Thursday, September 10, 2015

ထိပ်သီးတွေ့ဆုံပွဲပြီးသော်လည်း တစ်နိုင်ငံလုံး အပစ်ရပ်စာချုပ် လက်မှတ်ရေးထိုးမည့်ရက် မသတ်မှတ်နိုင်သေး


- တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးစာချုပ်(NCA)ကို လက်မှတ်
ရေးထိုးနိုင်မည့် လက်နက်ကိုင်အဖွဲ့အရေအတွက်ကိစ္စ ညှိနှိုင်း။
- တပ်မတော်နှင့် မပြေလည်သော လက်နက်ကိုင်
အဖွဲ့သုံးဖွဲ့အတွက် သမ္မတအစီအစဉ်ရေးဆွဲ။
- NCA လက်မှတ်ရေးထိုးမည့်ရက် အတိအကျ မသတ်မှတ်နိုင်သေး။
- စက်တင်ဘာ ၂၉ တွင် လက်မှတ်ရေးထိုးရန် သမ္မတကကမ်းလှမ်း၊
အောက်တိုဘာ ၁၅ တွင် ပြုလုပ်ရန် တိုင်းရင်းသား လက်နက်ကိုင်
အဖွဲ့များ တောင်းဆို။

- အောက်တိုဘာ ပထမပတ်တွင် လက်နက်ကိုင်အဖွဲ့ အချို့နှင့် NCA လက်မှတ်ရေးထိုးနိုင်ရေး အစိုးရ မျှော်လင့်။
--------------------------------------------
တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးစာချုပ် (NCA) အတွက် သမ္မတဦးသိန်းစိန်နှင့် တိုင်းရင်း သားလက်နက်ကိုင်ခေါင်းဆောင် များ စက်တင်ဘာ ၉ ရက်တွင် ထိပ်သီးတွေ့ဆုံညှိနှိုင်းပွဲပြုလုပ်ခဲ့ပြီးနောက် စာချုပ်ကို မည်သည့်အဖွဲ့တို့က မည်သည့်ရက်တွင် လက်မှတ်ရေးထိုးမည်နည်းဆို သည်ကို နှစ်ဖက်အတိအကျ မ ဆုံးဖြတ်နိုင်ကြသေးပေ။ နှစ်ဖက် ကြား ၂ နှစ်ကျော်ကြာသည့်တိုင် သဘောတူညီမှုမရသော မူဝါဒ အချို့ကို ဗုဒ္ဓဟူးနေ့က အကြိတ် အနယ်ဆွေးနွေးခဲ့ကြပြီးနောက် အလျှော့အတင်း ပြုလုပ်နိုင်ခဲ့ကြ သည်ဟု နှစ်ဖက်ကိုယ်စားလှယ် များက သတင်းထောက်များအား ပြောကြားခဲ့သည်။
တပ်မတော်နှင့်တိုက်ပွဲဖြစ် နေခဲ့သော ကိုးကန့်လက်နက်ကိုင် အဖွဲ့(MNDAA)၊ တအာင်န်း လက်နက်ကိုင်အဖွဲ့(TNLA)၊ ရက္ခိုင့်တပ်မတော်(AA)ဆိုသည့် သုံးဖွဲ့ကို NCA တွင် ပါဝင် လက် မှတ်ရေးထိုးခွင့်ပေးမည်ဟု အစိုး ရဘက်က မပြောဘဲ သီးခြားနည်း လမ်းတစ်မျိုးစီဖြင့် ကိုင်တွယ်မည် ဟု ပြောသည်။
‘‘MNDAA ကို သမ္မတက တိုက်ရိုက်ကိုင်တွယ်မယ်လို့ ပြော ပါတယ်’’ဟု တစ်နိုင်ငံလုံးအပစ်အ ခတ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေး အဖွဲ့(NCCT)ဒုခေါင်းဆောင်ဖဒို စောကွယ်ထူးဝင်းက ပြောသည်။
တအာင်န်းလက်နက်ကိုင်
အဖွဲ့ကိုမူ နှစ်ဖက်ဆွေးနွေးပွဲများ၊ နှစ်ဖက်သဘောတူညီချက်များ ရယူမည့် နည်းလမ်းမှတစ်ဆင့် NCA ထဲ ပါဝင်လာနိုင်အောင် ဆောင်ရွက်သွားမည်ဟုဆိုသည်။ ကချင်လွတ်မြောက်ရေးတပ်မ တော်(KIA)နှင့် အပစ်အခတ်ရပ်စဲ ရေးလုပ်လျှင် ယင်းအထဲ၌ ရက္ခိုင့် တပ်မတော်လည်း တစ်ပါတည်း ပါမည်ဟု အစိုးရက ပြောသည်။
အစိုးရက NCA တွင် ပါဝင်လက်မှတ်ရေးထိုးခွင့်မပြုနိုင်ဆိုသော လက်နက်ကိုင်အဖွဲ့ခြောက်ဖွဲ့ရှိရာ ကိုးကန့်၊ တအာင်န်းနှင့် ရက္ခိုင့်အဖွဲ့များအပြင် ‘ဝ’(WNO)၊ လားဟူ (LDU)နှင့် ရခိုင်(ANC)တို့သုံးဖွဲ့လည်း ရှိနေရာ၎င်းတို့ကို နိုင်ငံရေး တွေ့ဆုံဆွေးနွေးပွဲတွင် ပါဝင်ခွင့်ပေးရန်၊ ဆွေးနွေးခွင့်အပြည့်အဝပေးရန် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များဘက်က တောင်းဆိုခဲ့သည်။
NCA ကို လက်နက်ကိုင် ၁၅ ဖွဲ့နှင့်သာ လက်မှတ်ရေးထိုးမည့်မူ အပေါ် အစိုးရက ရပ်တည်နေခဲ့ ပြီး တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များဘက်က အားလုံးပါဝင် ရေးမူကို ၂ နှစ်ကျော်ကြာတိုင် ကိုင်စွဲခဲ့ကြပြီး နောက်တွင် ယင်း မတူညီမှုကို အပြီးသတ်ညှိနှိုင်းနိုင် ရန် နေပြည်တော်၌ စက်တင်ဘာ ၉ ရက်က တွေ့ဆုံခဲ့ကြခြင်း ဖြစ် သည်။ NCA စာချုပ်ကို သက်ဆိုင် သည့် အဖွဲ့အားလုံးပါဝင် လက် မှတ်ရေးထိုးနိုင်ရေးကို ဆွေးနွေး နိုင်ဖို့လိုအပ်ကြောင်း ကေအိုင်အို ဒုဥက္ကဋ္ဌဗိုလ်ချုပ်ကြီး အင်ဘန်လ က တိုက်တွန်း ပြောကြားခဲ့သည်။
‘‘ငြိမ်းချမ်းရေးလုပ်ငန်းစဉ် မှာ နောက်ကြောင်းပြန်ခြင်းမရှိရ အောင် ၀ိုင်းဝန်းလုပ်ဖို့ နှစ်ဖက်စ လုံးမှာ တာဝန်ရှိပါတယ်’’ဟု ဗိုလ်ချုပ်ကြီး အင်ဘန်လက ပြောကြားခဲ့သည်။
ယခင်အစီအစဉ်အရ အစိုးရ ဘက်က သမ္မတ ဦးသိန်းစိန်နှင့်တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ ဦးဆောင်သည့် ထိပ်သီးများနှင့် တိုင်းရင်းသား လက်နက်ကိုင်ခေါင်းဆောင်များ တွေ့ဆုံရန်ဖြစ်သည်။ သို့သော် လက်ရှိအချိန်တွင် တပ်ချုပ်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှာ အစ္စရေးနိုင်ငံသို့ ခရီးသွားနေသည်။ စစ်ရေးပဋိပက္ခရှိ သော အဖွဲ့သုံးဖွဲ့အရေးကို သမ္မတက ၎င်း၏အစီအစဉ်များချပြခဲ့ပြီး စက်တင်ဘာမကုန်မီ NCA ကို လက်မှတ်ရေးထိုးနိုင်ရေးညှိနှိုင်းရန် တိုက်တွန်းခဲ့သော်လည်း တွေ့ဆုံပြီးဆုံးအချိန်ထိ တိကျသော ဆုံးဖြတ်ချက် မချနိုင်ခဲ့ပေ။
‘‘ဒီကနေ့အထိ လက်မှတ် ရေးထိုးမယ်ဆိုတဲ့ကိစ္စကို ဆုံးဖြတ် ချက်ချခြင်း မရှိသေးပါဘူး’’ ဟု တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ များ၏ အဆင့်မြင့်ကိုယ်စားလှယ် အဖွဲ့(SD)ဒုခေါင်းဆောင်ပူးဇင် ကျုံးက ဆွေးနွေးပွဲအပြီးတွင်ပြော သည်။NCA လက်မှတ်ရေးထိုးမည် ဟု ကြေညာခဲ့သော ကေအင်န်ယူဥက္ကဋ္ဌ စောမူတူးစေးဖိုးကမူ ၎င်းတို့အနေဖြင့် နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းဖြင့် ဖြေရှင်းရန် ယခုကဲ့သို့ ဆုံးဖြတ်ခြင်းဖြစ်သည်ဟု ဆိုသည်။
‘‘အကောင်အထည်မဖော် ချင်တဲ့သူ နေခဲ့၊ ဖော်ချင်တဲ့သူ ဆက်သွား’’ ဟု ဗိုလ်ချုပ်ကြီးစောမူ တူးစေးဖိုးကပြောသည်။
‘‘NCA လက်မှတ်ရေးထိုး သည်နှင့် လက်မှတ်ရေးထိုးသော အဖွဲ့များ အနေဖြင့် တစ်ပြိုင် နက်စစ်ရေး၊ နိုင်ငံရေး၊ လူမှုရေး အာမခံချက်များကို ရရှိမည်ဟု အ စိုးရဘက်ကဆိုသည်။ လက်မှတ် မရေးထိုးနိုင်သော ကျန်အဖွဲ့များအတွက် အစီအစဉ်များ တင်ပြ သော်လည်း ၎င်းတို့နှင့်ပတ်သက် ၍ စစ်ရေးအာမခံချက်ခိုင်ခိုင်မာ မာတိတိကျကျ အာမခံကတိပေး ခြင်းမရှိပေ။
ပြီးခဲ့သည့်လတွင် သမ္မတဦး သိန်းစိန်က တိုင်းရင်းသားလက် နက်ကိုင်အဖွဲ့ ၁၅ဖွဲ့ထံ NCAလက် မှတ်ရေးထိုးရန် ကမ်းလှမ်းဖိတ် ကြားစာပို့ခဲ့သည်။ ယင်းအနက် ငါးဖွဲ့က လက်မှတ်ရေးထိုးမည် ဟု တုံ့ပြန်ကြေညာခဲ့ကြသည်။ အစိုးရသည် စက်တင်ဘာ ၉ ရက် ညတွင်လည်း ထို ၁၅ ဖွဲ့အနက် ‘၀’လက်နက်ကိုင်အဖွဲ့ (UWSA) နှင့် နာဂ လက်နက်ကိုင်အဖွဲ့ (NSCN-K)တို့မှလွဲ၍ ကျန်အဖွဲ့များအား နေပြည်တော်ညစာ စားပွဲ သို့ ဖိတ်ခေါ်ခဲ့သည်။ လာမည့် အောက်တိုဘာ ပထမပတ်အ တွင်း လက်နက်ကိုင်အဖွဲ့ ၁၀ ဖွဲ့ ခန့်နှင့် NCA လက်မှတ်ရေးထိုး နိုင်မည်ဟု ယုံကြည်ကြောင်းအစိုး ရဘက်က ဆိုသည်။
လွန်ခဲ့သည့် ၂နှစ်အကြာက တည်းက နှစ်ဖက်ကြားသဘောတူ ညီမှုအရ NCA လက်မှတ်ရေး ထိုးပြီးပါက ရက်ပေါင်း ၆၀ အ တွင်း မူဘောင်ရေးဆွဲ၍ ရက် ပေါင်း ၉၀ အတွင်း အားလုံးပါဝင် သော နိုင်ငံရေးတွေ့ဆုံဆွေးနွေး ပွဲများ ပြုလုပ်ရမည်ဖြစ်သည်။လာမည့် နိုဝင်ဘာတွင်လည်း ရွေး ကောက်ပွဲပြုလုပ်ရန် ရှိနေသည်။
နိုင်ငံရေး တွေ့ဆုံဆွေးနွေးပွဲများပြုလုပ်မည့်အချိန်နှင့် အစိုးရသစ်ရွေးချယ်ရမည့်ကာလတိုက်ဆိုင်နေမှုအပေါ်လည်း ရှင်းရှင်းလင်းလင်း ဆုံးဖြတ်ချက်ချထားမှုကို မတွေ့ရသေးပေ။
----------------------------
သတင်းဓာတ်ပုံများ− ရိုက်တာ၊ အီးပီအေ၊ အေပီ
7 Day Daily

No comments:

Post a Comment