Wednesday, October 14, 2015

မူးမြစ်ရေမြင့်တက်လာ၍ မြစ်ကမ်းတစ်လျှောက် ကျေးရွာများရှိ လူတစ်သောင်းကျော် ရေဘေးသင့်


စစ်ကိုင်းတိုင်းဒေသကြီး အတွင်း အောက်တိုဘာလဆန်း က မိုးသည်းထန်စွာ ရွာသွန်းခဲ့ ခြင်းကြောင့် မူးမြစ်ရေမြင့်တက် လာကာ အရာတော်နှင့် ၀က်လက်မြို့နယ်အတွင်း မူးမြစ်ကမ်းဘေး ကျေးရွာများတွင် အောက်တိုဘာ ၁၁ ရက်မှစ၍ ရေများတစ်ကျော့ ပြန်ဝင်ရောက်ခဲ့သဖြင့် ဒေသခံတစ်သောင်းကျော် ရေဘေးဒုက္ခခံနေရကြောင်း သတင်းရရှိသည်။ရွှေဘိုခရိုင် ၀က်လက်မြို့ နယ်အတွင်း မူးမြစ်ရေမြင့်တက်မှု ကြောင့် လှကွေ၊ ကျောက်ကုန်း၊ သရက်ချို၊ မင်းကန်၊ သမရိုး၊ တည်တောအပါအ၀င် ကျေးရွာပေါင်း ၂၁ ရွာမှ အိမ်ခြေနှစ်ထောင်ကျော်အတွင်း ရေများဝင်ရောက်နေ၍ လူဦးရေ ၉,၀၀၀ ကျော် ရေဘေး အခက်ကြုံတွေ့ခဲ့ရကြောင်း စစ် ကိုင်းတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှတ် တမ်းများအရ သိရသည်။မုံရွာခရိုင် အရာတော်မြို့ နယ်အတွင်း မူးမြစ်ရေမြင့်တက်မှု ကြောင့် ကူးတို့ကိုင်း၊ ပေါက်ပင် ဆိပ်၊ ဆင်တလည်၊ အောင်သာ၊ လက်ပံသာစသည့် ကျေးရွာများ အတွင်းသို့ ရေ၀င်ရောက်လာ၍လူဦးရေ နှစ်ထောင်ကျော်ရေဘေးကြုံတွေ့ခဲ့ရသည်။

‘‘အရင်ရေတုန်းကတော့ တစ်လလောက်ရေ၀င်လို့ ရေဘေးဒုက္ခရောက်ခဲ့ရတယ်။ အခုလည်း ရေက ပြန်ဝင်နေတာ။ အရင်ရေ တော့ မမီသေးဘူးဆိုပေမယ့် ရေ က ဆက်တက်နေတုန်းရှိသေး တယ်။ ရွာထဲမှာ အနိမ့်ပိုင်းဆို ရေကငါးပေကျော်လောက်ထိရှိတယ်။ အမြင့်ပိုင်းကတော့ ဒူးဆစ်လောက်ဆိုတော့ သုံးပေလောက် တော့ ရှိမယ်’’ဟု အရာတော်မြို့ နယ် ပေါက်ပင်ဆိပ်ကျေးရွာဒေသခံ ကိုမိုးကျော်က ပြောသည်။

မူးမြစ်ရေမြင့်တက်မှုကြောင့် အောက်တိုဘာ ၁၂ ရက် နံနက် က အရာတော်မြို့နယ် ဇရစ်ကျေး ရွာအနီး မုံရွာ-အရာတော်-ရွှေ ဘိုဖြတ်လမ်းတွင် ရေများလျှံတက်ခဲ့သည့်နောက်ပိုင်း မုံရွာ-ရွှေဘို နှင့် မုံရွာ-မိုးကုတ်လိုင်းများ သွားလာခွင့်မပြုဘဲ ယာယီတားမြစ်ထားခဲ့သည်။

‘‘မနေ့ကတည်းက (အောက်တိုဘာ ၁၂ ရက်) မူးမြစ်ရေကြောင့်ဇရစ်စိုက်ကွင်း၊ ဒုံဒစ်စိုက်ကွင်း တွေမှာ စပါးစိုက်ခင်း ဧကသုံးရာ ကျော် ရေနစ်မြုပ်သွားပြီ။ မူးမြစ် ကမ်းတစ်လျှောက်က စိုက်ပျိုးရေး လုပ်ငန်းတွေကလည်း အရင်ရေ ကျသွားလို့ ပြန်လည်စိုက်ပျိုးပြီးချိန်မှ ဒီရေကထပ်ဝင်တော့ စိုက်ပျိုး ရေးလုပ်ငန်းတွေ အနည်းနဲ့အများ တော့ ဆုံးရှုံးနိုင်ပါတယ်’’ဟု အရာ တော်မြို့နယ် ဇရစ်ကျေးရွာဒေသခံ တောင်သူတစ်ဦးက ပြောသည်။
7 day

No comments:

Post a Comment