Saturday, October 10, 2015

ဖားကန့်၊ မိုင်းရှူးနှင့် မိုးကုတ်ဒေသများတွင် ရက်ပေါင်း ၁၈၀ ထက်မနည်း နေထိုင်သူများ မဲဆန္ဒရှင်စာရင်း တင်သွင်းရာတွင် အခက်တွေ့နေ

ဖားကန့်၊ မိုင်းရှူးနှင့် မိုးကုတ်ဒေသတို့တွင် ရက်ပေါင်း ၁၈၀ ထက်မနည်း နေထိုင်နေ သည့် ရွှေ့ပြောင်းလုပ်သားများ မဲဆန္ဒရှင်စာရင်း တင်သွင်းရန် အခက်အခဲများ ကြုံတွေ့နေရကြောင်း သတင်းရရှိသည်။

ယင်းဒေသတွင် လာရောက် လုပ်ကိုင်သူများသည် ရွေးကောက်ပွဲ ကော်မရှင်က ပြဋ္ဌာန်းထားသည့် ဥပဒေပါ အချက်အတိုင်း ပုံစံ-၃(က) ဖြည့်စွက်၍ ရပ်ကွက်(သို့မဟုတ်) ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးထံ ထောက်ခံချက် တောင်းခံသော်လည်း အုပ်ချုပ်ရေးမှူးများက ပေးရန်ပျက်ကွက် သဖြင့် အခက်အခဲကြုံနေရခြင်း ဖြစ်သည်။


ရွှေ့ပြောင်း လုပ်သားများ ကိုယ်တိုင် လာရောက်လျှောက် ထားခြင်း မဟုတ်ဘဲ အရပ်ဘက် လူမှုရေးအဖွဲ့အစည်းများကတစ် ဆင့် အချက်အလက်များ ယူ၍ ထောက်ခံချက် တောင်းခြင်းကို သက်ဆိုင်ရာ ရပ်ကွက်၊ ကျေးရွာ အုပ်ချုပ်ရေးမှူးများက ငြင်းပယ်  ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

‘‘ကျွန်တော်တို့က လူပေါင်း ခုနစ်ရာ၊ ရှစ်ရာလောက်ကို သက် ဆိုင်ရာ ရပ်ကွက်၊ ကျေးရွာကို ခေါ်လာဖို့ မလွယ်ဘူးလေ။ သူတို့ က ရွာမှာ။ မြို့မှာနေကြတာ မဟုတ်ဘူး။ အလုပ်ခွင်တွေမှာ နေကြတာ။ အဲဒါကြောင့် ကြားကနေ အချက်အလက်တွေ ယူပြီး လုပ်ပေးတာပါ။ အုပ်ချုပ်ရေးမှူးတွေက လူကိုယ်တိုင်လာမှ ဖြစ်မယ်လို့ပြောတယ်။ လုံးဝ လက်မခံဘူး။ ရွှေ့ပြောင်းလုပ်သားတွေ ရှိတဲ့နေရာမှာ အဲဒီအခက်အခဲ ဖြစ်နေတယ်’’ဟု တစ်နိုင်ငံလုံးအတိုင်းအတာအနေဖြင့် မဲဆန္ဒစာရင်းစောင့်ကြည့်လေ့လာနေသူ ကိုဇာနည်စိန်ဝင်းက ပြောသည်။

အသက် (၁၈) နှစ်ပြည့်ပြီး ရွေးကောက်ပွဲ ဥပဒေပါ နိုင်ငံ သား၊ ဧည့်နိုင်ငံသား၊ နိုင်ငံသားပြုခွင့်ရသူများနှင့် ယာယီသက်သေခံလက်မှတ်ကိုင်ဆောင်ထား သည့် မည်သူမဆို မဲပေးခွင့်ရှိ သည့်ဟု ရွေးကောက်ပွဲကော်မရှင် က ပြဋ္ဌာန်းထားသည်။

အနည်းဆုံး ရက်ပေါင်း ၁၈၀ ထက်မနည်း မဲဆန္ဒနယ် ပြင်ပရောက်ရှိနေသူများသည် မိမိတို့ ရောက်ရှိနေသည့် ဒေသတွင် မဲပေးလိုပါက ၀န်ထမ်းနှင့် အလုပ်သမားဖြစ်ပါက လုပ်ငန်း တာဝန်ခံထောက်ခံချက်နှင့် အလုပ်ရှင်ထောက်ခံချက် ရပ်ကွက်၊ ကျေးရွာ၊ အုပ်ချုပ်ရေးမှူး ထောက်ခံချက်ဖြင့် ပုံစံ-၃(က) လျှောက်ထားနိုင်သည်ဟု ရွေးကောက်ပွဲကော်မရှင်က ပြဋ္ဌာန်းထားသည်။

‘‘ရပ်ကွက်၊ ကျေးရွာ ထောက်ခံချက်ယူတဲ့အခါ တစ်ဦးချင်း လာလုပ်ရမယ်။ ကြားခံ မလုပ်ပေးရဘူးလို့ မပြဋ္ဌာန်းထားဘူး။ ရက်လည်း အရမ်းကပ်နေပြီ။ တကယ်လို့ မပေးဘူးဆိုရင် ရွှေ့ပြောင်းလုပ်သားတွေရဲ့ ဆန္ဒမဲတွေ ဆုံးရှုံးနိုင်တယ်’’ ဟု ကိုဇာ နည်စိန်ဝင်းက ပြောသည်။  

ရက်ပေါင်း ၁၈၀ ထက်မနည်း နေထိုင်သူများသည့် ရွှေ့ပြောင်းသွားလာသူများကို ပုံစံ-၃(က)ဖြည့်စွက်ခြင်း အောက်တိုဘာ ၁၀ ရက် နောက်ဆုံးထား၍ ဆောင်ရွက်ကြရန် ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ထားသည်။


7 Day Daily

No comments:

Post a Comment