Thursday, October 29, 2015

အမေရိကန် စစ်တပ်သုံး လေသင်္ဘောတစ်စီး ထိန်းချုပ်မှု လွတ်သွား၍ အရှုပ်အထွေးများ ဖြစ်ပေါ်

အမေရိကန် စစ်ဘက်သုံး လေသင်္ဘောတစ်စီး  ထိန်းချုပ်မှု လွတ်သွားခဲ့သည့်နောက် မေရီလန်းနှင့် ပင်ဆယ်လ်ဗေးနီးယားတို့တွင် အရှုပ်အထွေးများ ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

ဒုံးကျည် တိုက်ခိုက်မှုများကို ကြိုတင် ထောက်လှမ်းနိုင်စေရန် တီထွင်ထားသည့် အဆင့်မြင့် နည်းပညာသုံး မောင်းသူမဲ့ လေသင်္ဘောသည် အထိန်းအကွပ်မဲ့ မျောလွင့်သွားပြီးနောက် ဓာတ်ကြိုးများနှင့် ချိတ်မိ၍ အိမ်ခြေ ထောင်ပေါင်းများစွာ လျှပ်စစ်မီး ပြတ်တောက်မှုများ ဖြစ်ပေါ်ခဲ့သည်။


ဘာလ်တီမိုးမြို့ အရှေ့မြောက်ဘက် မိုင် ၄၀ အကွာရှိ အမေရိကန် စစ်စခန်း တစ်ခုမှ လွတ်ထွက်လာသည့် ၂၄၂ ပေ အရှည်ရှိ ကိုယ်ထည်အပျော့စား လေသင်္ဘောကြီးက အရပ်ဘက် လေကြောင်းပျံသန်းရေး ဇုန်များအတွင်း ဝင်ရောက်နိုင်သည့် အရေးကြောင့် အမေရိကန် စစ်တပ်၏ F-16 တိုက်လေယာဉ် နှစ်စီးလည်း ချက်ချင်းပျံတက်ကာ အခြေအနေကို လိုက်ပါ စောင့်ကြည့်ခဲ့ရသည်။

ပင်တဂွန် စစ်ဌာနချုပ်က အဘယ်ကြောင့် အဆိုပါ လေသင်္ဘောကြီး ထိန်းချုပ်မှု လွတ်ထွက်သွားသည်ကို မသိရသေးဟု ဆိုသည်။ အောက်တိုဘာ ၂၈ ရက် ဖြစ်စဉ်တွင် လေသင်္ဘောကို ဘေးကင်းကင်းဖြင့် မြေပေါ်သို့ ပြန်လည် သယ်ယူနိုင်ရန် စစ်ဘက် ကျွမ်းကျင် ပညာရှင်များက နာရီပေါင်း အတော်များများ ရုန်းကန် ကြိုးစားပြီးမှ အောင်မြင်မှု ရရှိခဲ့သည်။

ဒုံးကျည် ထောက်လှမ်းရေး ကဏ္ဍအတွက် အမေရိကန် စစ်တပ်က ဒေါ်လာ ၂.၈ ဘီလီယံ အကုန်အကျခံ အသုံးပြုထားသည့် ပရောဂျက် တစ်ခု၏ အစိတ်အပိုင်းဖြစ်သော အဆိုပါ လေဘောလုံးကြီးကို ပင်ဆယ်လ်ဗေးနီးယားရှိ လူသူကင်းရှင်းသော တောပိုင်း နေရာတစ်ခုပေါ် ကျဆင်းအောင် ထိန်းချုပ် ဆောင်ရွက်နိုင်ခဲ့သည်။

လေသင်္ဘောကြီး ကျဆင်းလာချိန်တွင် ပင်ဆယ်လ်ဗေးနီးယား ရဲတပ်ဖွဲ့နှင့် အမေရိကန် စစ်တပ်တို့ ပူးပေါင်းကာ ပတ်ဝန်းကျင် ဧရိယာများကို လုံခြုံရေး ဇုန်နေရာအဖြစ် တားဆီး သတ်မှတ်ခဲ့သည်။

လေသင်္ဘောကြီး အထိန်းအကွပ်မဲ့ ပျံသန်းသွားရာ လမ်းတလျှောက်တွင် ထိခိုက်မှုများ၊ လူအများ အံ့ဩထိတ်လန့်မှုများ ဖြစ်ပေါ်ခဲ့ကြောင်း အာဏာပိုင်များက ဆိုသည်။ လေသင်္ဘောနှင့် ငြိမိခဲ့သည့် ဓာတ်ကြိုးများကြောင့် ပင်ဆယ်လ်ဗေးနီးယား ဒေသခံ သုံးသောင်းကျော်မျှ လျှပ်စစ်မီး ပြတ်တောက်မှုနှင့် ကြုံခဲ့ရသည်။

လူမှုကွန်ရက် ဝက်ဘ်ဆိုက်များတွင် #Blimpflood၊ #Blimpmemes အစရှိသည့် Hashtagများ အသုံးပြုပြီး လေသင်္ဘောကြီးအကြောင်း လွှင့်တင်ထားသည့် ရေးသားမှု အများအပြား ထွက်ပေါ်လာသည်။ အမေရိကန် စစ်တပ်အတွက်မူ စစ်ဘက်နည်းပညာ တစ်ခုအပေါ် လူပေါင်းများစွာ စိတ်ဝင်စားလာခြင်းမှာ ဝမ်းသာစရာ အခြေအနေ မဟုတ်ချေ။

အမေရိကန် စစ်ဘက်က အဆိုပါ လေသင်္ဘောကို ခရုစ်ဒုံးကျည်များ၊ မောင်းသူမဲ့ လေယာဉ်များ၏ ပျံသန်းမှုနှင့် မြေပြင်ရေပြင်တွင် ရွေ့လျားနေသည့် တင့်ကားများ၊ လှေများကို ထောက်လှမ်း ခြေရာခံရာတွင် အသုံးပြုကြောင်း ပြောကြားထားသည်။

Ref: Reuters

No comments:

Post a Comment