Friday, October 30, 2015

ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း ၀င်ရောက်ယှဉ်ပြိုင်မည့် ရှားတောမြို့တွင် မိဘပြည်သူအပေါင်းသို့ဟု ခေါင်းစဉ်တပ်ထားပြီး အဖွဲ့အစည်းအမည် ဖော်ပြမထားသော မဲဆွယ်လှုံ့ဆော် စာရွက်များ မြို့အနှံ့ ကပ်ထားသည်ကို တွေ့ရ

ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း ၀င်ရောက်ယှဉ်ပြိုင်မည့် ရှားတောမြို့တွင် မိဘပြည်သူအပေါင်းသို့ဟု ခေါင်းစဉ်တပ်ထားပြီး အဖွဲ့အစည်းအမည် ရိုက်နှိပ်ထားခြင်း မရှိသော မဲဆွယ်လှုံ့ဆော် စာရွက်များအား မြို့အနှံ့ ကပ်ထားသည်ကို တွေ့ရှိရကြောင်း နိုင်ငံရေးပါတီများနှင့် ဒေသခံများထံမှ သိရသည်။


“ဒီစာရွက်တွေလား။ တွေ့တယ်။ ဖတ်ကြည့်တော့ ဘယ်လိုပါတီ ဘယ်လိုလူမျိုးကို မဲထည့်ပါဆိုတာ ရေးထားတယ်။ အဖွဲ့နာမည်တော့ မတွေ့ဘူး။ အိမ်ခြံစည်းရိုးတွေ၊ သစ်ပင်တွေ၊ ဆိုင်နံရံတွေမှာ ကပ်ထားတာ တွေ့ရတယ်။ ကပ်တဲ့လူက မုန့်ဖိုးရလို့ ကပ်တာလို့ ပြောတယ်။ ရှမ်းပိုင်းက ကလေးပါ” ဟု ဒေသခံ ရှမ်းပိုင်းရပ်ကွက်နေသူ အမျိုးသမီးတစ်ဦးက ဆိုသည်။

ထို့ပြင် ထိုမဲဆွယ် စာရွက်များကို အောက်တိုဘာ ၂၅ ရက်တွင် မွေတော်ကျောင်း၌ ပြုလုပ်သော မဘသတရားပွဲမှ ရရှိလာသော စာရွက်နှင့် တူကြောင်းကို မြို့ခံများထံမှ သိရသည်။

“တရားပွဲတော့ တစ်ချက်သွားနားထောင် ဖြစ်တယ်ဗျ။ ဘုန်းကြီးက တော်တော်အဟော အပြောကောင်းတယ်။ သူပြောတာများ ညက်နေတာပဲ။ မျိုးစောင့်ဥပဒေ အကြောင်းကို အဓိက ဟောသွားတယ်။ ဒီဥပဒေဟာ ရခိုင်က သေဆုံးသွားတဲ့ မသီတာထွေး ၀ိညာဉ်နဲ့ ရေးဆွဲခဲ့တာလို့ ဟောတယ်။ ပရိသတ်ကတော့ ၅၀ လောက်ရှိမယ်။ ဒီပွဲက အပြန်တော့ လူတွေက ဒေါ်စုကို မဲထည့်ရင် ကုလားတိုင်းပြည် ဖြစ်မယ်ဆိုတာ ဟုတ်လားလို့ ကျွန်တော့်ကို လာမေးတယ်။ ဒေါ်စုကို တိုက်ခိုက်တဲ့ သဘောပါ။ ဒီလိုလုပ်တာကို အာဏာပိုင်တွေ ခွင့်ပြုတာတော့ မကောင်းပါဘူး။ နောက် အောက်တိုဘာ ၂၇ ရက်လောက် ကျတော့ မြို့ထဲမှာ မိဘပြည်သူအပေါင်းသို့ ဆိုတဲ့ စာရွက်တွေ ကပ်ထားတာ တွေ့ရတာပဲ” ဟု ကယားလူမျိုးစု ဒီမိုကရေစီပါတီမှ ပါတီဝင်တစ်ဦးက ပြောကြားသည်။

ရှားတောမြို့သည် လွိုင်ကော်မြို့နှင့် မိုင် ၄၀ ခန့်သာ ကွာဝေးသော်လည်း ဖွံ့ဖြိုးမှု နောက်ကျသောကြောင့် ဌာနေတိုင်းရင်းသား ဒေသခံများမှာ စာသင်ကြားခဲ့ခြင်း မရှိဘဲ သက်ကြီးပိုင်းများမှာ ဗမာစကား မတတ်ခြင်း သက်လတ်ပိုင်း များမှာလည်း ဗမာစကား အားနည်းခြင်းများ ရှိနေသည့်မြို့ ဖြစ်ကြောင်း သိရသည်။

“မဘသကလုပ်တဲ့ တရားပွဲပြီးသွားတဲ့ အခါကျတော့ ကျွန်မတို့ NLD က မဲပညာပေး လုပ်ရမယ့်အစား ပြန်ရှင်းပြနေရတာ လုပ်နေရတယ်။ ကုလားတိုင်းပြည် ဖြစ်မယ်ဆိုတာ မဟုတ်ကြောင်းကိုပေါ့။ ဒီဒေသခံတွေဟာ တော်တော့ကို ရိုးလွန်းပါတယ်။ ကျွန်မတို့ တိုင်းရင်းသားတွေ ထပ်အလိမ် မခံရအောင် စိတ်ဖွံ့ဖြိုး တိုးတက်အောင် ကျွန်မတို့ ၀င်ရောက် ရွေးချယ်ခံတာပါ။ ရိုးသားတဲ့ သူတွေကိုတော့ ထပ်မလိမ်ကြဖို့ တောင်းဆိုချင်ပါတယ်” ဟု ရှားတော NLD ကိုယ်စားလှယ်လောင်း ဒေါ်ဝင့်ဝါထွန်းက ပြောကြားသည် ။

ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း ၀င်ရောက်ယှဉ်ပြိုင်မည့် ရှားတောမြို့နယ်သည် အောက်တိုဘာ ၂၀ ရက် မြို့နယ် ရွေးကောက်ပွဲ ကော်မရှင်ရုံး စာရင်းအရ မဲပေးခွင့်ရှိသူ ၄၂၈၂ ဦးသာရှိပြီး ပြည်ထဲရေးဌာနအောက်ရှိ ရွာ ၂၀ နှင့် ရွာပျက် နှစ်ရွာရှိပြီး ရှေးကယားလူမျိုး အများဆုံး နေထိုင်ကာ တောင်ယာလုပ်ငန်းဖြင့်သာ လုပ်ကိုင်စားသောက် နေထိုင်သည့် သူများဖြစ်ကြောင်း သိရသည်။         


Writer: 
မခိုင် (လွိုင်ကော်)

Eleven Media

No comments:

Post a Comment