Monday, October 26, 2015

အစ္စရေး-အာရပ်တစ်ဦး လေတံခွန်ဖြင့် နယ်စပ်စည်းရိုးကို ကျော်ဖြတ်ကာ အိုင်အက်စ်တို့ထံ ပူးပေါင်းသွား

ဆီးရီးယားနှင့် နယ်စပ်စည်းရိုးအနီး လုံခြုံရေး စောင့်ကြပ်နေသည့် အစ္စရေးတပ်ဖွဲ့များ။
အစ္စရေးနိုင်ငံမှ အာရပ်တစ်ဦးက လေတံခွန်တစ်ခုကို အသုံးပြုကာ ဆီးရီးယားသို့ ပျံသန်းပြီး အစ္စလာမ်မစ် နိုင်ငံတော် (အိုင်အက်စ်) စစ်သွေးကြွများနှင့် ပူးပေါင်းရန် ကြိုးပမ်းခဲ့ကြောင်း သတင်းရရှိသည်။

ပြီးခဲ့သည့် သီတင်းပတ်ကုန်က အသက် ၂၃ နှစ်အရွယ်ရှိသူ အမျိုးသားတစ်ဦးသည် ဆီးရီးယားဘက်ခြမ်းသို့ အောင်မြင်စွာ ရောက်ရှိသွားခဲ့ကြောင်း အစ္စရေး ကာကွယ်ရေး ဝန်ကြီးဌာနက အတည်ပြုခဲ့သည်။ အစ္စရေးရှိ အာရပ်အနွယ်များ အဓိက နေထိုင်ရာ ဂျယ်ဂျူလီယာ ကျေးရွာတွင် နေထိုင်သည့် အဆိုပါ အမျိုးသားသည့် နှစ်နိုင်ငံ နယ်ခြားတွင် တားဆီးထားသည့် သံစည်းရိုးများကို လေတံခွန် အကူအညီဖြင့် ကျော်ဖြတ်ကာ ဒါရား ဒေသဘက် ဆင်းသက်သွားခဲ့ခြင်း ဖြစ်သည်။

အဆိုပါ ဖြစ်ရပ်က အစ္စရေးအတွက် လုံခြုံရေးဆိုင်ရာ ခြိမ်းခြောက်မှု တစ်ရပ်လည်း ဖြစ်လာသည်။ အစ္စရေးသည် ဆီးရီးယားနှင့် နယ်စပ်တလျှောက်တွင် နည်းပညာ အဆင့်မြင့် တံတိုင်းတစ်ခု ကာကွယ်ထားသလို ဝေဟင်ပိုင်နက် လုံခြုံရေးကိုလည်း အထူး ဂရုပြု စောင့်ကြည့်နေသည့်တိုင် စက်မဲ့ လေယာဉ်ငယ်သဖွယ် ဖြစ်နေသည့် လေတံခွန်တစ်ခုဖြင့် ယခုလို နယ်စပ်ဖြတ်ကျော်မှု ပေါ်ပေါက်လာခြင်း ဖြစ်သည်။

အစ္စရေးအနေဖြင့် ဆီးရီးယား သမ္မတ ဘာရှာအယ်လ် အာဆက်ဒ်ကို ထောက်ပံ့ကူညီ တိုက်ခိုက်နေသည့် လက်ဘနွန် စစ်သွေးကြွအဖွဲ့ ဟစ်ဇ်ဘိုလာ ပြောက်ကျားများကို ဆီးရီးယား ပိုင်နက်တွင် ဝင်ရောက် ဗုံးကြဲလေ့ရှိရာ ယခုနည်းလမ်းဖြင့် ဟစ်ဇ်ဘိုလာတို့ အစ္စရေး ပိုင်နက်ထဲ ဝင်ရောက်လာမည်ကို စိုးရိမ်စရာ ဖြစ်လာသည်။ အစ္စရေး အာဏာပိုင်များက အဆိုပါ အာရပ်နွယ်ဖွား အစ္စရေး နိုင်ငံသားသည် စည်းရိုးကို လေတံခွန်ဖြင့် ကျော်ဖြတ်ရန် အချိန်ယူ စီစဉ်ခဲ့သည်ဟု ယူဆရပြီး ယခုဖြစ်ရပ်ကို လုံခြုံရေး တာဝန်ရှိသူများက စုံစမ်းနေကြောင်း ပြောကြားခဲ့သည်။ ၎င်း၏ အမည်ကိုမူ ထုတ်ပြန်ခြင်း မရှိချေ။

အစ္စရေး ဝန်ကြီးချုပ် ဘင်ယာမင် နေတန်ညာဟုက “အစ္စရေး နိုင်ငံသား တစ်ဦးဟာ နယ်ခြားကို ဖြတ်ကျော်ပြီး ဂိုလန် ကုန်းမြင့်ကနေတစ်ဆင့် ရန်သူတပ်ဖွဲ့နဲ့ ပူးပေါင်းဝင်ရောက်သွားတယ်လို့ သတင်းရထားပါတယ်။ ကျွန်တော်တို့ သူ့ရဲ့ နိုင်ငံသား ဖြစ်ပိုင်ခွင့်ကို ချက်ချင်း ရုပ်သိမ်းလိုက်ပါတယ်”ဟု သတင်းထောက်များထံ အတည်ပြု ပြောကြားသွားသည်။

_Ref: Independent

No comments:

Post a Comment