ခြေနီအဖွဲ့များသည် ညလုံးပေါက်ဆွေးနွေးခဲ့ပြီးနောက် ကိုရီးယားစစ်ပွဲကြောင့် ကွဲကွာခဲ့သော မိသားစုများ ပြန်လည်ဆုံစည်းပွဲကို အောက်တိုဘာတွင် ပြုလုပ်ရန် သဘောတူညီခဲ့ကြကြောင်း သိရသည်။ မြောက်ကိုရီးယား အပန်းဖြေတောင်စခန်းမြို့ ကမ်ဂန်တွင်  အောက်တိုဘာ ၂၀ နှင့် ၂၆ ရက်ကြား၌ ကွဲကွာမိသားစုများ ပြန်လည်တွေ့ဆုံပွဲကို ကျင်းပမည်ဖြစ်ကြောင်း တောင်ကိုရီးယား၏ ကိုရီးယားပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာနက စက်တင်ဘာ ၈ ရက်တွင် ပြောကြားခဲ့ သည်။

ငါးနှစ်အတွင်း ဒုတိယအကြိမ်မြောက် ကျင်းပသော ကွဲကွာမိသားစုများ ဆုံစည်းပွဲကို တောင်ကိုရီးယားဘက်က အောက်တိုဘာ ၁၀ ရက်မတိုင်မီ ကျင်းပလိုသည်။ မြောက်ကိုရီးယားသည် အောက်တိုဘာ ၁၀ ရက်တွင် အာဏာရအလုပ်သမားပါတီတည်ထောင်မှု နှစ် (၇၀) ပြည့်အခမ်းအနားကို ကျင်းပမည်ဖြစ်သည်။ မြောက်ကိုရီးယားအစိုးရသည် ဧရာမစစ်ရေးပြပွဲ ကျင်းပရန်စီစဉ်နေပြီး တာဝေးပစ်ဒုံးပျံတစ်စင်း ပစ်လွှတ်ရန် လည်း စီစဉ်နေသည်ဟု ခန့်မှန်းနေကြသည်။
တောင်နှင့်မြောက်ကိုရီးယား ကြက်ခြေနီအဖွဲ့များသည် စက်တင်ဘာ ၇ ရက်တွင်  နယ်စပ်အပစ်အခတ်ရပ်စဲရေး ပန်မွန်ဂျုံရွာ၌ တစ်ညလုံးဆွေးနွေးခဲ့ကြသည်။ တောင်ကိုရီးယားက မိသားစုများ ပြန်လည်ဆုံဆည်းပွဲကို အမြန်ဆုံးကျင်းပရန် တောင်းဆိုခဲ့သော်လည်း မြောက်ကိုရီးယားက အောက်တိုဘာ ၁၀ ရက် အခမ်းအနားများ ပြင်ဆင်ရန်အတွက်ဆွေးနွေးပွဲကို နောက်ကျကျင်းပရန် တောင်းဆိုခဲ့သည်။
တစ်ပတ်ကြာကျင်းပမည့် ယင်းမိသားစုများ ပြန်လည်တွေ့ဆုံပွဲကို တောင်နှင့် မြောက်ကိုရီးယားတို့က တစ်နိုင်ငံလျှင် လူ ၁၀၀ စီ ရွေးချယ်မည်ဖြစ်သည်။ နယ်စပ်တွင်တင်းမာမှုများ လျှော့ချရန်နှင့် စစ်ရေးထိပ် တိုက်တွေ့မှုကို ရှောင်ရှားရန်အတွက် ကိုရီးယားနှစ်နိုင်ငံသည် လွန်ခဲ့သည့်နှစ်ပတ်က သဘောတူညီခဲ့ကြပြီးနောက် ပြန်လည်တွေ့ဆုံပွဲကိုကျင်းပရန် သဘောတူညီခဲ့ကြခြင်း ဖြစ်သည်။ ၁၉၅၀-၁၉၅၃ ကိုရီးယားစစ်ပွဲပြီးနောက်  မိသားစုသန်းပေါင်းများစွာ ကွဲကွာသွားခဲ့ကြပြီး တောင်ကိုရီးယားတွင်ပြန်လည် တွေ့ဆုံရေးအတွက် စောင့်ဆိုင်းနေသူ ၆၆၀၀၀ ခန့် ရှိသည်။ ၎င်းတို့အနက်အများစုသည် အသက် ၈၀ နှင့် ၉၀ အရွယ်များဖြစ်ကြသည်။
၂၀၀၀ ပြည့်နှစ်တွင် တောင်မြောက် သမိုင်းဝင်ထိပ်သီးဆွေးနွေးပွဲ ကျင်းပခဲ့ပြီးနောက် မိသားစုများ ပြန်လည်တွေ့ဆုံရေးအစီအစဉ်ကို ဆောင်ရွက်ရန် သဘောတူညီခဲ့ကြသည်။ အစောပိုင်းတွင် နှစ်စဉ်တွေ့ဆုံ ပွဲကျင်းပရန် မျှော်လင့်ခဲ့ကြပြီး တွေ့ဆုံမည့် မိသားစုအရေအတွက်ကိုလည်း အနည်းငယ်သာ ကန့်သတ်ခဲ့ကြသည်။ သို့သော်လည်း ကိုရီးယားနှစ်နိုင်ငံ ဆက်ဆံရေး တင်းမာမှုများကြောင့် ပြီးခဲ့သည့် ငါးနှစ်အတွင်း မိသားစုများ ပြန်လည်တွေ့ဆုံရေးအစီအစဉ်ကို တစ်ကြိမ်သာ ကျင်းပနိုင်ခဲ့သည်။ ၂၀၁၄ ခုနှစ် ဖေဖော်ဝါရီလက နောက်ဆုံးကျင်းပခဲ့သော တွေ့ဆုံဆွေးနွေးပွဲတွင် ကွန်ပျူတာအသုံးပြုပြီး လူ ၅၀၀ ကို ကျပန်းရွေးခဲ့သည်။
Ref: AFP

No comments:

Post a Comment