Sunday, September 6, 2015

အခြားဝန်ကြီးဌာနမှ အရာရှိများ ကျန်းမာရေး ဝန်ကြီးဌာနသို့ မခန့်တော့ကြောင်း ထုတ်ပြန်ချက် အတုဟုဆို

ကာကွယ်ရေး ဝန်ကြီးဌာနမှ တပ်မတော်သားအရာရှိများ အပါအဝင် အခြားဝန်ကြီးဌာနမှ အရာရှိများကိုလည်း ကျန်းမာရေး ဝန်ကြီးဌာနသို့ ထပ်မံခန့်ထားခြင်း ပြုလုပ်မည် မဟုတ်ကြောင်း စက်တင်ဘာလ ၄ ရက် သတင်းထုတ်ပြန်ချက်သည် အစစ်အမှန် မဟုတ်ကြောင်း ကျန်းမာရေး ဝန်ကြီးဌာနမှ အဆင့်မြင့် အရာရှိတစ်ဦးက The Voice သို့ ပြောကြားသည်။
“သတင်းထုတ်ပြန်တယ် ဆိုတာ မဟုတ်ပါဘူး။ ဝန်ကြီးဌာနကနေ သတင်းထုတ်ပြန်တာမဟုတ်ပါဘူး။ ခုကိစ္စကိုလည်း တာဝန်ရှိသူတွေဆီ ဆင့်ကဲတင်ပြလိုက်ပါ့မယ်” ဟု ကျန်းမာရေး ဝန်ကြီးဌာန အဆင့်မြင့်အရာရှိက ပြောကြားသည်။
ဆေးဝါးကုသရေးနှင့် တိုက်ရိုက်သက်ဆိုင်မှု မရှိသော စီမံခန့်ခွဲရေး တာဝန်ဝတ္တရားများ ဆောင်ရွက်နိုင်စေရန် ကျန်းမာရေး အသိပညာ အခြေခံရှိထားပြီး ဖြစ်သော ကာကွယ်ရေးဌာနမှ အရာရှိများကို ဖြည့်ဆည်း တာဝန်ပေးခန့်အပ်ခဲ့သော်လည်း အစိုးရအဖွဲ့ အကြံပေးများ၊ ဝန်ကြီးဌာန အကြံပေး၊ သမားတော်ဆရာများ၏ အကြံပေးချက်အရ အခြားမည်သည့် ဝန်ကြီးဌာနမှ အရာရှိများ၊ ဝန်ထမ်းများ ပြောင်းရွှေ့လက်ခံ တာဝန်ပေးတော့မည် မဟုတ်ကြောင်း ယင်းထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။

အဆိုပါ ထုတ်ပြန်ချက်သည် လူမှုကွန်ရက်စာမျက်နှာတွင် ပျံ့နှံ့နေသော ထုတ်ပြန်ချက် အတုသာ ဖြစ်ကြောင်း ကျန်းမာရေး ဝန်ကြီးဌာန၏ အဆင့်မြင့် အရာရှိတစ်ဦးက ဆိုသည်။
ထပ်မံခန့်ထားခြင်းပြုမည် မဟုတ်ကြောင်း တရားဝင်စာဖြင့် အတိအလင်း ထုတ်ပြန်ရန်ကိုမူ ကျန်းမာရေးဝန်ကြီး ဒေါက်တာသန်းအောင်က “မဟုတ်ဘူးလေ။ (စာထုတ်ပြန်ပေးဖို့) အခက်အခဲ မရှိဘူး။ နောက်မခေါ်တော့ဘူးလေ။ ပြီးပြီပေါ့။ မလိုချင် မခေါ်ဘူးပေါ့။ သူတို့မကြိုက် မခေါ်ဘူးလေ” ဟု The Voice ၏ မေးမြန်းမှုကို ဖြေဆိုထားပြီး ဖြစ်သည်။
ထိုသို့ ကျန်းမာရေး ဝန်ကြီးဌာနသို့ တပ်မတော်သား အရာရှိများ ခန့်ထားမှုကြောင့် ဆရာဝန် အသိုင်းအဝိုင်းက ဝိုင်းဝန်းကန့်ကွက်ခဲ့သောကြောင့် ထပ်မံခန့်ထားတော့မည် မဟုတ်ကြောင်း၊ လက်ရှိခန့်ထားသည့် တပ်မတော်သားများကိုမူ ဖယ်ရှား၍ မဖြစ်နိုင်တော့ကြောင်း ကျန်းမာရေးဝန်ကြီး ဒေါက်တာသန်းအောင်က ပြောကြားထားသည်။
အဆိုပါကိစ္စနှင့် ပတ်သက်၍ ကျန်းမာရေး ဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးသက်ခိုင်ဝင်းက တာဝန်ဖြင့် ခရီးထွက်နေသောကြောင့် ထိုသတင်းထုတ်ပြန်ချက်နှင့် ပတ်သက်၍ အတည်မပြုနိုင်သေးဘဲ ကျန်းမာရေးဝန်ကြီး ဒေါက်တာသန်းအောင်ထံ အသိပေးအကြောင်းကြား၍ လာမည့် တနင်္လာရုံးဖွင့်ရက်တွင် အတည်ပြု ဖြေကြားမည် ဖြစ်ကြောင်း The Voice သို့ ပြောကြားသည်။
The Voice Weekly

No comments:

Post a Comment