Monday, October 12, 2015

တူရကီတွင် ငြိမ်းချမ်းစွာ စီတန်းဆန္ဒပြသူများ အသေခံ ဗုံးခွဲတိုက်ခိုက်ခံရ၊ လူ ၁၀၀ ခန့် သေဆုံး

တူရကီနိုင်ငံ အန်ကာရာမြို့တော်တွင် ယမန်နေ့က ဖြစ်ပေါ်ခဲ့သော ဗုံးပေါက်ကွဲမှုကြောင့် လူပေါင်း ၁၀၀ ခန့် သေဆုံးခဲ့ရသည့် ဖြစ်ရပ်အတွက် သုံးရက်တာမျှ နိုင်ငံတော်အဆင့် လွမ်းဆွတ်အောက်မေ့ဖွယ် အထိမ်းအမှတ် ပြုလုပ်သွားမည်ဟု အာဏာပိုင်များက ပြောကြားကြောင်း BBC သတင်းဌာနက ရေးသားဖော်ပြသည်။ 

အန်ကာရာမြို့တော်၌ ပြုလုပ်သည့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည် ဆန္ဒပြမှုသည် ကာ့ဒ်ခွဲထွက်ရေး PKK စစ်သွေးကြွများနှင့် တူရကီအစိုးရအကြား တိုက်ခိုက်မှုများ ရပ်ဆိုင်းရေးအတွက် တောင်းဆိုခဲ့ကြခြင်း ဖြစ်ပြီး ယင်းသို့ စီတန်းလှည့်လည်နေစဉ် အသေခံ ဗုံးခွဲတိုက်ခိုက်ခံရခြင်း ဖြစ်သည်။ 


ဗုံးပေါက်ကွဲမှုကြောင့် လူ ၁၀၀ ခန့် သေဆုံးပြီး ၂၄၅ ဦး ဒဏ်ရာရရှိသွားကြောင်း၊ ယင်းအနက် ၄၈ ဦးမှာ အခြေအနေ ဆိုးရွားလျက်ရှိကြောင်း တူရကီ အာဏာပိုင်များက ဆိုသည်။ 

တူရကီအခြေစိုက် ရုပ်သံသတင်းဌာနများ၏ ထုတ်လွှင့်ချက်တွင် ဗုံးပေါက်ကွဲမှု ဖြစ်ပေါ်ပြီးနောက် လမ်းမပေါ်တွင် ဒဏ်ရာရသူများနှင့်သေဆုံးသူများ လဲကျနေသည်ကို တွေ့မြင်ရသည်။ 

တူရကီအစိုးရက အဆိုပါ ဗုံးပေါက်ကွဲမှုကို အကြမ်းဖက်လုပ်ရပ် တစ်ခု ဖြစ်သည်ဟု ပြစ်တင်ရှုတ်ချပြီး အစိုးရကြောင့် ယခုလို ဖြစ်ရသည်ဟူသည့် စွပ်စွဲချက်များကို ဒေါသတကြီး ပယ်ချလိုက်သည်။ 

အမေရိကန်သမ္မတ အိုဘားမားက ဗုံးပေါက်ကွဲမှု ဖြစ်ပွားပြီးနောက် ညပိုင်းတွင် တူရကီသမ္မတ တေယစ်အာဒိုဂန်ထံသို့ တယ်လီဖုန်းဖြင့် ဆက်သွယ်ကာ ထိခိုက်သေဆုံး ဒဏ်ရာရရှိသွားသူများ အတွက် အလွန်အမင်း ဝမ်းနည်းကြေကွဲရပါကြောင်း ပြောကြားသည်ဟု အိမ်ဖြူတော်က သတင်းထုတ်ပြန်သည်။ 

အသေခံ ဗုံးပေါက်ကွဲမှုမှာ အန်ကာရာမြို့ ဗဟိုဘူတာရုံကြီး အနီးတွင် ဖြစ်ပေါ်ခဲ့ခြင်းဖြစ်ပြီး ထိုနေရာတွင် လက်ဝဲအုပ်စုများ ဦးဆောင်သည့် လူအုပ်ကြီးက ချီတက်လမ်းလျှောက်ရန် စုဝေးနေစဉ် ပေါက်ကွဲခဲ့ခြင်း ဖြစ်သည်။ 

မျက်မြင်သက်သေများ၏ အဆိုအရ ဗုံးပေါက်ကွဲသွားသည်နှင့် တစ်ပြိုင်နက်တည်း ထိခိုက်ဒဏ်ရာ မရရှိသော လူအုပ်ကြီးသည် ရဲတပ်ဖွဲ့ရှိရာသို့ ဒေါသတကြီး ချီတက်ခဲ့ရာ တူရကီရဲက မျက်ရည်ယိုဗုံးများဖြင့် လူစုခွဲနှိမ်နင်းခဲ့ကြောင်း၊ ဒဏ်ရာရရှိသူများအတွက် အရေးပေါ် လူနာတင်ယာဉ်များလည်း အလျင်အမြန် ရောက်ရှိလာနိုင်ခြင်း မရှိကြောင်း သိရသည်။ 

တူရကီဝန်ကြီးချုပ် အာမက်ဒါဗူတိုဂလူက အသေခံဗုံးခွဲသူ နှစ်ဦးက ယင်းသို့ တိုက်ခိုက်မှု ပြုလုပ်ခဲ့ခြင်းဖြစ်သည် ဟူသော အထောက်အထားများ ရရှိထားသည်ဟု ပြောကြားသည်။ 

ကာ့ဒ်လူမျိုးစုများကို လိုလားသည့် HDP ပါတီဝင်များလည်း အဆိုပါ ငြိမ်းချမ်းစွာ စီတန်းလှည့်လည် ဆန္ဒပြပွဲတွင် ပါဝင်ခဲ့ပြီး ယင်းပါတီခေါင်းဆောင် ဆာလာတင်ဒီမီတာစ်က တိုက်ခိုက်မှုနှင့် ပတ်သက်၍ အစိုးရကို ပြစ်တင်ရှုတ်ချလိုက်သည်။ 

တူရကီအစိုးရသည် လူသတ်သမားများဖြင့် ဖွဲ့စည်းထားသော အုပ်စုဖြစ်ပြီး သွေးစွန်းသောလုပ်ရပ်များ လုပ်ဆောင်ခဲ့သည်ဟု ၎င်းက စွပ်စွဲပြောဆိုသည်။

The Voice Weekly

No comments:

Post a Comment